ယခုတလော လူမှုကွန်ယက်စာမျက်နှာတွေပေါ်က စက်ရုံအလုပ်ရုံတွေရဲ့ အလုပ်ခေါ်စာတွေ အလုပ်သမားတွေကြား ပျံနှံ့နေပါတယ်။
ပုံမှန်အားဖြင့်တော့ ဝန်ထမ်းခေါ်စာပဲမို့မထူးဆန်းပါ။ သို့သော် ဝန်းထမ်းခေါ်စာမှာ ပူးတွဲပါရှိနေတဲ့တစ်ရက်လုပ်အားခမှာ တရား၀င်သတ်မှတ်ထားတဲ့ ၄၈၀၀ ထက်ပိုပေးထားတာက ထူးဆန်းစရာဖြစ်လို့နေပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အနိမ့်ဆုံးလုပ်ခလစာတိုးပေးဖို့ အရဲစွန့်တောင်းဆိုမှုတွေကို မြန်မာပေါင်ချိန်စက်ရုံက အလုပ်သမားသမဂ္ဂအဖွဲ့က ပထမဆုံးအကြိမ် တောင်းဆိုခဲ့ပြီး အခြားစက်ရုံအလုပ်သမားတွေလည်း တောင်းဆိုမှုပြု လုပ်ခဲ့ကြပါတယ်။
လုပ်ငန်းရှင်တွေရဲ့တုံ့ပြန်မှုကတော့ လက်ရှိအာဏာသိမ်းထားတဲ့စစ်အစိုးရဆီမှာတောင်းဖို့နဲ့ အာဏာသိမ်းအစိုးရကတရား၀င်သတ်မှတ် ပေးမှသာ အခကြေးငွေတိုးမြှင့်ပေးနိုင်မယ်လို့ တုံ့ပြန်တာတွေရှိခဲ့ပါတယ်။ ဒါတင်မကသေးဘဲ အခကြေးငွေတိုးတောင်းလို့ အမည်ပျက်စာရင်းသွင်းမှုတွေ၊ အလုပ်ထုတ်ခံရမှုတွေ၊ ဖမ်းဆီးခံရမှုတွေနဲ့ စစ်တပ်ခေါ်ခြိမ်းခြောက်မှုတွေကိုလည်း အလုပ်သမားထုကြုံတွေ့ခဲ့ကြရပါတယ်။
အခက်အခဲများစွာ အသက်အန္တရာယ်များကြားက အနိမ့်ဆုံးလုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆိုမှုကို သက်ဆိုင်ရာတာ၀န်ရှိသူတွေအပါအ၀င် လုပ်ငန်းရှင်တွေဘက်က လစ်လျူရှုထားခဲ့ကြပြီး ၂၀၂၄ ခုနှစ် သင်္ကြန်ကာလ နောက်ပိုင်းအရောက်မှာသာ ဒေးကြေးကို မူလ ၄၈၀၀ မဟုတ်တော့ဘဲ ထောက်ပံ့ကြေး ၁၀၀၀ ထပ်ထည့်ထားတဲ့ ဒေးကြေး ၅၈၀၀ကျပ်၊ ၆၅၀၀ကျပ်၊ ၆၈၀၀ကျပ်၊ ၇၂၀၀ကျပ်၊ ၇၅၀၀ ကျပ် စသဖြင့်ဒေးကြေးတွေတိုးပေးပြီး အလုပ်သမားခေါ်ယူတာတွေကိုတွေ့ရှိလာရ တာဟာ ယခင်အချိန်တွေကတည်းက တိုးမြှင့်ပေးနိုင်ပေမဲ့ အလုပ်သမားတွေရဲ့တောင်းဆိုမှုတွေကိုလစ် လျူရှုခဲ့ပြီး အလုပ်ရှင်တွေရဲ့ ဆန္ဒသဘောအရသာ ၄၈၀၀ နဲ့သာပေးလာခဲ့ကြတယ်ဆိုတာ သိသိသာသာပေါ်လွင် လာတာပဲဖြစ်ပါတယ်။
လက်ရှိပြည်တွင်းမှာတော့ ရွှေဈေးအနေနဲ့ သိန်း ၅၀ ဝန်းကျင်ရောက်ရှိနေသလို ဒေါ်လာဈေးကလည်း ၄၀၀၀ ပတ်ချာလည်မှာရှိနေပါတယ်။
အခြေခံပြည်သူတွေစားသုံးနေတဲ့ကုန်ဈေးနှုန်းတွေအရကတော့ ဆန်တစ်ပြည်လျှင် ၅၀၀၀ အထက်ဖြစ်နေသလို စားဆီတစ်ပိဿာ ၁၄၀၀၀၊ ကြက်သွန်နီ တပိဿာ ၃၀၀၀၊ ကြက်ဥတစ်လုံး ၃၅၀ မှ ၄၀၀၊ ဘဲဥတစ်လုံး ၄၀၀ မှ ၄၅၀၊ ချဉ်ပေါင်ရွက်တစ်စီး ၃၀၀၊ ဆူးပုတ်ရွတ်တစ်စီး ၅၀၀ မှ ၇၀၀၊ ပဲသီးတစ္စီး ၇၀၀၊ ပြောင်းဖူးတစ်ဖူးလျင် ၈၀၀ မှ ၁၀၀၀ ကျပ် ခရမ်းချဉ်သီးတစ်ပိဿာ ၅၀၀၀ ဂေါ်ဖီထုတ် ၂၅၀၀ မှ ၅၀၀၀ အစရှိတဲ့ အခြေခံစားသောက်ကုန်ဈေးတွေ အဆမတန်ဈေးမြင့်တက်နေတာကြောင့် ကျပ် ၂၀၀၀၀ ပတ်ချာလည်ရောက်ရှိနေတဲ့ အသားဈေးနှုန်းတွေကို အခြေခံလုပ်သားတွေဟာ လက်လှမ်းမမီတဲ့အနေအထားကိုရောက်ရှိသွားပါတယ်။
ဒီလိုမျိုးကုန်ဈေးနှုန်းတွေအဆမတန်မြင့်တက်နေတဲ့ အခြေအနေမျိုးမှာ ၂၀၁၈ ခုနှစ်ကတည်းက သတ်မှတ်ပြဌာန်းလိုက်တဲ့ တစ်နေ့လျှင်အနိမ့်ဆုံး လုပ်ခလကျပ်၄၈၀၀ကို ပြင်ဆင်သတ်မှတ်ပေးဖို့ တိုးမြှင့်ပေးဖို့ တောင်းပန်နေရမဲ့အနေအထားမဟုတ်ဘဲ အလုပ်ရှင်တွေအနေနဲ့သာမဟုတ်ဘဲ လူမှုရေး ရှု့ထောင့်အနေနဲ့ပါ တိုးမြှင့်ပေးရမဲ့ အခြေအနေကိုရောက်ရှိလို့နေတာဖြစ်ပါတယ်။
လက်ရှိမှာလည်းဒေးကြေးတိုးမြှင့်ပေးပြီး ခေါ်ယူနေတဲ့ လုပ်ငန်းခွင်တွေကို ကြည့်ခြင်းအားဖြင့် လုပ်ငန်းရှင်တွေအနေနဲ့ ဒေးကြေးတိုးမြှင့်ပေးနိုင်တဲ့ အခြေအနေရှိနေလို့သာ ယခုလိုဒေးကြေးဖော်ပြခေါ် ယူနေကြတာဖြစ်လို့ အခြားသော လုပ်ငန်းခွင်တွေမှာလည်း အခြေခံလုပ်ခတိုးမြှင့်ပေးဖို့ လိုအပ်နေပြီဖြစ်ပါတယ်။
လက်ရှိမှာ လုပ်ခလစာ လုပ်ခတိုးမြှင့်ပေးနေတဲ့ လုပ်ငန်းတွေမှာ အနည်းငယ်မျှသာဖြစ်ပြီး စက်ရုံအများစုမှာ ၄၈၀၀ ကျပ်နဲ့စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ချွေးသိပ်သတ်မှတ်ပေးထားတဲ့ထောက်ပံ့ကြေးကျပ်တစ်ထောင် စုစုပေါင်း တစ်နေ့လုပ်ခ ကျပ် ၅၈၀၀ သာပေးနေတာတွေ့ရပါတယ်။
အခြေခံလုပ်ခလစာအဖြစ် ၄၈၀ဝ ကျပ်ကို NLD အစိုးရလက်ထက် ၂၀၁၈ခုနှစ် ၊ ဇန္နဝါရီ(၂)ရက်နေ့မှာ အခြေခံလုပ်ခလစာကို နှစ်နှစ်တစ်ကြိမ် ပြောင်းလဲတိုးမြှင့်ဖို့ သတ်မှတ်ပြဌာန်းထားပေမဲ့ အဲဒီဥပဒေကိုရေးဆွဲတဲ့ အုပ်ချုပ်သူအစိုးရတွေကရော လုပ်ငန်းရှင်တွေကပါ ၄၈၀၀ ကျပ်ကနေ ပြောင်းလဲပေးဖို့ ပျက်ကွက်ခဲ့တာ အခုဆိုရင် ခြောက်နှစ်ကာလရောက်တဲ့ အထိပါ။
မြန်မာလုပ်ငန်းရှင်တွေနဲ့ အုပ်ချုပ်သူစစ်ကောင်စီ၊ အလုပ်သမားဝန်ကြီးဌာနတွေအနေနဲ့ တိုင်းပြည်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို မောင်းနှင်ထုတ်လုပ်ပေးနေတဲ့ အခြေခံလုပ်သားတွေရဲ့ ဘဝနဲ့ ခွန်အားကို လျစ်လျူရှု့ထားတယ်ဆိုတာ ပြီးခဲ့တဲ့ ၆ နှစ်တာကာလ သမိုင်းကသက်သေပြပါတယ်။ဒီအချက်ဟာ အိမ်နီးချင်းအရှေ့တောင်အာရှ နိုင်ငံတွေထဲမှာလည်း နှိုင်းယှဉ်ကြည့်မယ်ဆိုပါက အရှက်ရစရာ ဖြစ်ရပ်တစ်ခုဖြစ်လို့နေပါတယ်။
အနည်းဆုံးလုပ်ခလစာ ၄၈၀၀ ကျပ်သတ်မှတ်ထားတယ်ဆိုတာ တစ်နေ့ ၈ နာရီအလုပ်ချိန်အတွက် အနည်းဆုံး ၄၈၀၀ ကျပ်ကို မဖြစ်မနေပေးရမယ်၊ ၄၈၀၀ ကျပ်ထက်ပိုပေးနိုင်တယ် ဆိုပေမဲ့ လုပ်ငန်းရှင်တို့ရနေတဲ့ အမြတ်ငွေဟာ အလုပ်သမားတွေရဲ့ လုပ်အားကနေရတာမို့ သတ်မှတ်ထားတဲ့ ဒေးကြေး ၄၈၀၀ ကျပ်ထက်ပိုတိုးပေးပါက အမြတ်နည်းမှာ စိုးရိမ်တာကြောင့် လုပ်ငန်းရှင်တိုင်း အမြတ်များများရလေ့ရှိတဲ့အတိုင်း အနည်းဆုံးလုပ်ခလစာကို ၂၀၁၈ ခုနှစ်ကနှုန်းထားအတိုင်း ယနေ့အထိပေးချေနေတာဟာ အသိအသာထင်ရှားလို့လာတာဖြစ်ပါတယ်။
၂၀၁၈ခုနှစ်၊ အနည်းဆုံးအခကြေးငွေ နည်းဥပဒေများကို ဒုတိယအကြိမ်ပြင်ဆင်သည့်နည်းဥပဒေများရဲ့ ပုဒ်မ(၂၄)(ဃ)၊ ပုဒ်မ(၂၉)၊ ပုဒ်မ(၄၁)(က)တို့မှာရော၊ ၂၀၁၃ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ(၅)(ဇ)မှာ ရော နှစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ဆိုတဲ့ စကားရပ်ပါရှိတာကြောင့် အနည်းဆုံးအခကြေးငွေကို နှစ်နှစ်မှာ အနည်းဆုံးတစ်ကြိမ်မဖြစ်မနေ ပြောင်းလဲပြင်ဆင်သတ်မှတ်ရမှာဖြစ်ပါတယ်။
၂၀၁၈ မှာ အနည်းဆုံးလုပ်ခလစာအဖြစ် ၄၈၀၀ ကျပ်သတ်မှတ်ပြီး နှစ်နှစ်အကြာ ၂၀၂၀ မှာ ပြင်ဆင်သတ်မှတ်ဖို့ ပျက်ကွက်ခဲ့လို့ အလုပ်သမားထုကြီးအတွက် ပထမအကြိမ် နစ်နာဆုံးရှုံးခဲ့ရပြီး ဥပဒေပါအတိုင်း ၂၀၂၂ မှာ နောက်တစ်ကြိမ် ၂၀၂၄ မှာနောက်တစ်ကြိမ် ပြင်ဆင်သတ်မှတ်ရမှာကို အာဏာသိမ်းစစ်ကောင်စီကလည်း မသိချင်ယောင်ဆောင်ပြီး တိုးမြှင့်ပေးခြင်းမရှိတဲ့အတွက် အလုပ်သမားထုအတွက် အကြိမ်ကြိမ် နစ်နာဆုံးရှုံးနေရတာပါ။
"ဒေးကြေးမတိုးသေးတဲ့စက်ရုံတွေအများကြီးရှိနေသေးတယ်။ တချို့ကျတော့လည်း ငါတို့ကတော့ ၄၈၀၀ ခေတ်ပဲ ရောက်နေသေးတယ်ဆိုတာလည်း တွေ့နေရပါသေးတယ်။ ဒေးကြေးတိုးပေးဖို့တောင်းဆိုနေတဲ့ စက်ရုံတွေလည်း ရှိနေပါတယ်။ အလုပ်သမားအားလုံးတန်းတူအခွင့်အရေးရပြီး အခြားစက်ရုံတွေလည်း တိုးပေးဖို့ မျှော်လင့်ပါတယ်။ ဒါကလည်းခုတိုးပေးနေကြတဲ့ ၇၅၀၀ အများဆုံးပါတယ် အဲ့တာလုံ လောက်တဲ့ နှုန်းမဟုတ်သေးပါဘူး။ လက်ရှိကုန်ဈေနှုန်းနဲ့ကလည်း ဘယ်လိုမှမကိုက်ညီပါဘူး။ အရင် ၄၈၀၀နဲ့စာရင်တော့ မဆိုးဘူးပြောရမှာပေါ့လေ။ ဒါပေမဲ့လည်း အဆင်မပြေသေးပါဘူး။ တစ်နေ့ကိုတစ်သောင်းလောက်ရမယ်ဆိုရင်ကို ဒါက စားလို့ဖြစ်တဲ့အနေအထားပဲရှိပါတယ်"လို့ အထည်ချုပ်အလုပ်သမားတစ်ဦးက ဆိုတယ်။
ပြည်အတွင်းကအလုပ်သမားတွေရဲ့ တစ်နေ့လုပ်ခလစာကို ကုန်ဈေးနှုန်းမြင့်တက်နေမှုတွေနဲ့တွက်ချက် ကြည့်မယ်ဆိုပါက လွန်ခဲ့တဲ့၂၀၁၈ခုနှစ်ရဲ့ ဆန်တစ်ပြည်ကျပ် ၁၃၀၀ ၀န်းကျင်ပေး၀ယ်ခဲ့ရချိန်က သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံအလုပ်သမားထုရဲ့ တစ်နေ့လုပ်ခလစာကျပ် ၄၈၀၀ ကျပ်ဟာ ယခုနှစ် ၂၀၂၄ခုနှစ်ရဲ့ ဆန်တစ်ပြည်ကျပ်၅၀၀၀မှ၆၀၀၀အထိ မြင့်တက်လာချိန်အထိ တစ်နေ့လုပ်ခဟာ ကျပ် ၄၈၀၀ သာ သတ်မှတ်ထားတာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့၂၀၂၃ခုနှစ်ရဲ့ ဆန်တစ်ပြည်ဈေးနှုန်းဟာ ကျပ် ၃၅၀၀ ၀န်းကျင်ဖြစ်ခဲ့ပြီး ယခုနှစ်မှာတော့ ကျပ် ၆၀၀၀ ၀န်းကျင်တန်ဖိုးမြင့်တက်လာချိန်အထိတိုင် တစ်နေ့လုပ်ခ ၄၈၀၀ ကျပ်အတိုင်းသာ ရရှိနေဆဲဖြစ်ပါတယ်။
ဒါဟာမြန်မာနိုင်ငံရဲ့ကုန်ဈေးနှုန်းတွေ အဆမတန်ကြီးမားတဲ့မြင့်တက်မှုတွေတစ်နှစ်နဲ့တစ်နှစ် အဆမတန်ဆက်တိုက်မြင့်တက်လာခဲ့ပေမဲ့ မြန်မာအလုပ်သမားထုရဲ့လုပ်လစာကတော့ လုံး၀မြင့်တက်လာခြင်းမရှိတဲ့အပြင် သတ်မှတ်ထားတဲ့ ၄၈၀၀ကျပ်ထက် ပိုနည်းတဲ့၃၆၀၀ကျပ်သာပေးချေပြီး လုပ်ကိုင်စေကြတဲ့ စက်ရုံလုပ်ငန်းရှင်အချို့လည်း ရှိနေပါသေးတယ်။
NLD အစိုးရလက်ထက် ၂၀၁၈ခုနှစ် ၊ ဇန္နဝါရီ(၂)ရက်နေ့မှာ အနိမ့်ဆုံးလုပ်ခလစာတစ်နေ့လုပ်ခကို ၄၈၀၀ကျပ်အဖြစ် နှစ်နှစ်လျှင်တစ်ကြိမ်ပြန်လည်ပြင်ဆင်မည်ဆိုပြီး သတ်မှတ်ပြဌာန်းပေးခဲ့ချိန်မှာ ဆန်ကုန်ဈေးနှုန်းက ပေါ်ဆန်း၂၄ပြည်တစ်အိတ်လျှင် ၃၂၀၀၀ကျပ် တစ်ပြည်လျှင် ၁၃၀၀ ၀န်းကျင်ရှိနေခဲ့ပြီး ယခု၂၀၂၄ခုနှစ်မှာတော့ လက်ရှိဆန်ဈေးနှုန်းအရ ပေါ်ဆန်းတစ်အိတ်လျှင် ကျပ်တစ်သိန်းရှစ်သောင်း၀န်းကျင် တစ်ပြည်လျှင် ကျပ် ၆၀၀၀ ၀န်းကျင်အထိအဆမတန်မြင့်တက်နေတာဖြစ်ပါတယ်။
အဲ့ဒီလိုအဆမတန်မြင့်တက်လာနေတဲ့ကုန်ဈေးနှုန်းတွေအပေါ်မှာ မြန်မာနိုင်ငံကအလုပ်သမားထုဟာ တစ်နေ့လုပ်ခကျပ် ၄၈၀၀ ကျပ်ရရှိနေဆဲဖြင့်သာ ကုန်ဈေးနှုန်းမြင့်တက်မှုဒဏ်ကို အလူးလဲရင်ဆိုင်နေရဆဲဖြစ်လို့ ဝမ်းရေးဝဝလင်လင်စားသုံးနိုင်ဖို့ပင်ခက်ခဲလာတာကြောင့်တိုးမြှင့်ပေးဖို့တောင်းဆိုရာက ထောက်ပံ့ကြေးကျပ်တစ်ထောင်သာ ရရှိခဲ့ရတာပဲဖြစ်ပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ကုန်ဈေးနှုန်းတွေက အခြားသောလူသုံးကုန်ပစ္စည်းများနဲ့မီးဖိုချောင်သုံး ပစ္စည်းအစစအရာရာအကုန်မြင့်တက်လာတာပဲဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ အလုပ်သမားထုဘဝဟာ လှုပ်ရင်းမြုပ်ဆိုသလို အလုပ်လုပ်ကိုင်ရင်း စားဝတ်နေရေး ကျပ်တည်းလေလေဖြစ်လာပါတယ်။
အလုပ်သမားထုအများဆုံးသုံးစွဲတဲ့ အသုံးဆောင်တွေအရ စားအုန်းဆီတစ်ပိဿာ ၉၀၀၀၊ ကြက်သွန်တစ်ပိသာလျှင် ၃၀၀၀၊ ကြက်သွန်ဖြူ တစ်သောင်းခွဲ၊ ငြုပ်သီးစိမ်း၅၀၀ဖိုးအနည်းဆုံးသာ၊ မျှစ်အနည်းဆုံး၇၀၀ဖိုး၊ တရုတ်ကန်စွန်းရွက်တစ်စီး ၇၀၀၊ ခရမ်းသီးတစ်လုံး၂၀၀၊ ကြက်သား အနည်းဆုံး ၃၀၀၀ ဖိုးသာဝယ်လို့ရပြီး အမဲသားအနည်းဆုံး ၃၀၀၀ဖိုးနဲ့ ငါးအနည်းဆုံး ၂၀၀၀ဖိုး၊ ပဲပင်ပေါက်၅၀၀ဖိုးအနည်းဆုံးနဲ့ပဲပြားတစ်ပြား၃၀၀စသဖြင့် အနည်းဆုံး၀ယ်ယူလို့ရတဲ့နှုန်းထားတွေဖြစ်ပြီး အမျိုးသမီးလစဉ်သုံးပစ္စည်းတွေဟာလည်း မူလကကျပ်၅၀၀ ၀န်းကျင်ကနေ လက်ရှိကျပ်တစ်ထောင်ကျော်နှစ်ထောင်အထိသာဖြစ်နေလို့ အလုပ်သမားတွေရဲ့ လုပ်ခရရှိမှုနဲ့ မြင့်တက်လာတဲ့ကုန်ဈေးနှုန်းတွေအရ အလုပ်သမားတွေရဲ့ နေ့စဉ်သုံးစွဲနေရတဲ့အသုံးဆောင်တွေဟာ မိမိတို့သုံးစွဲနိုင်တဲ့အနေအထားအရ အရည်သွေးပိုမိုနိမ့်ဆင်းတာတွေကိုသာ သုံးစွဲလာရတယ်လို့ လေ့လာသိရှိရပါတယ်။
"ကျွန်မတို့နေ့စဉ်သုံးနေရတဲ့ ပစ္စည်းတွေကသူများတွေလို အကောင်းစားတွေမဟုတ်ဘူး။ အရည်အသွေးနိမ့်တာတွေကိုပဲ ပိုပြီးရွေးချယ်လာရတယ်။ ဘာလို့ဆိုကိုယ်တွေရတဲ့လစာနဲ့က မေလာက်ငှ တော့ မဖြစ်မနေလိုအပ်တာတွေ၀ယ်၀ယ်နေရတော့ ဈေးသက်သာတာတွေရွေး၀ယ်ရတော့ ပိုပြီးနိမ့်ကျ လာရတယ်လေ။ ဒါတောင်အင်္ကျီအ၀တ်အစားနဲ့မိတ်ကပ်တွေက စက်ရုံထဲမှာလပေးတွေ နည်းနည်းချင်းပေးလို့ရတာတွေကို ၀ယ်သုံးနေရလို့မဟုတ်ရင် ခါးလှအောင်လည်းမဆင်နိုင်ဘူး။ ၀မ်း၀အောင်လည်း ကောင်းကောင်းမစားရ ချို့ချို့တဲ့တဲ့ပါပဲ"လို့ စက်ရုံအလုပ်သမားတစ်ဦးကဆိုပါတယ်။
ယခုလိုကုန်ဈေးနှုန်းမြင့်တက်မှုတွေအရ မပြေလည်မှုတွေကြောင့် ၂၀၂၄ခုနှစ် ၆နှစ်ကြာအထိတိုးမြှင့်သတ်မှတ်ပေးခြင်းမရှိတဲ့ ကျပ် ၄၈၀၀ အစား တစ်နေ့လုပ်ခကျပ် ၁၀၀၀၀ သို့ တိုးမြှင့်ပေးဖို့ကိုတောင်းဆိုမှုတွေကိုပြုလုပ်လျှက်ရှိရာ စစ်ကောင်စီကထောက်ပံ့ကြေးတစ်ထောင်ကိုသာ ပေးဖို့သတ်မှတ်လိုက်တာကြောင့် အလုပ်သမားတွေဟာကျပ် ၄၈၀၀နဲ့ထောက်ပဲ့ကြေးတစ်ထောင်ကိုသာရရှိတာဖြစ်သလို အဆိုပါထောက်ပံ့ကြေဟာ အစိုးရရုံးပိတ်ရက်တွေနဲ့ အလုပ်ပျက်ရက်တွေမှာ မရတာကြောင့်တစ်လလျှင်ထောက်ပံ့ကြေးကျပ်နှစ်သောင်းကျော်သာရရှိတာပဲဖြစ်ပါတယ်။
လက်ရှိကုန်ဈေးနှုန်းအရ အခြေခံအလုပ်သမားတစ်ဦးရဲ့ တစ်နေ့ကုန်ကျငွေဟာ ကျပ်တစ်သောင်းအထက်ဖြစ်နေပေမဲ့ အလုပ်သမားတွေကတော့တစ်နေ့လုပ်ခ ကျပ်၄၈၀၀ နဲ့ထောက်ပံ့ကြေးတစ်ထောင်သာရရှိတာကြောင့် ငွေကြေးမလုံလောက်မှုများဖြစ်ကာ မိသားစုထံပေးပို့နိုင်ခြင်းမရှိတဲ့အပြင် မိမိတစ်ယောက်စာမျှပင်အကြွေးမတင်ယုံမျှ ရုန်းကန်နေရတာကြောင့် တစ်နေ့လုပ်ခတိုးမြှင့်ပေးဖို့တောင်းဆိုမှုတွေပြုလုပ်ခဲ့ကြရာ အလုပ်ကထုတ်ပယ်ခံရတာတွေလည်းရှိခဲ့သလို အဖမ်းဆီးတာတွေပါခံရပြီး အလုပ်သမားအခွင့်အရေးတောင်းဆိုခဲ့တဲ့အလုပ်သမားများအပါအ၀င် အလုပ်သမားအရေးကူညီဆောင်ရွက်သူအလုပ်သမားစုစုပေါင်း ၁၂ဦးထက်မက စစ်ကောင်စီရဲ့မတရားဖမ်းဆီးချုပ်နှောင်မှုတွေကိုပါ ခံနေရတာဖြစ်ပါတယ်။
အဲ့ဒီလိုတောင်းဆိုမှုတွေဖမ်းဆီးခံရတာတွေဖြစ်ပေါ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်၂၀၂၃မေလအကုန်မှာတော့ စက်ရုံအများစုဟာ ၂၀၂၃၊ (၆)လပိုင်း(ဇွန်လ)ကစလို့ တစ်နေ့လုပ်ခ ၅၆၀၀ ကျပ်တိုးမြှင့်ထားရှိပေးမယ်ဆိုတဲ့ ကြေညာချက်တွေ ထွက်ပေါ်လာခဲ့သလို အလုပ်သမားသစ်ခေါ်ယူရာမှာလည်း ဒေးကြေး၅၂၀၀ကျပ်၊ ၅၄၀၀ကျပ်နဲ့ ၅၆၀၀ ကျပ်သို့ တိုးမြှင်းပေးဆောင်ခေါ်ယူလာတာတွေရှိခဲ့ပေမဲ့ စစ်ကောင်စီရဲ့ထောက်ပံ့ကြေးတစ်ထောင်ကျပ်ပေးဖို့ဖြစ်လာချိန်မှာ ၄၈၀၀နဲ့ ထောက်ပံ့ကြေးကျပ်တစ်ထောင်သာ ပြန်လည်ရရှိခဲ့တာဖြစ်တယ်လို့လည်း အလုပ်သမားတွေဆီကသိရပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ အနိမ့်ဆုံးလုပ်ခ၄၈၀၀လို့ သတ်မှတ်ထားပေမဲ့ အလုပ်ရှင်တွေဟာ အဲ့ဒီထက်ပိုပေးတာမျိုးမရှိဘဲ ၄၈၀၀ ကအမြင့်ဆုံးဖြစ်နေပြီး အချို့သောအလုပ်သမားတွေမှာ ကိုဗစ်ဖြစ်ပွားချိန်မှစကာ လက်ရှိအာဏာသိမ်းကာလအထိ စီးပွားရေးကျဆင်းမှုကြောင့်ဟုဆိုကာ အစမ်းခန့်ကာလမှာပင် ၃၆၀၀ သာပေးနေကြတာတွေလည်းရှိနေပါတယ်။
အနည်းဆုံးအခကြေးငွေကျပ် ၄၈၀၀ သတ်မှတ်ပြီးနှစ်နှစ်တစ်ကြိမ်ပြန်လည်ပြင်ဆင်ရန် သတ်မှတ်မယ်လို့ မျှော်လင့်ခဲ့ပေမဲ့ ခြောက်နှစ်ကြာသည့်တိုင် ပြောင်းလဲခြင်းမရှိခဲ့ဘဲ လက်ရှိကုန်ဈေးနှုန်းကြီးမြင့်ချိန်အထိ ၄၈၀၀ဖြစ်နေတာကြောင့် သင့်တင့်တဲ့ပြောင်းလဲမှုတစ်ခုတိုးမြင့်ပေးဖို့ လိုအပ်နေတာပါ။
ကိုဗစ်ရောဂါဖြစ်ပွားစဉ်ကာလမှာလည်း လစာတစ်၀က်ပဲရရှိခြင်း အလုပ်ရပ်နားရတာတွေကို ဖြတ်သန်းခဲ့ရပြီးနောက် အာဏာသိမ်းလိုက်ချိန်မှာလည်း အလုပ်ရှင်တွေက အကြောင်းပြပြီး အလုပ်ခလစာလည်းမတိုးပေးတဲ့အပြင် အနိမ့်ဆုံးလုပ်ခလစာလည်းမပြဌာန်းတော့တာတွေနဲ့ လခစားအဖြစ်မှ နေ့စားလရှင်းအဖြစ်ရောက်ရှိခြင်းတွေကြောင့် အလုပ်သမားတွေက နှစ်ကြိမ်နှစ်ခါနစ်နာနေရတာပဲဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီကလည်း ဥပေဒအရ၂၀၂၂မှာ နောက်တစ်ကြိမ် ပြင်ဆင်ပြောင်းလဲပေးရမည့်အစား လက်ရှိအချိန်ထိ တိုးမြှင့်သတ်မှတ်ပေးခြင်းမရှိဘဲ အလုပ်သမားတွေရဲ့ တောင်းဆိုမှုတွေအပေါ် ဖမ်းဆီးချုပ်နှောင်မှုတွေပါ လုပ်ဆောင်လာတာဖြစ်လို့အလုပ်သမားထုကြီးအတွက် ဒုတိယအကြိမ် နစ်နာဆုံးရှုံးသလို ဆက်လက်တောင်းဆိုမှုမပြုလုပ်နိုင်သည်အထိ အကြောက်တရားနဲ့လုပ်ဆောင်ခံထားရပြန်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က လုပ်ခလစာတိုးပေးဖို့ ပထမဆုံးတောင်းဆိုမှုကိုစတင်ခဲ့တာကတော့ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ မြန်မာပေါင်ချိန်(Pou Chen)ဖိနပ်စက်ရုံကတော့ ဒေးကြေးကျပ် ၈၀၀၀ သို့တိုးမြှင့်ပေးဖို့တောင်းဆိုမှုကိုစ တင်ပြုလုပ်ခဲ့ကြပြီးနောက်စက်ရုံအချို့က ၅၆၀၀ ကျပ်ပေးတာတွေရှိလာလို့ ကျပ်၄၈၀၀နဲ့ကျပ်၃၆၀၀သာရရှိနေကြသေးတဲ့စက်ရုံတွေက ဒေးကြေး ၅၆၀၀ပေးဖို့ တောင်းဆိုခဲ့ကြတာတွေလည်းများပြားခဲ့လို့ ဖမ်းဆီးခံရတာတွေခြိမ်းခြောက်ခံရတာတွေသာ ပြန်ရခဲ့ပြီး လုပ်ခလစာတိုးမြှင့်မှုကတော့ မထူးခြားလာခဲ့ပါဘူး။
ဒါ့အပြင် စက်ရုံအများစုကလုပ်ငန်းရှင်တွေဟာ အလုပ်သမားကိုနေ့စားအဖြစ်သာခေါ်ယူအသုံးပြုပြီး တစ်နေ့ကျပ်၄၈၀၀သာ ပေးနေတာတွေရှိနေတဲ့အပြင် နေ့စားလရှင်းပြုလုပ်နေကြပေမဲ့ အဲ့ဒီအလုပ်သမားတွေက ပိတ်ရက်ခံစားခွင့်မရခြင်း၊ လုပ်သက်ကြေး၊ ကျွမ်းကျင်ကြေးနဲ့ဆုကြေး စတာတွေအပြင် လူမှုဖူလုံရေးခံစားခွင့်တွေနဲ့ ရက်မှန်ကြေးစတဲ့ခံစားခွင့်တွေကိုပါ ဆုံးရှုံးရတာတွေကြောင့် အလုပ်သမားတွေရဲ့ဘ၀ဟာ ကုန်ဈေးနှုန်းတွေမြင့်တက်လာလောလော အလုပ်ရှင်ရဲ့ဂုတ်သွေးစုပ်မှုကို ပိုမိုခံလာရလေလေဖြစ်နေတယ်လို့ အလုပ်သမားရေးဆောင်ရွက်သူတွေက သုံးသပ်ထားပါတယ်။
ယခုနှစ်၂၀၂၄ခုနှစ်မှာတော့ ပြည်တွင်းမှာလုပ်ခလစာနည်းပါးခြင်းနဲ့ စစ်ကောင်စီရဲ့ စစ်မူမထမ်းမနေရဥပေဒထုတ်ပြန်လိုက်ခြင်းကြောင့် ပြည်တွင်းကအလုပ်သမားတွေဟာ ပြည်ပနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မလေးရှား၊ တရုတ် စတဲ့နိူင်ငံတွေကိုအလွယ်တကူထွက်ခွာမှုတွေကို အလုပ်သမားများစွာပြုလုပ်လာတာကြောင့် မေ၁ရက်နေ့မှစပြီး ပြည်တွင်းကစက်ရုံအလုပ်ရုံတွေဟာ အလုပ်သမားရှားပါးမှုကိုစတင်ကြုံတွေ့လာရတာဖြစ်ပါတယ်။
စက်ရုံစက်လိုင်းတိုးချဲ့ခြင်းနဲ့ စက်ရုံအသစ်ဖွင့်လှစ်ခြင်းလုပ်ငန်းတွေမှာ လုပ်သားရှားပါးမှုကိုကြုံတွေ့လာရလို့ ယခုမေလထဲမှာတော့ စက်ရုံအချို့မှာ ဒေးကြေး ၆၅၀၀ ကနေ ၇၅၀၀အထိ တိုးမြှင့်ပေးပြီးလုပ်သားခေါ်ယူစုစောင်းတာတွေပြုလုပ်လာတာဖြစ်ပါတယ်။
ဒါဟာလည်းအထည်ချုပ်စက်ရုံ ၇၀၀ နီးပါးရှိတဲ့အနက် စက်ရုံအနည်းစုကသာတိုးမြှင့်ခေါ်ယူလာတာဖြစ်လို့ အခြားသောစက်ရုံများစွာကပါ တိုးမြှင့်ပေးဖို့လိုအပ်နေတာကြောင့် အနည်းဆုံးအခကြေးငွေကို ကျပ် ၄၈၀၀ သတ်မှတ်ရာကနေ ကုန်ဈေးနှုန်းမြင့်တက်မှုအရ ခေတ်နဲ့လျော်ညီတဲ့နှုန်းထားတစ်ခုသို့ တရား၀င်တိုးမြှင့်ပြင်ဆင်သတ်မှတ်ပေးဖို့ လိုအပ်နေတာကြောင့် ထောက်ပြနေကြတာပဲဖြစ်ပါတယ်။
"အနည်းဆုံးလုပ်ခလစာ ၄၈၀၀ ကျပ်ကို ငါးနှစ်ကျော်ခြောက်နှစ်ကြာအောင် မပြောင်းမလဲလုပ်ထားရာကနေ အရင်းရှင် လုပ်ငန်းရှင်တွေက အခုမှ ဘာလို့ ဒေးကြေး ၇၀၀၀ ကျော် ၇၅၀၀ အထိကို ရက်ရက်ရောရောကြီးထားပေးချင်ရတာလဲ။ ပြည်တွင်းမှာအလုပ်သမားရှားပါးလာတယ်။ အလုပ်သမားလိုအပ်လာတဲ့အခါ သူတို့အခုလိုတိုးပေးပြီးခေါ်လာတာ။ ဒါကပေးလို့ရရဲ့သားနဲ့ မပေးခဲ့ကြတာဆိုတာ သိသာထင်ရှားလာတာပဲ။ ဒါကလည်းစက်ရုံအနည်းစုပါ။ အများစုကလုံး၀မတိုးသေးပါဘူး။ အဲ့တော့စက်ရုံအားလုံးတိုးလာဖို့ တရား၀င်ပြင်ဆင်သတ်မှတ်ပေးဖို့က လိုကိုလိုအပ်ပါတယ်"လို့ အထည်ချုပ်အလုပ်သမားတစ်ဦးကဆိုပါတယ်။