ARTICLE

ပြည်တွင်းထုတ် စက်ရုပ်လုပ်သားများ

CoverLogo
87 Views
 
အလုပ်သမားတွေအတွက် ဥပဒေရဲ့ အကာအကွယ်၊ ရပိုင်ခွင့်ပျောက်ဆုံးလာတာဟာ စစ်အာဏာသိမ်းပြီး ကတည်း ကပါ။ ဒီလို အခြေအနေတွေက အလုပ်သမားတွေ အမိန့်နာခံရုံ ၊ ခံစားချက်နဲ့ အခွင့်အရေးတွေ ထုတ်ပြောနိုင်ခွင့် မရတော့ဘဲ စက်ရုပ်တရုပ်လို ဖြစ်လာနေပါတယ်။ အခွင့်အရေး ချိုးဖောက်ခံရတာတွေ ဆိုးရွားလာတာနဲ့ အတူ ထုတ်ဖော် ပြောဆိုနိုင်ခွင့်တွေပါ ကျဆင်းနေတာပါ။
 
စစ်အာဏာမသိမ်းမီက လုပ်ငန်းခွင်အတွင်း ချိုးဖောက်ခံရတာတွေ၊ ရပိုင်ခွင့် အခွင့်အရေး တောင်းဆို ဆန္ဒပြ တာတွေကို လူစုလူဝေးနဲ့ လုပ်ဆောင်နိုင်ခဲ့တာတွေဟာ အခုချိန်မှာ ဖိနှိပ်မှုအမျိုးအမျိုး ကြောင့် ပျောက်ဆုံးခဲ့ပါပြီ။
 
ဥပဒေပါ ရပိုင်ခွင့်တွေ တောင်းဆိုတာနဲ့ အလုပ်ထုတ်ခံရတာတွေ၊ စစ်တပ်ကို ခေါ်ယူ ခြိမ်းခြောက်တာ၊ လုပ်ငန်းခွင် အတွင်း စနစ်တကျ ဖိအားပေးတာ၊ ခြိမ်းခြောက်တတွေကို အလုပ်ရှင်တွေက လုပ်ဆောင်လာလို့ အလုပ်သမားထု အသံတွေ ထွက်မလာတော့တာပါ။ ဒီအခြေအနေက အခြေခံရပိုင်ခွင့်တွေ၊ ခံစားခွင့်တွေ တောင်းဆိုနိုင် စွမ်း ပါ မရှိတော့ပါဘူး။ အခွင့်အရေး ချိုးဖောက်ခံရတဲ့ လုပ်ငန်းခွင်ထဲမှာ လုပ်ကိုင်ရင်းနဲ့ပဲ လူသားဆန်မှုတွေ ပျောက်ဆုံးလာပါတယ်။
 
“တစ်ခါတစ်လေ အလုပ်လုပ်နေရင်း ထွက်ပြေးချင်စိတ်ပေါက်ဖူးတယ်” လို့ မသန္တာ (အမည်လွှဲ) က ပြောပါတယ်။
မသန္တာက ခင်ပွန်းဖြစ်သူက ပုံမှန်ဝင်ငွေ မရှိတာကြောင့် စက်ရုံအလုပ်ကို အဓိက အားထားနေရတဲ့ ကလေး နှစ်ယောက် မိခင်ဖြစ်ပါတယ်။
 
အိမ်ထောင်မပြုမီကတည်းက ကျွမ်းဝင်နေတဲ့ လုပ်ငန်းခွင်ဟာ မိခင်တဦး ဖြစ်လာချိန်ထိ ရုန်းထွက်နိုင် ခွင့် မရသေးတာပါ။
ကလေးတွေ အိပ်ယာနိုးမီ ထမင်းချိုင့်ဆွဲပြီး လုပ်ငန်းခွင်ဆီ သွားရောက်ရပြီး အချိန်ပို အလုပ် လုပ်ရတာတွေ များလွန်းလို့ သားသမီး ကလေးတွေနဲ့ ထိတွေ့ချိန် သိပ်ကို နည်းပါးပါတယ်။
 
“အလုပ်က ပြန်လာရင် မလှုပ်ချင်တော့ဘူး။ ယောင်္ကျားက ချက်ပြုတ်ပေးထားတော့၊ ထမင်းတော့ တန်းစားရ ပေမယ့်၊ ကလေးတွေနဲ့တော့ တီတီတာတာ မလုပ်နိုင်ဘူး။ ခဏလောက်ပဲ အချိန်ပေးနိုင် တယ်။ ကလေးတွေ လည်း တစ်နေကုန် ဆော့ထားတော့ တန်းအိပ်တာပါပဲ။ နေ့တိုင်းဆိုပေမယ့် ကလေးနေမကောင်းတဲ့ အချိန်ကျရင် အရမ်းခံစားရတယ်။ မလုပ်တော့ဘူး တွေးပေမယ့် လစာက လေးသိန်း ကျော်ရတော့ ဒီအလုပ်က ထွက်မရဘူး” လို မသန္တာက ပြောပါတယ်။
 
ဒီလို အခြေအနေတွေကို မသန္တာတစ်ယောက်တည်း ရင်ဆိုင်ရတာတော့ မဟုတ်ပါဘူး။ အချိန်ပိုတွေ နေ့တိုင်းလိုလို လုပ်ကိုင်ရတာ၊ တနင်္ဂနွေ ပိတ်ရက်တွေနဲ့ အများပြည်သူ ရုံးပိတ်ရက်တွေပါ လုပ်ကိုင်ရလို့ တစ်လလုံး နားရက် မရဘဲ အလုပ်ဆင်းရတာကို အထည်ချုပ်အလုပ်သမားအားလုံး ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
 
လက်ရှိ စက်ရုံ အလုပ်ရုံနဲ့ လုပ်ငန်းတွေ ချိုးဖောက်မှုအများဆုံး ကတော့ အချိန်ပိုကို ဖိအားပေး ခိုင်းစေတာနဲ့ ဥပဒေမှာ သတ်မှတ်ထား ခွင့်ရက်၊ 
ပိတ်ရက် ခံစားခွင့် မပေးတာပဲ ဖြစ်ပါတယ်။ ဒီချိုးဖောက်မှုတွေက ဆက်စပ်နေပြီး အချိန်ပို ခိုင်းစေလိုတာကြောင့် ခွင့်ရက်၊ ပိတ်ရက်တွေ အလုပ်သမားတွေ မရတော့တာ ဖြစ်ပါတယ်။
 
မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ ဥပဒေတွေအရ အလုပ်သမားတဦး အနေနဲ့ လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နဲ့ မီးဖွားခွင့်တွေ လိုအပ်တဲ့အချိန်မှာ ရရှိရမှာဖြစ်သလို တပတ်အလုပ်ချိန် ၄၄ နာရီ ၊ အချိန်ပို နာရီ ၂၀ စုစုပေါင်း ၆၄ နာရီထက် ထက်ပိုပြီ လုပ်ကိုင်ခိုင်းခွင့် မပေးထားပါဘူး။ ဒါပေမယ့် အထည်ချုပ်စက်ရုံတွေရဲ့ အောလင်း၊ အောနိုက် လုပ်ကိုင်ခိုင်းမှုတွေက ဒီအချက်တွေကို မျက်ကွယ်ပြုနေတာပါ။ ဒါ့အပြင် အလုပ်သမား တွေရဲ့ လုပ်ကိုင်နိုင်စွမ်းထက် ကျော်လွန်ပြီး ခိုင်းစေနေတာတွေက လက်ရှိ ပိုမိုဆိုးရွားလာတာပဲ ဖြစ်ပါတယ်။
 
စက်ရုံ အလုပ်ရုံတွေမှာ ချိုးဖောက်မှုတွေက မြင့်တက်သလို အလုပ်သမားတွေအတွက် လူနေမှုစရိတ်တွေနဲ့ အထွေထွေစရိတ်တွေ မြင့်မားမှုက ကိုယ်ပိုင်ဘဝတွေ တဖြည်းဖြည်း ပျောက်ဆုံးရပြန်ပါတယ်။
 
ခင်ပွန်းဖြစ်သူကိုပါ လုပ်ငန်းခွင်ထဲ ထည့်သွင်းဖို မသန္တာ ကြိုးပမ်းနေပါတယ်။
“ယောက္ခက အတူ လာနေမယ်။ သူက ကလေးထိန်း။ လင်မယားနှစ်ယာက် အလုပ်ဆင်းပေါ့။ အခု လစာ လေးသိန်းကျော်ရလား လုံလုံလောက်လောက် မရှိဘူး။ နှစ်ယောက်အလုပ်ဆင်းရင် လစာ (၈) သိန်း ကျော် ထွက် မယ်ဆို အဆင်ပြေမယ်မှန်းတယ်။ ကလေးတွေအတွက် စုနိုင်မယ်ထင်တယ်။ ကလေးတွေကိုတော့ နှစ်ယောက်လုံး အချိန်မပေးနိုင်ပေမယ့်၊ စုဆောင်းမိမယ် မျှော်လင့်တာပဲ။ စုမိဆောင်းမိရင် အလုပ်ထွက်ပြီး တစ်ခုခု လုပ်စားမယ်” လို့ သူ့ စိတ်ကူးကို ပြောပြပါတယ်။
 
သတ်မှတ်ချက်ထက် ပိုတဲ့ အချိန်ပိုနာရီတွေ၊ ခွင့်တစ်ရက်ကို ကျပ် ငါးသောင်း အဖြတ်ခံရတာတွေ၊ ပိတ်ရက် နားရက်မရှိတဲ့ လုပ်ငန်းခွင်ကြီးက သူတိုအတွက် ထိတ်လန့်စရာ ဖြစ်နေပေမယ့် လက်ရှိ အခြေအနေတွေ က ဆက်ပြီး လုပ်ကိုင်ရဦးမှာပါ။ အလုပ်အကိုင်ရှားပါးတဲ့ အခြေအနေက ဒီထက် ပိုကောင်းတဲ့ လုပ်ငန်းခွင်တစ်ခုကို ကူးပြောင်းဖို့က မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့အနေအထားမှာပဲ စက်ရုံလုပ်ငန်းခွင်ထဲ ရောက်ရှိလာသူတွေ ပိုများလာ ပါတယ်။
 
“အစ်မက အစက မီနီမတ်လေးမှာ သန့်ရှင်းရေး လုပ်တယ်။ လစာက နှစ်သိန်းမပြည့်ဘူး။ အခုစက်ရုံမှာ မီးပူတိုက် လုပ်တယ်။ အဆဲခံရတာတွေ၊ မတ်တပ်ရပ်ပြီး လုပ်ရတယ်။ ပင်ပန်းပေမယ့် လစာက တစ်လ မပြည့်တာတောင် သုံးသိန်းနီးပါးရတယ်။ အချိန်ပိုတွေနဲ့ အမတစ်လအပြည့်ဆင်းရင် သုံးသိန်းကျော်က ကျိန်းသေတယ်”လို့ မကြာမီကမှာ အထည်ချုပ်လောကကို ရောက်ရှိလာတဲ့ မကြည်ပြာ (အမည်လွှဲ)က ပြောပါတယ်။
မကြည်ပြာက ကလေးမိခင်တဦးဖြစ်ပြီး ခင်ပွန်းသည်က လခစား အလုပ်သမားတဦးပါ။ ကလေးတွေက မကြည်ပြာ မိခင်ဖြစ်သူနဲ့အတူ ပဲခူးတိုင်းက ကျေးရွာတစ်ရွာမှာ နေထိုင်ကြပါတယ်။ မကြည်ပြာတို့ လင်မယား ကတော့ ယောက္ခမအိမ်မှာ နေကြပါတယ်။
 
မိဘနဲ့ကလေးတွေကို ထောက်ပံ့နိုင်ဖို အလုပ်တစ်ခု ရရှိရေး ကြိုးစားတဲ့အခါ မကြည်ပြာက အထည်ချုပ် လုပ်ငန်းခွင် အခြေအနေတွေကို ကြားဖူးနားဝ ရှိထားပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ် ဝန်းကျင်က ငယ်ရွယ်သူတွေကိုသာ ဦးစားပေး အလုပ်ခန့်တဲ့အထည်ချုပ်လုပ်ငန်းခွင် ဝင်ရောက်ဖို့ ဆိုတာ မကြည်ပြာလို အသက် ၃၀ ဝန်းကျင် အရွယ် အမျိုးသမီးအတွက် အတော်ခက်တဲ့ အခြေအနေတွေပါ။ ဒါပေမဲ့ လက်ရှိ လုပ်သားရှားပါးမှု ဖြစ်ပေါ်နေတဲ့ ဒီလုပ်ငန်းခွင် အခြေအနေက သူ့အတွက် အလွယ်တကူ အလုပ်ရခဲ့ပါတယ်။
 
“အမတို့ အသက်ကလေ ပြောမယ်ဆို အလုပ်ကမလွယ်ဘူး။ သန့်ရှင်းရေး ဘာညာဝင်လုပ်လည်း လစာက အဲဒီ လောက် မရဘူး။ အများဆုံးရရင် နှစ်သိန်းကျော်ပဲ။ စက်ရုံကျ အလုပ်လွယ်တယ်။ လုပ်ရင် လုပ်နိုင်သလောက် လစာထွက်တယ်။ လေးသိန်းလောက်ရရင် ပိုစုနိုင်မယ်ထင်တယ်။ အဆဲခံရလည်း အများနဲ့ပဲ အသားကျအောင် နေရမှာပေါ့”လို မကြည်ပြာက ပါတယ်။
 
မြန်မာနိုင်ငံအတွင်းက လက်ရှိ လုပ်ငန်းခွင်တွေမှာ အသက်အရွယ်၊ ပညာအရည်အချင်း၊ ကျွမ်းကျင်မှုနဲ့ စံနှုန်းတွေက အမျိုးသမီးတွေ ဝင်ငွေရှာရတာက ခက်ခဲတဲ့ အခြေအနေပါ။ ထင်ထာမြင်သာမဟုတ်တဲ့ ကန့်သတ်မှုတွေကြားကပဲ နေရောင် မမြင်ရတဲ့အထိ အလုပ်လုပ်ကိုင်ရင်း အထည်ချုပ်လုပ်ငန်းခွင်ဟာ အမျိုးသမီးထုအတွက် ထွက်ပေါက်တခု၊မျှော်လင့်စရာတစ်ခုလို ဖြစ်နေပါတယ်။
 
ဒီ မျှော်လင့်ချက်ရဲ့ နောက်ကွယ်မှာ ဆုံးရှုးခဲ့ရတဲ့ အခွင့်အရေးတွေကလည်း မနည်းလှပါဘူး။ လူတဦးအတွက် တစ်ရက် ၁၂ နာရီထက် ကျော်လွန် လုပ်ကိုင်ရတာတွေ၊ တစ်လလုံး နားရက်မရှိဘဲ အလုပ်လုပ်ရတာတွေ၊ ခွင့်ရက်တွေ ခံစားခွင့်ရှိတယ်လို တရားဝင်ပြဌာန်းထားပေမယ့် ခွင့်ယူမယ်ဆိုရင် သတိပေးလက်မှတ်ထိုး ရတာ၊ လုပ်ငန်းခွင် အာဏာရှိသူတွေရဲ့ ဖိအားပေးခြိမ်းခြောက် ခွဲခြားဆက်ဆံမှုတွေကို ကြုံတွေရတာ၊ လစာနဲ့ ရက်မှန်ကြေး ဖြတ်တောက်ခံရတာတွေ အလုပ် လုပ်ကိုင်ချိန်တလျှောက်လုံး ခံစားနေကြရတာဖြစ်ပါတယ်။
 
“နင်တိုမလုပ်ချင် ထွက်သွားဆိုတဲ့ စကားတွေ ခဏခဏ ကြားရတယ်။ ပြောစကားတွေထဲမှာ ထွက်လည်း ဝင်မယ့်သူတွေ အဆင်သင့်ပေါ့လေ။ စက်ရုံတွေမှာက အခြေအနေတွေက သိပ်အကွာကြီးမှာ မဟုတ်တာ။ ဒေးကြေးနဲ့ ထောက်ပံ့ကြေးပေးတဲ့နှုန်း ကွာတာပဲရှိတော့ အကုန်သည်းခံရတယ်။ အဲဒီတော့ ဘာမှမထူးဘူး။ အလုပ်မြဲဖို့ဆို ငြိမ်နေတာက ကောင်းမယ် ”လို့ အထည်ချုပ်လုပ်သားတဦးက ပြောပါတယ်။
 
နေ့စဉ်ဆိုသလို ကြားနေရတဲ့ ဆဲဆိုသံတွေ၊ ချုပ်နိုင်စွမ်းထက် အမြဲတမ်း ပိုတောင်းနေတဲ့ အထည်စံချိန်ရဲ့ ဖိအားတွေ ၊ နေရောင်မမြင်ရတဲ့ နေ့ရက်တွေ၊ လုံလောက်သန့်ရှင်းမှုမရှိတဲ့ သောက်သုံးရေ၊ အချိန်အကန့်အသတ်နဲ့ အသုံးပြုရတဲ့ သန့်စင်ခန်း၊ ကျား၊ မ မခွဲခြားနိုင်ဘဲ တွယ်ကပ်စီးနေရတဲ့ ဖယ်ရီတွေ ဒါတွေအားလုံးဟာ အခြေခံ အလုပ်သမားတစ်ယောက် ရင်ဆိုင်နေရတဲ့ လုပ်ငန်းခွင် အခြေအနေကို ဖော်ညွှန်းနေပါတယ်။
အလုပ်သမားတွေရဲ့ သတ်မှတ်အခွင့်အရေးတွေ မပေးဘဲ ခံစားချက်ကို လျစ်လျူ အမိန်နာခံရုံသက်သက် ပြုမူမှုကလည်း လူသားအဖြစ်မသတ်မှတ်ဘဲ အရာဝတ္တုသဖွယ် ဆက်ဆံမှု လူမှုရေးအရ ခွဲခြားဆက်ဆံမှု ဖြစ်ပါတယ်။
 
ဒီလို ချိုးဖောက်မှုတွေက အလုပ်အကိုင်နဲ့ အခွင့်အလမ်း ရွေးချယ်ခွင့် မရှိသူတွေအတွက်တော့ ငရဲခန်း သဖွယ် နေ့စဉ် ရင်ဆိုင်နေရတာပါပဲ။ အချိန်ပို ခိုင်းသလောက် လုပ်ကိုင်မှ တလအတွက် လုံလောက်တဲ့ နေထိုင် စားသောက်ဖို့ ရနိုင်တဲ့ လုပ်ခလစာနဲ့ လုပ်အား အဆမတန်ယူနေတဲ့ လုပ်ငန်းခွင်ကို ထိန်းသိမ်းပေးဖို သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲတွေကပါ စိတ်ဝင်စားမှု မရှိဘူးလားဆိုတာ အလုပ်သမားတွေအတွက် မေးခွန်းထုတ်ဖို့ ရှိပါတော့တယ်။
 
Photo- Myanmar Labour News (စက်မှုဇုန်ရှေ့ ကြိုပို့ စောင့်ဆိုင်းနေသည့် လုပ်သားများ)

Related posts

Cover
အထည်ချုပ်လောက အတွင်းရေး ပေးစာ ပြန်စာ ၅
Mar 17, 2025
Cover
စက်ရုံ စစ်ဆေးခြင်းနှင့် ဟောပြောပွဲများ....
Feb 22, 2025
Cover
ကျပ်နှစ်ထောင် နောက်ကွယ်က ခါးသီးမှု
Dec 31, 2024
Cover
ပြည်ပထွက်ခွာလိုသူတွေအတွက် ရန်ကုန်လေဆိပ်ရဲ့ အိမ်မက်ဆိုး
Dec 26, 2024
Cover
စစ်မှုထမ်းအယောင်ပြ ဖမ်းဆီးငွေညှစ်မှုတွေပါ ပြုလုပ်လာ
Dec 24, 2024
Cover
အဓမ္မ စစ်မှုထမ်းခိုင်းစေရန် ပေါ်တာဆွဲမှုမှာ အကာကွယ်မဲ့နေတဲ့အလုပ်သမားထု
Dec 22, 2024
Cover
အဖြေရှာဖို့ ခက်ခဲသေးတဲ့ ကလေးလုပ်သားပုစ္ဆာ
Dec 21, 2024
Cover
ကျပ်တည်းခက်ခဲလာတဲ့ အခြေခံပြည်သူတွေရဲ့ဒုက္ခ
Nov 26, 2024