အတွေးအမြင်
Dishang Fashion (Myanmar) အထည်ချုပ် စက်ရုံမှာ မေ ၁၉ ရက် နေ့လည်ပိုင်းလောက်မှာ ဖြစ်ပွားတဲ့ မီးပူတိုက် ဌာန အော်စူပါရဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုမှာ နှစ်ဖက် ကာယကံရှင် ကျူးလွန်သူနဲ့ ထိုးကြိတ်ခံရတဲ့ နစ်နာသူကိုပါ စက်ရုံ တာဝန်ရှိသူတွေက အလုပ်ထုတ်ခဲ့ပါတယ်။
သတင်းတွေ ဖော်ပြချက်အရဆို ထိုးကြိတ်ခံရလို့ စက်ရုံဘက် ဆေးရုံအထိ ပို့ပေးတယ်လို့ ဆိုပါတယ်၊ ဒါပေမဲ့ နစ်နာသူ စက်ရုံပြန်ရောက်တော့ အလုပ်ထုတ်ခံရတယ်ဆိုတာ သိရတာပါ။
ဒီလို အလုပ်ထုတ်တာကို စက်ရုံဘက်ကတော့ EC စာချုပ်ပါ အချက်အလက်တွေအရ ကြီးလေးတဲ့ ပြစ်မှုဆိုပြီး အလုပ်ထုတ်ခဲ့ပါတယ်။
ဒါဆို စက်ရုံဘက်က အရေးယူမှုက မှန်ကန်ပါသလား။
EC စာချုပ်မှာ အခန်း ၁၃ ပြဌာန်း ချက်အတိုင်း စက်ရုံဘက်က ကြီးလေးသောပြစ်မှုဆိုပြီး အရေးယူခံတာလို့ ယူဆပါတယ်။
ဒါပေမဲ့ စက်ရုံဘက် အခန်း ၁၅ ကို ဆက်မဖတ်ဖြစ်တာလား။ ကျော်သွားတာလား။ ဒါမှမဟုတ် အလုပ်သမားကို အလုပ်ထုတ်ဖို့ပဲ စိတ်အားသန်နေတာလားဆိုတာ မသိနိုင်ပါဘူး။
EC စာချုပ် အခန်း ၁၅ က အလုပ်က နုတ်ထွက်ခြင်း၊ အလုပ်က ရပ်စဲခြင်းကို ပြဌာန်းထားပါတယ်။
အလုပ်က ရပ်ဆဲခြင်းဆိုတဲ့ အခန်း ၁၅.ခ မှာ “အလုပ်ရှင်သည် အလုပ်သမားကို အလုပ်ရပ်စဲသည့်အခါ ခိုင်လုံသော အကြောင်းပြချက်ဖြင့် မှတ်တမ်းမှတ်ရာများ ထားရှိပြီး ရုံးစာအမိန်ဖြင့် အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်ကိုယ်စားက လက်မှတ်ရေးထိုး၍ အလုပ်သမားအားပေးပြီးမှ အလုပ်ရပ်စဲရမည်” လို့ ရေးထားပါတယ်။
ဒီလိုရေးထားတော့ Dishang Fashion (Myanmar) အထည်ချုပ် စက်ရုံတာဝန်ရှိသူတွေရဲ့ ဆောင်ရွက်ချက်တွေက ဥပဒေနဲ့ လွဲချော်နေတာကို တွေ့နိုင်ပါတယ်။ ခိုင်လုံသော အကြောင်းပြချက် ဆိုတာ ထိုးကြိတ်တာလို့ ပြောနိုင်ပေမဲ့ မှတ်တမ်းမှတ်ရာ ဆိုတာကို စက်ရုံဘက်က လုံးဝ မလုပ်ခဲ့ပါဘူး။
ဒီမှတ်တမ်းမှတ်ရာလို့ ဆိုရာမှာ စုံစမ်းစစ်ဆေးမှု မှတ်တမ်းလို့ နားလည်ပါတယ်။
ဒါဆို စက်ရုံဘက်က စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့သလားဆိုတော့လည်း မလုပ်ခဲ့တာကို တွေ့ရမှာပါ ။ ထိခိုက်မှု ပြီးတော့ ဆေးရုံသွားရတယ်။ ပြန်လာတော့ အလုပ်သမားကို အလုပ်ထုတ်ခဲ့တာပါ။
သိရသလောက်ဆို ဘယ်လိုဖြစ်တယ်၊ ဘာဖြစ်တယ်ဆိုတာကိုလည်း မမေးခဲ့ပါဘူး။ စုံစမ်း စစ်ဆေးမေးမြန်းမှု တခုမှ မလုပ်ခဲ့ပါဘူး။
ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းသည် ကြီးလေးသော စည်းကမ်းဖောက်ဖျက်မှုဖြစ်လို့ EC အရ သတိပေးချက် ပေးဖို့မလိုဘဲ အလုပ်ထုတ်ပိုင်ခွင့် ရှိကောင်းရှိနိုင်ပေမဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီးမှသာ လုပ်ထုံးလုပ်နည်းအညီ ထုတ်ပယ်ရမှာ ဖြစ်ပါတယ်။
အလုပ်ထုတ်မှုက ဘာကိုရည်ရွယ်လဲ
နစ်နာသူ ဖြိုး_အောင်ဆိုတာ လုပ်ငန်းခွင်အခြေအနေတွေနဲ့ အခက်အခဲတွေကို အလုပ်ရှင်ကို တက်ရောက်ပြောဆိုခဲ့ သူပါ။ ဒီလိုပြောဆိုဖူးလို့လည်း ကျူးလွန်သူ အော်စူပါ ပိုမိုအငြိုးထားတာတွေ၊ စောင့်ကြည့်တာတွေ ခံနေရသူပါ။
ကျူးလွန်သူ အောစူပါကတော့ ပြောင်းပြန်အခြေအနေပါ ။ အလုပ်သမားတွေအပေါ် လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်တာ၊ အကြမ်းဖက် ပြောဆိုတာတွေကို အကြိမ်ကြိမ်ပြုလုပ်ခဲ့သူပါ။
ဒီလို ပြုလုပ်ခဲ့လို့ အမျိူးသမီး အလုပ်သမားတွေက စက်ရုံဘက်ကို တင်ပြ ပြောဆိုတော့ “ အခုလို တက်ရောက် တိုင်ကြားတာက ဆူပူအောင်လုပ်တာဖြစ်လို့ ချက်ချင်း အလုပ်က ထုတ်လို့ရတယ်၊ ချက်ချင်း ပြန်ဆင်း” ဆိုပြီး စက်ရုံ HR မန်နေဂျာ က ပြောကြားတယ်လို့ အလုပ်သမားတွေက ပြောထားတာလည်း ရှိပါတယ်။
ဒါတင်မဟုတ်ပါဘူး ၊ စက်ရုံအတွင်း ဌာနခေါင်းဆောင်တွေ ဆဲဆိုခိုင်းစေတာတွေက နေ့စဉ် ဖြစ်နေပေမဲ့ စက်ရုံတာဝန်ရှိသူတွေ မသိသလိုလုပ်နေကြတာပါ။
ဒါက စက်ရုံဘက်က အောစူပါတွေ၊ ခေါင်းဆောင်တွေကို အကာအကွယ်ပေးနေပြီး နစ်နာသူတွေကို အလုပ်ထုတ်ဖို့ တဖက်တည်း စဉ်းစားနေတာက ပေါ်လွင်နေပါတယ်။
စုံစမ်းစစ်ဆေးမှု မလုပ်ခြင်းသည် တရားမျှတမှု မရှိခြင်း
Dishang Fashion (Myanmar) အထည်ချုပ် စက်ရုံက ကျူးလွန်ခံရသူဟာ ခုခံကာကွယ်ခဲ့လား၊ ဒါမှမဟုတ် တုန့်ပြန် တိုက်ခိုက် ခဲ့လားဆိုတာ ခွဲခြားသိနိုင်ဖို့ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။’
မြန်မာ့အလုပ်သမားဥပဒေနဲ့ EC (အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်) လုပ်ထုံးလုပ်နည်းတွေအရဆို ကြီးလေးသော အပြစ်ဒဏ်တွေကို အရေးမယူမီ အမှန်တရား ပေါ်ပေါက်စေဖို့ အလုပ်ရှင်မှာ စုံစမ်းစစ်ဆေးဖို့ တာဝန်လည်း ရှိနေတာပါ။
ကျူးလွန်သူရော၊ နစ်နာသူတွေရဲ့ ထွက်ဆိုချက်၊ ရှင်းလင်းချက်တွေကို ကြားနာခြင်း မရှိဘဲ ချက်ချင်း ထုတ်တာက တရားမျှတမှုကို ဆန့်ကျင်နေတာပါ။ မတရားသောအလုပ်ထုတ်မှု ဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးမှု မရှိဘဲ ထုတ်ပယ်တယ်ဆိုတာ အလုပ်ရှင်ဘက်က မြန်မာအလုပ်သမားဥပဒေရဲ့ လုပ်ထုံးလုပ်နည်းကို စတင်ချိုးဖောက်တာလို့ သုံးသပ်ပါတယ်။








