(အတွေးအမြင်)
ရန်ကုန်မြို့ရှိ Bontech အထည်ချုပ်စက်ရုံတွင် မကြာသေးမီက ဖြစ်ပွားခဲ့သော ဖြစ်ရပ်တစ်ခုသည် မြန်မာနိုင်ငံ၏ အလုပ်သမားအခွင့်အရေးနှင့် အသင်းအပင်းဖွဲ့စည်းခွင့် အခြေအနေကို မေးခွန်းထုတ်စရာ ဖြစ်လာပါသည်။
Bontech Manufacturing Co., Ltd အထည်ချုပ် စက်ရုံသည် ရန်ကုန်မြို့ ၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန်မှာ ဖွင့်လှစ်ထားပြီး အလုပ်သမား ၁၀၀၀ ဝန်းကျင် လုပ်ကိုင်နေပါသည်။
ပြီးခဲတဲ့ မတ် ၁၇ ရက် နေ့လယ်ပိုင်းမှာ ILO-Com-87 အရ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်နှင့် ပက်သက်သည့် ဆွေးနွေးပွဲကို မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ရုံးဝန်ထမ်းများသည် Bontech စက်ရုံတွင် ဆွေးနွေးမှု ပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲမှာ ILO C-87 ဗီနိုင်းချိတ် ဗီနိုင်းချိတ်ဆွဲထားပြီး ညွှန်ကြားရေးမှူးနဲ့ အဖွဲ့က လုပ်ငန်းရှင်၊ စက်ရုံမန်နေဂျာ တို့နှင့် ဦးစွာ ဆွေးနွေးမှု ပြုလုပ်ပြီးနောက် စက်ရုံ WCC အဖွဲ့ဝင်များနှင့် bontech အထည်ချုပ် အခြေခံ အလုပ်သမားအဖွဲ့အစည်း၏ EC (၅)ဦး တို့နှင့် နောက်မှာ ဆွေးနွေးခဲ့ပါသည်။
မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် လုပ်ငန်းရှင်နှင့် ဆွေးနွေးစဥ် လုပ်ငန်းရှင်၏ တောင်းဆိုချက်များလည်း ရှိကြောင်းပြောဆိုခဲ့ပါသည်။ ( ဖြစ်စဉ် အပြည့်အစုံကို Link မှာ ဖတ်ရှုနိုင်ပါသည်)
ILO Convention No. 87 (C-87) ဗီနိုင်းကို စက်ရုံတွင်း ချိတ်ဆွဲကာ အလုပ်သမားရေးရာများ ဆွေးနွေး ခဲ့သော်လည်း၊ လက်တွေ စက်ရုံ၏ ညွှန်ကြားမှုများမှာချက် အလုပ်သမားအဖွဲ့အစည်းများကို အားပျော့ စေရန် ရည်ရွယ် သည့် ဖိနှိပ်မှုများသာ ဖြစ်နေသည်ကို တွေ့ရပါသည်။
အနှစ်သာရမဲ့သော ဟန်ပြလိုက်နာမှုများ
ILO C-87 ၏ အဓိက အနှစ်သာရမှာ အလုပ်သမားများသည် မိမိတို့အကျိုးစီးပွားကို ကာကွယ်ရန်အတွက် အစိုးရနှင့် အလုပ်ရှင်၏ စွက်ဖက်မှုမရှိဘဲ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်၊ လှုပ်ရှားခွင့်ရှိရန် ဖြစ်ပါသည်။
သို့သော် Bontech စက်ရုံတွင် အလုပ်သမားခေါင်းဆောင်များ၏ ဆက်သွယ်ရေးကို HR ရုံးခန်းရှိ ဖုန်းဖြင့်သာ သုံးခွင့်ပြုခြင်းနှင့် အချိန်ကန့်သတ်ခြင်းတို့မှာ အခြေခံကျသော "လွတ်လပ်ခွင့်" ကို စိန်ခေါ်နေခြင်း ဖြစ်ပါသည်။
ဆက်သွယ်ရေးကို စောင့်ကြည့်ကန့်သတ်ခြင်းသည် အဖွဲ့အစည်း၏ လျှို့ဝှက်ချက်နှင့် လုံခြုံမှုကို တိုက်ရိုက် ထိခိုက်စေပြီး အလုပ်သမားသမဂ္ဂတစ်ခု၏ အသက်သွေးကြောကို ဖြတ်တောက်ရန် ကြိုးပမ်းခြင်းပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်းဥပဒေ ပုဒ်မ ၂၀ နှင့် ၂၁ အရ အလုပ်သမားအဖွဲ့အစည်းများ သည် မိမိတို့အဖွဲ့ဝင်များ၏ အကျိုးစီးပွားကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ရှိသည်။ အလုပ်ရှင်သည် အလုပ်သမား အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်တာများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ နှောင့်ယှက်ခြင်း၊ ဟန့်တားခြင်း မပြုရဟု ပြဋ္ဌာန်းထားသည်။
Bontech စက်ရုံတွင် EC များ၏ ဖုန်းသုံးစွဲမှုကို ကန့်သတ်ခြင်းနှင့် HR ရုံးတွင်သာ ပြောဆိုစေခြင်းသည် အဖွဲ့အစည်းအား ဥပဒေအရ "နှောင့်ယှက်ဟန့်တားမှု" ဖြစ်ပါသည်။
စီးပွားရေးအရ ဖိအားပေးခြင်းနှင့် အခွင့်အရေး ပိတ်ပင်ခြင်း
အလုပ်သမားအရေး ဆောင်ရွက်ရန် အပြင်ထွက်သည့်အချိန်ကို တစ်လလျှင် ၈ နာရီသာ ကန့်သတ်ပြီး၊ ကျော်လွန် ပါက ရက်မှန်ကြေးဖြတ်တောက်မည်ဆိုသည့်အချက်မှာ အလွန်စိုးရိမ်ဖွယ်ရာ ဖြစ်ပါသည်။
အလုပ်သမားခေါင်းဆောင်များသည် အလုပ်သမားရေးရာကိစ္စရပ်များ (ဥပဒေအရ ဖြေရှင်းရန် လိုအပ်သော ကိစ္စများ) အတွက် အပြင်ထွက်ခြင်းကို အလုပ်ပျက်ကွက်မှုအဖြစ် သတ်မှတ်ပြီး ရက်မှန်ကြေး ဖြတ်တောက်ရန် ကြိုးပမ်းခြင်းသည် တရားမမျှတသော လုပ်ရပ် ဖြစ်သည်။
အလုပ်သမားရေးရာ ဆွေးနွေးပွဲများ သွားရောက်ခြင်းသည် အလုပ်နှင့် သက်ဆိုင်သော တာဝန်တစ်ရပ်သာ ဖြစ်သင့်ပြီး ၎င်းကို အကြောင်းပြကာ ရရှိပြီးသား ခံစားခွင့်များကို ပိတ်ပင်ခြင်းသည် အလုပ်သမားများအား စီးပွားရေးအရ အကျပ်ကိုင်ခြင်း ဖြစ်သည်။
ဤလုပ်ရပ်သည် အလုပ်သမားခေါင်းဆောင်များအား ဝင်ငွေကျပ်တည်းအောင်လုပ်ဆောင်ခြင်းဖြင့် အလုပ်သမားအရေး ကို တက်တက် ကြွကြွ မဆောင်ရွက်နိုင်ရန် တားဆီးသည့် "သွယ်ဝိုက် ဖိနှိပ်မှု" ဖြစ်သည်။
ထို့ပြင် စက်ရုံတွင်း ညှိနှိုင်းမှုမရဘဲ အပြင်ရုံးများသို့ တိုက်ရိုက်တိုင်ကြားခြင်းမပြုရန် တားမြစ်ခြင်းမှာ အလုပ်သမားများ၏ တရားမျှတမှု ရှာဖွေပိုင်ခွင့်ကို ပိတ်ပင်ခြင်း ဖြစ်ပါသည်။
စက်ရုံ အုပ်ချုပ်မှုယန္တရားသည် အမြဲတမ်း မျှတမှုမရှိနိုင်သည့်အတွက် အလုပ်သမားများသည် သက်ဆိုင်ရာ ဌာနများသို့ လွတ်လပ်စွာ တိုင်ကြားနိုင်ရမည်မှာ C-87 ၏ အခြေခံမူပင် ဖြစ်ပါသည်။
အလုပ်သမားညွှန်ကြားမှုဦးစီးဌာနသို့ တိုက်ရိုက်မတိုင်ရဟု ကန့်သတ်ခြင်းသည် နိုင်ငံသားတစ်ဦး၏ အခြေခံ ရပိုင်ခွင့်နှင့် ဥပဒေကြောင်းအရ အကာအကွယ်ယူပိုင်ခွင့်ကို ပိတ်ပင်ခြင်းလည်း ဖြစ်သည်။
အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေတွင် မည်သည့်အလုပ်သမားမဆို မိမိနစ်နာမှုကို သက်ဆိုင်ရာ ခုံသမာဓိအဖွဲ့များ၊ ဌာနများသို့ တင်ပြပိုင်ခွင့်ရှိကြောင်း အာမခံထားသည်။
စက်ရုံတာဝန်ရှိသူကို အသိပေးပြီးမှ တိုင်ရမည်ဆိုသည့် "စည်းကမ်း" သည် တည်ဆဲဥပဒေထက် ကျော်လွန်၍ အလုပ်သမားကို ချုပ်ကိုင်ထားခြင်း ဖြစ်သည်။
တာဝန်ပျက်ကွက်သော အစိုးရဌာနနှင့် မြန်မာ့အခြေအနေ
ဤဖြစ်စဉ်တွင် အဆိုးရွားဆုံးအချက်မှာ မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ အရာရှိကိုယ်တိုင်က အလုပ်ရှင် ၏ တောင်းဆိုချက်များအတွက် Guideline ချမှတ်ပေးမည့်ဆိုသည်မှာလည်း ရိုးသားမှုမရှိခြင်းနှင့် ဥပဒေကို ကျော်လွန်လုပ်ဆောင်ရန် ကြိုးပမ်းမှု ဖြစ်ပါသည်။
အလုပ်သမားအရာရှိတစ်ဦးသည် ဥပဒေကို အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဖက် မျှတစွာ လိုက်နာစေရန် ကြီးကြပ်ရသူ ဖြစ်သည်။
ယခုဖြစ်စဉ်တွင် လက်ထောက်ညွှန်ကြားရေးမှူးကိုယ်တိုင်က အလုပ်ရှင်၏ ဖိနှိပ်သော တောင်းဆိုချက်များကို "လမ်းညွှန်ချက်" အဖြစ် ထောက်ခံပေးသလိုခြင်းသည် ၎င်း၏ တာဝန်ဝတ္တရားကို အလွဲသုံးစား ပြုခြင်း ဖြစ်ပြီး ဥပဒေစိုးမိုးမှုကို ပျက်ပြားစေပါသည်။
မြန်မာနိုင်ငံသည် ၁၉၅၅ ခုနှစ်ကတည်းက C-87 ကို လက်မှတ်ရေးထိုးထားသည့် နိုင်ငံဖြစ်သော်လည်း၊ အစိုးရ ဝန်ထမ်းများကိုယ်တိုင်က နိုင်ငံတကာစံနှုန်းများကို နားလည်မှုမရှိခြင်း (သို့မဟုတ်) မျက်ကွယ် ပြုခြင်းတို့ ကြောင့် အလုပ်သမားထုမှာ အကာအကွယ်မဲ့နေရပါသည်။
လက်ရှိတွင် မြန်မာနိုင်ငံသည် ILO ၏ အမြင့်ဆုံးအရေးယူမှုဖြစ်သော Article 33 နှင့် ရင်ဆိုင်ရမည့် အခြေအနေ အထိ ရောက်ရှိနေပါသည်။
Bontech ကဲ့သို့သော စက်ရုံများတွင် ဖြစ်ပွားနေသည့် "ဟန်ပြ ILO ပြဌာန်းချက် လိုက်နာမှု" များသည် မြန်မာ့အလုပ်သမား ကဏ္ဍကို ပိုမိုနက်ရှိုင်းသော အကျပ်အတည်းသို့ တွန်းပို့နေပါသည်။
နိဂုံး
အနှစ်ချုပ်ရသော် Bontech စက်ရုံ၏ ဖြစ်ရပ်သည် ဗီနိုင်းပေါ်က စာသားများနှင့် မြေပြင်က လက်တွေ့ လုပ်ရပ်များကြား ကွာဟချက်ကို အထင်အရှား ပြသနေပါသည်။ အလုပ်သမားအဖွဲ့အစည်းများကို စနစ်တကျ အားပျော့သွားအောင် လုပ်ဆောင်နေသည့် နည်းလမ်းများကို ရပ်တန့်ရန် လိုအပ်ပါသည်။
အစိုးရဌာနများနှင့် အလုပ်ရှင်များအနေဖြင့် နိုင်ငံတကာကတိကဝတ်များကို ဗီနိုင်းပေါ်တွင်သာမက လက်တွေ့လုပ်ငန်းခွင် ထဲအထိ လေးစားလိုက်နာရန် လိုအပ်ကြောင်း ဤဖြစ်စဉ်က သတိပေးနေပါသည်။
Bontech စက်ရုံ လုပ်ရပ်များသည် ILO C-87 ပါ စံနှုန်းများကိုသာမက မြန်မာနိုင်ငံ၏ တည်ဆဲ အလုပ်သမား ဥပဒေများပါ ပြဋ္ဌာန်းချက်များကိုပါ သွေဖည်နေပါသည်။
ဤကဲ့သို့သော "စက်ရုံတွင်း စည်းကမ်း" များသည် ဥပဒေထက် အထက်တွင် မရှိနိုင်သည့်ကို သတိချပ် ဖို့ လိုအပ်ကြောင်း အသိပေးပါသည်။
မူရင်းလင့် >>> https://www.facebook.com/STUMMyanmar/posts/1027614893265043
မူရင်းလင့် >>> https://www.facebook.com/STUMMyanmar/posts/1027614893265043









