NEWS

ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ် စစ်မေးမှုအား Jiashihao(Myanmar) စက်ရုံတာဝန်ရှိများက လိမ်လည်ပြော ခိုင်း

CoverLogo
852 Views

စက်ရုံကိုလာရောက် စစ်ဆေးမေးမြန်းတဲ့ ကုန်အမှတ်တံဆိပ်ကိုယ်စားလှယ်တွေကို Jiashihao(Myanmar) စက်ရုံ က တာဝန်ရှိတွေက လိမ်လည်ပြော ခိုင်းခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ် ။ 

ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ်တွေက အချိန်ပိုခေါ်ယူမှုအခြေအနေ၊ ဟာဝါဒီ (Hourly) အခြေအနေ နဲ့ စက်ရုံအတွင်း ပန်ကာဖွင့် မဖွင့် အခြေအနေတွေကို အဓိကထား မေးမြန်းခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။

“ ကုန်အမှတ်တံဆိပ်ကိုယ်စားလှယ်(audit)တွေ လာစစ်တာနဲ့ မန်နေဂျာတွေ HR တွေက နောက်ကနေ လိုက်လာ တယ်။ တလိုင်းကို တယောက် မေးတာ။ HR တွေက ကြိုသင်ပေးထားတဲ့အတိုင်း လိမ်ပြီး ဖြေရတယ် ။ ဟာဝါဒီ ၃၀၀ လောက် တောင်းတာကို ၆၀ လောက်ပဲ တောင်းတယ်လို့ လိမ်ဖြေခိုင်းတာ ။ အချိန်ပိုလည်း သိပ်မခေါ်ဘူးပေါ့ ၊ မခေါ်ရင် ဒီလောက် အထည်တွေ ထွက်မလား ။ လုပ်ငန်းခွင်ထဲ ပန်ကာဖွင့် ပေးမပေး အဲလိုတွေမေးတယ်။ အဖြေ ကတော့ သင်ထားတဲ့အတိုင်း မဟုတ်တာတွေ ဖြေရတာပေါ့ ” လို့  စက်ရုံမှာ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်သမား တဦးက ပြောပါတယ်။ 

Jiashihao(Myanmar) စက်ရုံမှာ လက်ရှိ အချိန်ပိုနေ့စဉ် ၃ နာရီခေါ်ယူနေပြီး စနေနေ့တွေမှာတော့ ည ၆ နာရီ ခွဲအထိ ၊  တခါတရံမှာ ည ၈ နာရီအထိ လုပ်ကိုင်ရတယ်လို့ အလုပ်သမားတွေက ပြောကြားတာကြောင့် တပတ် အချိန်ပို စုစုပေါင်း နာရီ ၂၀ ကျော် လုပ်ကိုင်နေရတယ်လို အလုပ်သမားတွေက ပြောပါတယ်။ 

ဒါ့အပြင် နေ့လည် နားချိန်ကစပြီး အချိန်ပိုပြီးဆုံးလို့ အလုပ်ဆင်းချိန် အထိ ၇နာရီ ဆက် လုပ်ကိုင်နေရတယ်လို့လည်း သိရပါတယ်။

“ အချိန်ပိုဆင်းရတာများတော့ လူလည်းပင်ပန်းတယ်၊ စိတ်လည်း ပင်ပန်းတယ်။ ဖျားတာနာတာလည်း ခဏခဏ ဖြစ်တယ်။ အချိန်ပိုခေါ်မယ်ဆိုရင် ကြိုပြောတာမရှိဘူး။ ဆင်းချင်လား မဆင်းချင်လား မမေးဘူး။ လက်မှတ် အတင်းထိုးခိုင်းသွားတာပဲ။ ပင်ပန်းလို့ မဆင်းချင်ဘူး ပြောမိရင်တော့ ။ လိုင်းစူပါတွေ၊ အောချုပ် က ဆဲတယ်၊ ပြောဆိုတယ်။ အလုပ်မလာနဲ့တော့တို့၊ နောက်တခါ အိုတီမဆင်းနဲ့တော့လို့ အလုပ်ရှင် ကိုယ်တိုင်က မိုက်တလုံးနဲ့ စက်ရုံထဲမှာ လိုက်အော်ပြီး ပြောတာ” လို့ စက်ရုံအလုပ်သမားတွေက ပြောဆိုပါတယ်။

အခုလို အချိန်ပို လုပ်ကိုင်နေရတာ  ၃ လကျော် ရှိနေပြီး တချို့ စနေနေ့တွေမှာဆို အောလင်း အောနိုက် လုပ်ကိုင် ပေးရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် အစိုးရ ထောက်ပံ့ကြေး ကျပ် တထောင် တိုးပေးပြီး နောက်ပိုင်း စက်ရုံဘက်က ကျွမ်းကျင်ကြေးတွေ တဝတ်နီးပါး လျှော့ချလိုက်တာကြောင့် အလုပ်သမား တဦး စီရဲ့ဝင်ငွေဟာ ၃၀ ရာခိုင်းနှုန်းဝန်းကျင် လျော့နည်းသွားတာကို အလုပ်သမားတွေရဲ့ လစာဖြတ်ပိုင်းတွေမှာ တွေ့ရ ပါတယ်။  

“နယ်ကိုလည်း မပြန်နိုင်ဘူး၊ ဒီမှာလည်း ကုန်ဈေးနှုန်းတွေမြင့်နေတာ။ ၄၈၀၀ ရတုန်းက တော်ပါသေးတယ်။ အခု ထောက်ပံ့ကြေးဆိုတာကြီ ရမှ လစာက တော်တော်နည်းရနေတာ ။ စားရတာလည်း မဝဘူး။ ထောက်ပံ့ တာတွေ လည်း မလုပ်နိုင်တော့ဘူး” လို့  Jiashihao(Myanmar) ရဲ့ အလုပ်သမားတဦးက ပြောပါတယ်။ 

စက်ရုံအတွင်း အထည်အရေအတွက်(Hourly) တောင်းရာမှာလည်း အာဏာမသိမ်းမီကထက် နှစ်ဆ နီးပါး များပြားလာပြီး အလုပ်သမားတယောက် ချုပ်လုပ်နိုင်စွမ်းထက် ကျော်လွန်နေပြီလို့လည်း အလုပ်သမား တဦး ပြောပါတယ်။ 

“ စက်ရုံစဖွင့်တဲ့ ၂၀၁၉ နှစ်တုန်းက ဟာဝါဒီတောင်းတာ ၂၅ ထည် ၃၀ ပဲ၊ ဒါက ဂျင်ကင်လို့ ပွိုင့်ကြီးတွေပါ။ အခု အဲလိုမျိုးကို အခု အထည် ၆၀ လောက်တောင်းတာ ။ အဲလိုတွေ ချုပ်ပေးနေရတာ ၊ နှစ်ဖက်မျှတတဲ့ အထည်အရည် အတွက်မျိုးပဲ ချုပ်ချင်တာပါ။ ပင်ပန်းတာက အရမ်းကို ဖြစ်နေတာ။ နေမကောင်း ဖြစ်တာများလာတယ်။ လုပ်သက်ခွင့်တွေ လိုချင်တယ်၊ နားချင်တယ် ။” လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

စက်ရုံဘက်က ဆေးခွင့်အမျိုးအစား တမျိုးတည်းသာခွင့်ပြုထားပြီး အဲဒီအတွက် ရက်မှန်ကြေး၊ ဒေးကြေး ကျွမ်းကျင် ကြေးတွေကို ဖြတ်တောက်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် အချိန်ပိုဆင်းနေစဉ် မီးစက်ပျက်ပါက အဲ့ဒီအချိန်ပိုအတွက် ငွေကြေးမရဘဲ အလုပ်ပြီးစီးရေးအတွက် နောက်တနေ့ ရက်စား ပြန်ဆင်း ရတယ်လို့လည်း အလုပ်သမားတွေက ပြောကြားပါတယ်။ 

“စက်ရုံမှာ ပန်ကာကို မနက်တပိုင်းပဲ ဖွင့်တယ်။ နေ့လယ် ၁ နာရီလောက်အထိပေါ့ ။ ဒါကို ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ် လာစစ်ရင် ပန်ကာ တနေကုန်ဖွင့်ပါတယ်လို့ စက်ရုံတာဝန်ရှိသူတွေက ဖြေခိုင်းတာ။ အမှန်က မီးစက်မောင်းရတယ်ဆိုပြီး ပန်ကာတွေ မဖွင့်ပေးတာ ။ အလုပ်သမားတွေမှာ ဟာဝါဒီလည်း မြင့်ပြီး အတောင်းခံ ရတယ်။ အပူရှိန်မြင့်နေတဲ့ကြားက စံချိန်ပြည့်အောင် ချုပ်နေရတာ “ လို့ အလုပ်သမားတွေက ပြောကြားပါတယ်။  

အချိန်ပိုတွေကို ဥပဒေပါအတိုင်း ဆောင်ရွက်ပေးဖို့၊ မျှတတဲ့ အထည်ကို တောင်းခံဖို့ ၊ ခွင့်တွေပေးဖို့ နဲ့ ကောင်းမွန် တဲ့ လုပ်ငန်းခွင့်ဖြစ်ဖို့ လိုလားတယ်လို့ Jiashihao(Myanmar) အထည်ချုပ်စက်ရုံ အလုပ်သမားတွေက ပြောကြား ပါတယ်။ 

Jiashihao(Myanmar) Co.,Ltd အထည်ချုပ်စက်ရုံကတော့ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ စက်မူဇုန်(၁) ခရေလမ်းမှာ တရုတ်အမျိုးသမီးတဦးက အုပ်ချုပ်နေပြီး လုပ်သား ၂၀၀၀ လောက်နဲ့ H&M တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။ WCC အဖွဲ့ကိုတော့ ဟန်ပြ ဖွဲ့စည်း ထားပြီး အလုပ်သမားတွေရဲ့ အခက်အခဲကိုတော့ ဖြေရှင်းနိုင်တဲ့ အဖွဲ့ဝင်တွေလည်း မရှိဘူးလို့ ပြောကြား ထားပါတယ်။


Related posts

Cover
အချိန်ပိုအလွန်အကျွံခေါ်ယူခိုင်းစေမှု အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန ဖြေရှင်းမပေး
Sep 19, 2024
Cover
Myanmar SHIN WON GARMENT အလုပ်သမားတွေ အချိန်ပိုအလွန်အကျွံခိုင်းစေခံနေရ
Sep 16, 2024
Cover
ရွှေပြည်သာ ထန်းခြောက်ပင် ဂိတ်က ကယ်ရီလုပ်ကိုင်သူတွေကို စစ်သင်တန်းတက်ရန်ဖိအားပေးနေ
Sep 16, 2024
Cover
စားအုန်းဆီ စာအုပ်နဲ့ခွဲတမ်းထုတ်ယူရန် စက်ရုံလုပ်သားများအတွက် အခက်အခဲရှိနေ
Sep 16, 2024
Cover
ထောက်ပံ့ကြေး ကျပ် ၁၀၀၀ တိုးပေးရန် MYANMAR BAG စက်ရုံငြင်းဆို
Sep 15, 2024
Cover
အချိန်ပိုအလွန်အကျွံလုပ်ကိုင်ရပေမဲ့ မလောက်ငှလို့ အလုပ်ရပ်ဆန္ဒပြစဉ် ခြိမ်းခြောက်ဖြိုခွင်းခံရ
Sep 12, 2024
Cover
တနင်္ဂနွေပိတ်ရက် အချိန်ပို မဆင်းပါက ပါးရိုက်မယ်လို့ခြိမ်းခြောက်ဖိအားပေးဟုဆို
Sep 12, 2024
Cover
Lian Fa (Myanmar) အထည်ချုပ်စက်ရုံ ဝန်ကြီးဌာနသတ်မှတ်သည့် ထောက်ပံ့ကြေး မပေး
Sep 12, 2024