စစ်အာဏာသိမ်းပြီးနောက်မှာ အစိုးရဌာနတွေက လုပ်ငန်း လိုင်စင်လုပ်ဖို့ကို ပိုမိုကြပ်မတ်လာပြီး တရားဝင် အခွန်အခ တွေအပြင် လာဘ်ငွေအဆမတန် တောင်းခံတာတွေပါ လုပ်ဆောင်နေတာကြောင့်တစ်နိုင်တပိုင်လုပ်ငန်းလုပ်ကိုင်သူတွေအခက်တွေ့နေပါတယ်။
အခွန်တိမ်းရှောင်နေသူတွေကို ထောင်ဒဏ်ချမှတ်နိုင်တဲ့ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင်အရေးယူမယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာအစိုးရဝန်ထမ်းတွေကအခုလို လုပ်ငန်းဆိုင်ရာ အခွန်အခ ကောက်ခံတာပိုမို တင်းကြပ်လာတဲ့ အပြင် အပိုငွေကြေး လာဘ်ငွေတောင်းခံတာတွေကပိုမိုဆိုးရွားလာတာဖြစ်ပြီး မပေးတဲ့သူတွေကိုနည်းလမ်းမျိုးစုံနဲ့အခက်တွေ့အောင်လုပ်နေတယ်လို့သိရပါတယ်။
"ဌာနက လူကဖုန်းဆက်လာတယ်။ တရားဝင်ကဘယ်လောက်သွင်းရမယ်ပေါ့။နောက်သူတို့အတွက်သိန်းချီပေးရမယ်လို့ထုတ်တောင်းတယ်။တကယ်ဆိုဆိုင်ကိုကွင်းဆင်းပြီး စစ်တုန်းကလည်းလမ်းစရိတ်စီစဉ်ပေးဆိုတောင်းတယ်။အခုလည်းထပ်တောင်းနေတာခပ်တည်တည်ပဲ။ပြောမယ်ဆိုလိုင်စင်ကြေးထက်သူတို့ကိုအပိုပေးရတာကပိုများတယ်"လို့တရားဝင်လိုင်စင်ရရှိဖို့စောင့်စားနေသူတစ်ဦးကပြောပါတယ်။
လာဘ်ငွေတောင်းခံတဲ့ ဝန်ထမ်းတွေကို ပေးရန်ငြင်းဆန်ပါက လုပ်ငန်းနှောင့်နှေးအောင်လုပ်တာတွေအပြင် တရားမ၀င်လုပ်ငန်းအဖြစ် သတ်မှတ်ခံရနိုင်တဲ့အထိ ခြိမ်းခြောက်တာတွေလုပ်ဆောင်နေတာလို့ အသေးစား လုပ်ငန်း လုပ်ကိုင်သူတွေကပြောပါတယ်။
လက်ရှိမှာတစ်နိုင်တပိုင်အရောင်းဆိုင်ဖွင့်လှစ်သူတိုင်းကိုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ စီမံဌာနကကလုပ်ငန်းလိုင်စင်လုပ်ဖို့ကြပ်မတ်မှုတွေလုပ်ဆောင်နေတာဖြစ်ပြီး ဝန်ထမ်းတွေအနေနဲ့ အပိုကြေးငွေတောင်းခံတာတွေလည်းလုပ်ဆောင်နေတာဖြစ်ပါတယ်။
"စည်ပင်လိုင်စင်လုပ်တုန်းကလည်းအပိုပိုက်ဆံပေးရတာပဲ။လုပ်ငန်းကမစရသေးဘူး။အမြတ်တော်ခွန်ဆောင်ရတယ်။နောက်ဌာနဆိုင်ရာထောက်ခံချက်တွေရဖို့လည်းပေးရတယ်။စည်ပင်လိုင်စင်ရပြီးတော့ကျန်းမာရေးတို့၊ အမှိုက်ခွန်တို့ကထပ်တောင်းတယ်။ဒီကာလကြီးလိုင်စင်လုပ်ချင်လွန်းလို့မဟုတ်ဘူး။မလုပ်ရင်သူတို့ကလာဖို့စာထုတ်တယ်။သုံးကြိမ်ပြည့်ရင်ဆိုင်ပိတ်ရတယ်ဆိုလို့မဖြစ်မနေတွေလုပ်ရတယ်"လို့ရန်ကုန်မြို့က အသေးစား ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။
လက်ရှိမှာတရားဝင်လုပ်ငန်းလိုင်စင် မလုပ်နိုင်သူတွေကညှိနှိုင်းတာတွေလုပ်ဆောင်ပြီး အပိုင်တာဝန်ခံကိုနှစ်စဉ်ကြေးပေးရတာ၊ လမ်းဘေးကွမ်းယာဆိုင်ကစ လို့ကုန်စုံဆိုင်နဲ့အထည်ဆိုင်စတာတွေကိုကျပ်ထောင်ဂဏန်းလစဉ်ကြေးကောက်တာတွေလုပ်ဆောင်နေပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာစစ်ကောင်စီဟာအခွန်အခရရှိရေးကိုနည်းလမ်းမျိုးစုံနဲ့လုပ်ဆောင်နေတာဖြစ်ပြီး ဝန်ထမ်းတွေကလည်းအပိုငွေကြေးတောင်းခံတာကိုတရားဝင်လုပ်ပိုင်ခွင့်လိုလုပ်ဆောင်နေတာဖြစ်လို့ ပြည်တွင်း နေထိုင်သူတွေ အခက်တွေ့နေရပါတယ်။
ဓါတ်ပုံ -MOI
Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews
#MyanmarLabourNews