ARTICLE

ကုန်ကြမ်းမဟုတ်သော နှလုံးသားများ  (မေဒေး အထူးဆောင်းပါး)

CoverLogo
32 Views

စက်မှုဇုန်တစ်ခုရဲ့ မနက်ခင်းဟာ အေးအေးဆေးဆေး ဆူဆူညံညံသံမဟုတ်ပေမဲ့ လှုပ်လှုပ်ရှားရှားနဲ့ နိုးထလေ့ ရှိပါတယ်။ စက်ရုံအဝင်ဝက  ကုန်တင်ကားကြီးတွေနဲ့ အစီးလိုက် ဝင်လာတဲ့ ကုန်ကြမ်းတွေဟာ ထုတ်လုပ်မှု ကွင်းဆက်ရဲ့ အစပြုခြင်းပါပဲ။ ဒီကုန် ကြမ်းတွေကို ကိုင်တွယ်ပြီး အချောထည်အဖြစ် ဖန်တီးပေးတဲ့ အလုပ်သမားတွေလည်း စက်ရုံထဲသို့ အစီအရီဝင်လာကြပါတယ်။


စက်ရုံ ထုတ်ကုန်တွေရဲ့ နောက်ကွယ်မှာ အလုပ်သမား တစ်ယောက်ခြင်းရဲ့ ဘဝတစ်ခုစီ ရှိပါတယ်။ သူတို့ဘဝတွေမှာ   ကိုယ်ပိုင်အိပ်မက်တွေ၊ မိသားစုတာဝန်တွေနဲ့ လူသား ဂုဏ်သိက္ခာနဲ့ တန်ဖိုး အပြည့်အဝ ပိုင်ဆိုင်ထားကြသူတွေ ဖြစ်ပါတယ်။ 
အချိန်ကြာလာရင် ကုန်ကြမ်းတွေ  ဟောင်းနွမ်းမှာ ဖြစ်ပေမဲ့  အလုပ်သမားတွေကတော့ ပင်ပန်းနွမ်းလျ မှုတွေ ကြား သားသမီးတွေနဲ့ မိသားစု  အနာဂတ်ကို ပုံဖော် နေကြပါတယ်။ 


ဒီကနေ့နည်းပညာခေတ်မှာ  အလုပ်သမားတွေကို  လူသားလို မမြင်ဘဲ အစားထိုး စက်ပစ္စည်း အစိတ်အပိုင်း ဒါမှမဟုတ် ကုန်ကြမ်းအမျိုးအစားလို  သဘောထားနေကြတာက ဝမ်းနည်းစရာ  ဖြစ်ပါတယ်။  
စက်ရုံဆိုတာ  ကုန်ထုတ်လုပ်မှု  စက်ယန္တရား စုဝေးရာနေရာ တစ်ခုတည်း မဟုတ်ဘဲ၊ လူသားချင်း စာနာမှု ရှိနေရမဲ့  လူမှုအသိုင်းအဝိုင်းတစ်ခု ဖြစ်ဖို့ လိုပါတယ်။  ဒါတွေက တကယ်ဖြစ်နေရဲ့လား ။


*မေဒေး အနှစ်သာရနှင့် အရှိတရား*
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀ကျော်က ချီကာဂိုမြို့ လမ်းမတွေပေါ်မှာ အလုပ်သမားတွေက "၈နာ ရီ အလုပ်၊ ၈ နာရီ အနား၊၈နာရီဆန္ဒအလျောက်နေထိုင်နိုင်ရေး"ဆိုတဲ့ အခြေခံအခွင့်အရေးအတွက်  အသက်၊ သွေး၊ ချွေး ရင်းနှီး ပြီး မေဒေးနေ့ သမိုင်းကို ရေးထိုးခဲ့ကြပါတယ်။   


ဒီကနေ့ ခေတ်မှာ  မေဒေးနေ့ သမိုင်း ဝင်အခွင့် အရေးတွေကို  တကယ်ပဲ ခံစားနေရပါသလား၊ ခံစားနေရ တုန်းလား ။ 
ဒါမှမဟုတ် မေဒေးနေ့ ဆိုတဲ့  အနှစ်သာရ  ဦးတည်ချက်တွေ ပျောက်ဆုံးနေ ပြီလား။
လက်ရှိ လုပ်ငန်းခွင် အလုပ်သမားတွေမှာ မေဒေးနေ့ ဂုဏ်ပြုမှုတွေကို သိကြ ပါ့မလား။  ဂုဏ်ပြုမှုတွေ အလုပ်သမား ဆီ ရောက်ကြရဲ့လား ။


လက်တွေမှာတော့ ဂုဏ်ပြုမှုတွေ၊ ဂုဏ်ပြုစာတွေကို ဖတ်ဖို့နေနေသာသာ၊ မေဒေးနေ့ ဆိုတဲ့ အများပြည်သူ အလုပ် ပိတ်ရက်မှာ နားခွင့် မရဘဲ လုပ်အားခေါင်းပုံဖြတ် ခံရဆဲ အလုပ်သမားတွေ ဒုနဲ့ဒေး ရှိနေပါတယ်။
ဒီအလုပ်သမားတွေ အတွက် 'မေဒေးနေ့' ဆိုတာ ပြက္ခဒိန်ထဲက အရောင်ဆန်းတဲ့ ရက်စွဲတစ်ခု ၊ သာမာန် အလုပ်ရက် တစ်ရက် ဖြစ်နေပါတယ်။  


*အလုပ်သမားများအား စက်ပစ္စည်းလို သဘောထားသည့် အလုပ်ရှင်၏ လုပ်ရပ်*
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်အလုပ်သမားထု နေထိုင်စားသောက်ဖို့ဆိုတာက ငရဲကျ သလို ဖြစ်နေပါတယ်။ ။
ကုန်ဈေးနှုန်းကအဆမတန်မြင့်တက်နေပေမဲ့  အခြေခံလုပ်ခလစာက ၂၀၁၈ ခုနှစ်က သတ်မှတ်တဲ့ ပမာဏကနေ ဒီကနေအထိ တရားဝင် တိုးမြှင့် မပေးခဲ့ပါဘူး ။ 


၂၀၂၆ ခုနှစ် မတ်လမှ ရွှေလင်ဗန်းစက်မှုဇုန်က တရုတ်နိုင်ငံသားပိုင် Handa 2 အ ထည်ချုပ် စက်ရုံ အလုပ်သမား တွေ ဥပဒေပါ အခွင့်အရေးတွေပေးဖို့၊ ဒေးကြေး၊ OTကြေးတိုးပေးဖို့တောင်း ဆိုခဲ့ပါတယ်။ 
နောက်ဧပြီလအစမှာဘဲ ဆန္ဒပြအလုပ်သမား ၁၀၀ ဝန်းကျင်ကို အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်ပြန်ပါတယ်။  


ဒါက စစ်အာဏာသိမ်းမှုနောက်ပိုင်း ငရဲခန်းသဖွယ် အလုပ်ခွင်တွေနဲ့  စက်ရုံအတော်များများမှာ ဖြစ်နေတဲ့ ဖြစ်စဉ် ပါ။  
ပိုလျှံဖို့ဆိုတာထက် ပုံမှန်နေထိုင် စားသောက်ဖို့ မလုံလောက်တဲ့အတွက် လုပ်ခလစာတိုးပေးဖို့   တောင်းဆိုတဲ့ သပိတ်တွေ ထွက်ပေါ်လာတိုင်း  အလုပ်ရှင်တွေက ညှိနှိုင်းမှုဆိုတာထက်  အာဏာရှင်ဆန်ဆန်   ခြိမ်းခြောက်မှု တွေနဲ့  တုန့်ပြန် ပါတယ်။   


အလုပ်ရှင်က သက်ဆိုင်ရာ ဝန်ကြီးဌာနက ပုဂ္ဂိုလ်တွေ မဟုတ်၊  ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ လက်ပါးစေ လူမိုက်၊ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ခေါ်တဲ့ ဓလေ့လည်း လက်ရှိ ထွန်းကားနေပါတယ်။  
"မကျေနပ်ရင် မလုပ်နဲ့၊ ရုတ်ရုတ် မလုပ်နဲ့၊ စက်ရုံပိတ်လိုက်လို့ အလုပ် လက်မဲ့ အကုန်ဖြစ်သွားမယ်၊ ဒီကာလ လူစုလူဝေးလုပ်လို့မရဘူး။ အကုန်ဖမ်းပြီး ထောင်ထဲပို့ လိုက်မယ်၊ စစ်မှုထမ်းထဲထည့်လိုက်မယ်၊ စစ်အုပ်ချုပ်ရေး နယ်မြေမှာ သမဂ္ဂ ဆိုတာမရှိဘူး" ဆိုတဲ့ ခြိမ်းခြောက် စကားလုံးတွေ  ရောက်ရှိလာ ကြပါတယ်။ 
လက်ရှိ  ဥပဒေပါအခွင့်အရေးကို တောင်းဆိုတာက   ဘေးကင်း လုံခြုံမှုမရှိသည့် တိုက်ပွဲတစ်ခု ဖြစ်နေပါတယ်။ 


*ခေတ်သစ်ကျေးကျွန်စနစ်နှင့် လူမှုရေးရာဇဝတ်မှု*
အခြေခံလစာတိုးမြှင့်မပေးဘဲ  "ထောက်ပံ့ကြေး"ဆိုသော ခေါင်းစဉ်နဲ့ ငဲညှာ ပေးကမ်း သလိုလို ဆောင်ရွက်တာက  အလုပ်သမားထုကို ကျေးကျွန်သဖွယ်သဘောထားခြင်း ဖြစ်ပါတယ်။ 
 "ထောက်ပံ့ကြေး" ဆိုသည့် စကားရပ်က အလုပ်ရှင်တွေအကြိုက် ဥပဒေလှည့်ကွက်တစ်ခု ဖြစ်ပြီး၊ အခြေခံလစာ ထဲ ထည့်သွင်းတွက်ချက်မှုမရှိလို့ အချိန်ပိုကြေးနဲ့ တခြားခံစားခွင့်တွေကို စနစ်တကျ ခေါင်းပုံဖြတ်ဖို့ လမ်းဖွင့်ပေး တာ ဖြစ်ပါတယ်။ 


အလုပ်သမားဆိုတာ ကျွမ်းကျင်မှုနဲ့ လုပ်အားကို  ရင်းနှီးမြှုပ်နှံထားသူတွေဖြစ်ပြီး လုပ်ငန်းခွင်  အဓိက မောင်းနှင်သူတွေ ဖြစ်ပါတယ်။ လက်ရှိပုံစံက  မိမိ လုပ်အားခကို  အောက်ကျို့ တောင်းခံရသလို ဖြစ်နေပြီး  ထုတ်ကုန်ကဏ္ဍက မြန်မာအလုပ်သမားတွေအတွက် နားကျဉ်းဖွယ် ပုံရိပ် ဖြစ်နေပါတယ်။  
အလုပ်ခန့်ချိန် ဒေးကြေးကို တမျိုးပြော၊ လစာပေးတော့ ဒေးကြေးက အလုပ်ခန့်သလို မဟုတ်တော့ ပြန်၊ လစာပေး ရက်ကို စိတ်ကြိုက် ရွှေ့ဆိုင်းတော့ အလုပ်သမားတွေမှာ ဂုဏ်သိက္ခာမဲ့ အရှက်ရတဲ့   စိတ်ဒုက္ခ ခံစား ကြရပါတယ်။  


အလုပ်သမားတွေအတွက် လစာ တစ်ရက်၊ နှစ်ရက် နောက်ကျတာက  ဝမ်းရေးနဲ့ နေထိုင်ရေးကို ပြိုလဲ ပျက်စီးစေနိုင်တဲ့ အထိ သက်ရောက်မှု ရှိပေမဲ့ အာဏာပိုင်တွေနဲ့ အလုပ်ရှင်တွေကတော့ လျစ်လျူရှု နေဆဲ ဖြစ်ပါတယ်။   
*တောင်းဆိုခြင်း (သို့မဟုတ်)   အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ဂုဏ်သိက္ခာ ကာကွယ်ခြင်း*
အလုပ်သမားတွေ  ရပိုင်ခွင့်ကို တောင်းဆိုခြင်းက  အလုပ်ရှင်ကို စိန်ခေါ်တာမဟုတ်ဘဲ  အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ဂုဏ်သိက္ခာ ကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။   


အလုပ်သမားအခွင့်အရေး တောင်းဆိုမှု သပိတ်ခေါင်းဆောင်တွေကို  အကြောင်းပြချက် မရှိဘဲ အလုပ်ထုတ်တာက ပုံမှန် လုပ်ရိုးလုပ်စဉ်လို ဖြစ်နေပါတယ်။ 
"မလိုလားအပ်သူများ၊ လုပ်ငန်းခွင်ကို ဆူပူအောင်လုပ်သူများ" အဖြစ် သတ်မှတ်ပြီး  နည်းမျိုးစုံသုံး ဖိအားပေး ခြိမ်းခြောက် အလုပ်ကနေ ဖယ်ရှားကြပါတယ်။  သမဂ္ဂခေါင်းဆောင်တွေကို တခြားစက်ရုံတွေမှာ လုပ်ကိုင်ခွင့် မရအောင်  Blacklist (နာမည်ပျက်စာရင်း) သွင်း စတဲ့  မတရားမှုတွေပါ အလုပ်ရှင်တွေ ကျူးလွန်နေကြပါတယ်။
ဒါဟာ အလုပ်သမားတစ်ဦးရဲ့ ရှေ့ဆက်ရမည့် ဘဝတစ်လျှောက်လုံးတွင် လုပ်ကိုင် စား သောက်ခွင့်ကို အမြစ်ပြတ် ပိတ်ပင်ခြင်း ဖြစ်ပြီး ဒီလုပ်ရပ်က လူသားတစ်ဦးရဲ့ အခြေ ခံရှင်သန်ခွင့်နဲ့ ဂုဏ်သိက္ခာကို ဗြောင်ကျကျ ဖျက်ဆီးတဲ့ "လူမှုရေးရာဇဝတ်မှု"  တစ်ခုဖြစ်ပါတယ်။  


တချို့စက်ရုံတွေမှာ  အလုပ်သမားတွေ  စုပေါင်းတောင်းဆိုမှု ဖြစ်လို့  ဆိုပြီး စက်ရုံကို ရုတ်တရက် ပိတ်တဲ့ ဓလေ့လည်း လက်ရှိ ထွန်းကားနေပါတယ်။  
ဒါက အလုပ်ရှင်တွေက လှည့်ကွက် တခုဖြစ်နေပြီး အခြားတစ်နေရာတွင် အမည်အသစ်နဲ့ လုပ်ငန်း ပြန်လည် လည်ပတ်တဲ့  "ရုံခါခြင်း" ဗျူဟာ ဖြစ်ပါတယ်။  


ဒီကနေ့ စက်ရုံအချို့မှာ နိုင်ငံခြားသား တာဝန်ခံဆိုသူအချို့ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုဆိုတာတွေ၊ “တ ရုတ်မယားအဖြစ် စည်းရုံးသိမ်းသွင်းတဲ့ လူကုန်ကူးမှု ပုံစံတွေက ကြားမကောင်းအောင် ဖြစ်ပွားနေပေမဲ့  အရေးယူနိုင်တာမျိုး မရှိသေးပါ။  


*စုပေါင်းဖွဲ့စည်းခွင့်သည် မွေးရာပါ လူ့အခွင့်အရေး*
အလုပ်သမားအခွင့်အရေးဆိုင်ရာ ဥပဒေတွေကို ကျင့်သုံးနေသလို နဲ့   အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရုံး တွေက မြို့နယ်တိုင်းမှာ ရှိ ပါတယ်။  လက်တွေ့မှာတော့ အလုပ်သမားတွေအတွက် အခွင့်အရေးနဲ့ အကျိုးစီးပွား ကို အကာအကွယ်ပေးနိုင် ခြင်းမရှိပါ။ 


အလုပ်ရှင်များ၏အလုပ်သမားများအပေါ်မတရားမှုမှန်သမျှကိုငွေကြေးဖြင့် လာဘ်ပေးလာဘ် ကိစ္စရပ်တွေက ထင်ထင်းရှားရှား ရှိနေပြီး ဝန်ကြီးဌာန ဝန်ထမ်းတွေက  အလုပ်သမား အကျိုးစီးပွားကို ကာကွယ်ပေးသူ အဖြစ်ကနေ လမ်းလွဲပြီး အလုပ်ရှင် အကျိုးစီးပွားကာကွယ်တဲ့ လုပ်ရပ်တွေကို ပြုမူနေပါတယ်။ 
ဒီအခြေအနေက  အုပ်ချုပ်ရေးယန္တရားရဲ့ အဂတိတရား၊  အုပ်ချုပ်ရေး ယိုယွင်းပျက်စီးမှုကို ပေါ်လွင်စေတဲ့  အထောက်အထားတစ်ခု ဖြစ်ပါတယ်။ မြန်မာ အလုပ်သမားအခွင့်အရေးက အာဏာ လုပ်ပိုင်ခွင့်နဲ့  ငွေကြေး အောက်မှာ ပျောက်ဆုံးနေပါပြီ။  


*ဘယ်သူ့ခွင့်ပြုချက် ယူရဦးမည်နည်း*
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) ရဲ့ အခြေခံပဋိညာဉ်အမှတ် (၈၇) ၊  မြန်မာနိုင်ငံ  အလုပ်သမား အဖွဲ့အစည်းများဥပဒေ (၂၀၁၁) ခုနှစ်အရ အလုပ်သမားတွေအနေဲ့ ကြိုတင်ခွင့်ပြုချက် ရယူဖို့ မလိုဘဲ မိမိတို့ နှစ်သက်ရာ အဖွဲ့အစည်းတွေကို လွတ်လပ်စွာ ဖွဲ့စည်းပိုင်ခွင့် ရှိပါတယ်။  
လက်ရှိ အာဏာပိုင်တွေ  အသုံးချနေတဲ့ "မှတ်ပုံတင်ခြင်း" ဆိုတာ  အဖွဲ့အစည်းရဲ့ ဥပဒေရေးရာ တရားဝင်မှုကို ခိုင် မာစေဖို့ ဖြစ်ပါတယ်။  "မှတ်ပုံတင် စာရွက်" မရှိတာက "အလုပ်သမားအဖွဲ့အစည်း(သမဂ္ဂ) ဖွဲ့ စည်းခွင့် မရှိခြင်း" မဟုတ်သလို ၊ အလုပ်ရှင်နှင့် အာဏာပိုင်တို့က "မင်းတို့ ဖွဲ့ခွင့်မရှိဘူး" ဟု ပိတ်ပင် ခြင်းမှာလည်း ဥပဒေကို ကျော်လွန်တဲ့ လုပ်ရပ်သာ ဖြစ်ပါတယ်။  


လက်တွေ့မှာတော့ ဝန်ကြီးဌာနနဲ့ ဗျူရိုကရေစီတွေက လွတ်လပ်စွာသင်းပင်း ဖွဲ့စည်းခွင့်ကို လေးစားရမဲ့ အစား "အလုပ်သမားအဖွဲ့အစည်းကို ငါတို့ကပဲ ဖွဲ့ပေး မယ်၊ ဘယ်လိုပုံစံတွေ တင်ရမယ်" ဆိုပြီး  အလုပ်သမားတွေရဲ့  ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေပါတယ်။ 


*WCC  နှင့် ဟန်ပြကိုယ်စားပြုမှုများ*
စက်ရုံပိုင်ရှင်တွေက “အပ်ထည်ပေး” နိုင်ငံတကာကုန် အမှတ်တံဆိပ်(Brands) တွေက "အလုပ်သမား ကိုယ်စားပြုအဖွဲ့အစည်း (သမဂ္ဂ)ရှိပါသလား"လို့ လာရောက်စစ်ဆေးမေးမြန်းတဲ့ အခါမှာ  ဩဇာခံ WCC အဖွဲ့ဝင်တွေကိုသာ ကြိုတင်သင်ကြားပေးပြီး "ဟန်ပြလိမ် ညာခြင်း" ကို စနစ်တကျ ပြုလုပ်ကြပါတယ်။   
ဒါတင်မဟုတ်  လုပ်ငန်းရှင်တွေရဲ့ ထိန်းချုပ်မှုအောက်က လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ(WCC) ကို အသုံးချပြီး၊ အခြေခံအလုပ်သမားအဖွဲ့အစည်းဖွဲ့ (သမဂ္ဂ)စည်းရန်ကြိုးပမ်းမှုတွေကို ပစ်မှတ်ထား ၊ အလုပ်အကိုင်ကို ခြိမ်းခြောက်တာ၊   ရပိုင်ခွင့်များကို ဖြတ်တောက်တာ၊ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာ၊ အကျပ်ကိုင်တာတွေကို ဆောင်ရွက်လေ့ ရှိပါတယ်။ 


ဒီလုပ်ဆောင်မှုက  အလုပ်သမားတွေရဲ့ ကိုယ်ပိုင်ဆန္ဒနဲ့ အသံကို လျစ်လျူရှုပြီး အန္တရာယ်ရှိတဲ့ သဘောထား ဖြစ်ပါတယ်။  


*သပိတ် အမြတ်ထုတ်  ပွဲစား များ*
အလုပ်သမား စုပေါင်းတောင်းဆိုမှု သပိတ်တွေ ပေါ်ပေါက်လာပြန်တော့ အဖွဲ့အစည်းအမည်ခံ 'ပွဲစား' အတွက်  အမြတ်ထုတ်စရာ အခွင့်အလမ်း ဖြစ်လာပါတယ်။ 
'မင်းတို့သပိတ် အောင်မြင်အောင်၊ ငါတို့အလုပ်ရှင်နဲ့ ဝန်ကြီးဌာနတွေနဲ့ ညှိပေးမယ်' ဆိုပြီး လိမ်ညာ စည်းရုံး ပါတယ်။


ဥပဒေပါ အခွင့်အရေးအတွက် အလုပ်သမားတွေက  အားကိုးရာမဲ့ အထီးကျန်စွာ တိုက်ပွဲဝင်ကြရသူတွေ ဖြစ်ပါတယ်။ အလုပ်ရှင်နှင့် အလုပ်သမားရုံးကို ရင်ဆိုင်ဖို့ ဥပဒေကြောင်း နားမလည်ကြတဲ့ အလုပ်သမားတွေ အတွက် ပွဲစား စကားက  ' ကောက်ရိုးတစ်မျှင်” လို ဖြစ်ရတာပါ။ 


ဒီအားနည်းချက်ကို အခွင့်ကောင်းယူပြီး ပွဲစားတွေက အလုပ်သမားဦးရေအလိုက် 'တစ်ယောက်လျှင် ၂,၀၀၀ နှုန်း' တောင်းခံပါတော့ တယ်။  ဒါက အပေါ်ယံ အကြောင်းအရာတခုပဲ ရှိပါသေးတယ်။ အလုပ်ရှင်၊ အလုပ်သမားနဲ့ အမှတ်တံဆိပ်ကြား အကျိုးစီးပွားရှာတဲ့ အဖွဲ့အစည်းတွေလည်း ရှိနေပါတယ်။ 


*ခေါင်းဖြတ်နည်းဗျူဟာ*
စုပေါင်းတောင်းဆိုမှုတွေကို ဖြိုခွဲဖို့အတွက် အလုပ်ရှင်နဲ့ အာဏာပိုင်တွေဟာ "ခေါင်းဖြတ်နည်းဗျူဟာ" ဆိုတဲ့ ထောင်ချောက်ကို အသုံးချလေ့ရှိပါတယ်။ 
ဒီထောင်ချောက်က သပိတ်ခေါင်းဆောင်တွေကို သီးသန့်ခွဲထုတ်ပြီး ငွေကြေးနဲ့ သိမ်းသွင်း အလုပ် ထွက်ခိုင်းတာ ဖြစ်ပါတယ်။ ကျန်ရစ်တဲ့ အလုပ်သမားထုကို အားကိုးရာမဲ့ဖြစ်အောင် အထီးကျန်သွားအောင် လုပ်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဒါကို အမြဲ သတိပြုကြရပါမယ်။


*ခေါင်းဆောင်မှုဆိုတာ အားလုံးအတွက် တစ်ဦးတည်းပိုင်မဟုတ် *
သပိတ်  ခေါင်းဆောင်ဆိုတာ အလုပ်သမားတွေ ရှေ့က ဦးဆောင်သူတဦးတယောက်တည်းကို ဆိုလိုတာ မဟုတ်ပါဘူး။ တောင်းဆိုချက်တွေဟာ အလုပ်သမားအားလုံးရဲ့ ဘုံအကျိုးစီးပွား ဖြစ်သလို ခေါင်းဆောင်မှုဆို တာလည်း ဒီသဘောပါပဲ။ ခေါင်းဆောင်တစ်ဦးကို ငွေနဲ့ ဝယ်လို့ရနိုင်ပေမယ့် အလုပ်သမားထု ရဲ့ စည်းလုံးမှု ကိုတော့ ဘယ်ငွေနဲ့မှ ဝယ်လို့မရပါဘူး။


စည်းလုံးမှုကသာ အကြီးမားဆုံးသော ခေါင်းဆောင်  ဖြစ်တယ်ဆိုတာကို ခိုင်မာစွာ ယုံကြည်ထားကြပါ။ 
ခေါင်းဆောင်မရှိရင် သပိတ်ပြိုတယ်ဆိုတဲ့ အယူအဆကို စွန့်ပစ်ပါ။   စုပေါင်းအင်အားဟာ  ဖြတ်တောက်လို့မရတဲ့၊  ဝယ်ယူလို့မရတဲ့အစစ်မှန်ဆုံးသော ခေါင်းဆောင်ဖြစ်ပါတယ်။ 


အရေးကြီးဆုံးက  "သတင်းအချက်အလက်ကို အားလုံးသိအောင်လုပ်ပါ"။ ညှိနှိုင်းမှုတွေမှာ ဘာတွေ ပြောခဲ့သလဲ၊ ဘာတွေတောင်းဆိုထားသလဲ ဆိုတာကို လူနည်းစုပဲ သိနေတာမျိုး မဖြစ်ပါစေနဲ့။ အားလုံး နားလည်နေမှ ခေါင်းဆောင်ကိုခွဲထုတ်လိုက်တဲ့အခါ ကျန်ရစ်သူတွေကယိုင်နဲ့မသွား ဘဲ အခွင့်အရေးကို ဆက်လက် တောင်းဆိုနိုင်မှာ ဖြစ်ပါတယ်။


ခေါင်းဆောင်အချို့က လျော်ကြေးယူပြီး အလုပ်ထွက်သွားတာဟာ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးရွေးချယ်မှုသာ ဖြစ်ပါတယ်။
ကျန်ရစ်တဲ့အလုပ်သမားတွေ အတွက်ကတော့ မိမိတို့ရဲ့ လုပ်ငန်းခွင်ဂုဏ်သိက္ခာနဲ့ ရေရှည်ရပိုင်ခွင့်တွေအတွက် ဆက်ပြီး တိုက်ပွဲဝင်ဖို့ လိုအပ်ပါတယ်။


*ကွဲပြားသော မူဝါဒလမ်းစဉ်များကြားက အလုပ်သမားထု၏ အသံ*
 မြန်မာပြည်အလုပ်သမားအရေး လှုပ်ရှားမှုအတွင်းတွင် မတူညီသော မူဝါဒလမ်းစဉ်တွေနဲ့  လုပ်ဆောင်တွေမှု တွေက ရှုပ်ထွေးမှုတွေနဲ့ ကွဲပြားမှုတွေ ရှိနေပါတယ်။   
အဖွဲ့အစည်းတွေရဲ့ မတူညီသောလုပ်ဆောင်မှုတွေက အလုပ်သမားတွေ မည်သည့် လမ်းကို ယုံကြည်ရမည်ကို မသိဘဲ ဗျာများရသလို   အားကိုးမဲ့သည့် အထီးကျန်မှုကို ခံစားကြရတာကို သတိမူဖို့ လိုအပ်ပါတယ်။  
ဘယ်လို နည်းလမ်းကိုသုံးသုံး လုပ်ဆောင်ချက်တွေရဲ့ အကောင်းအဆိုး အကျိုးဆက်တွေက အလုပ်သမားထုရဲ့ ယုံကြည်ချက်နဲ့  နေ့စဉ်ဘဝကို  တိုက်ရိုက် သက်ရောက်နေတာပါ။ 


ဒါကြောင့် အလုပ်သမားတစ်ဦးချင်းစီရဲ့  ဝမ်းရေး၊ ရှင်သန်ရပ်တည်ရေး၊ လုပ်ငန်းခွင်လုံခြုံရေးနှင့် လူသား ဂုဏ်သိက္ခာကို ဘုံအကျိုးစီးပွားအနေနဲ့  စဉ်းစားကြဖို့ ဖြစ်ပါတယ်။ 


*နိဂုံး - လူသားဂုဏ်သိက္ခာကို အရင်းပြုသော အနာဂတ်ဆီသို့*
အနှစ်ချုပ်အနေနဲ့ အလုပ်သမားတွေဟာ အစားထိုးရတဲ့ ကုန်ကြမ်းများ မဟုတ်သလို၊ စိတ်ကြိုက် ခြယ်လှယ်နိုင်တဲ့  စက်ပစ္စည်းအစိတ်အပိုင်းများလည်း မဟုတ်ကြပါ။ 


နာကျင်တတ်သော၊ အိပ်မက်မက်တတ်သော၊ ဂုဏ်သိက္ခာရှိသော လူသားများသာ ဖြစ်ကြပါတယ်။ 
မြန်မာပြည်အလုပ်သမားထု ခံစားနေရတဲ့ အရှိတရားတွေက ခါးသီးလှပြီး ဒါတွေကို လျစ်လျူရှုတာက  လူသားချင်း စာနာမှုဆိုင်ရာ တာဝန်ဝတ္တရားကို ပျက်ကွက်တာ ဖြစ်ပါတယ်။  


အလုပ်ရှင်များ၊ အာဏာပိုင်တွေနဲ့  နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေက "အခြေခံလူ့အခွင့်အရေး" အဖြစ် အလေးအနက် အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။  
အလုပ်သမားထုအနေနဲ့ စုပေါင်းအင်အားကနေ  ရရှိနိုင်တဲ့ အောင်ပွဲတွေကို  မြင်ယောင်ကြည့်ပါ။ ငါတို့ ဟာ ကုန်ကြမ်း မဟုတ်ဘူး၊ ငါတို့ဟာ လောကကြီးကို ဖန်တီးနေတဲ့သူတွေ၊  တရားမျှတမှုအတွက် တိုက်ပွဲ ဝင်သူတွေ ပါ။ 


အလုပ်သမားလက်တွဲဖော်တို့ရေ...  စည်းလုံးညီညွတ်မှုကသာ အမှောင်ထုကို ထွင်းဖောက်နိုင်မဲ့ အကြီးမား ဆုံးသော ခွန်အားဖြစ်ပါတယ်။  လူသားတစ်ယောက်အတွက် ဂုဏ်သိက္ခာ နှင့် ထိုက်တန်သော ဘဝကို ရရှိဖို့  အတူတကွ လက်တွဲ ရုန်းကန်ကြပါစို့။


ဒီမေဒေးနေ့မှ စုပေါင်းအင်အားတွေ ပိုမိုထက်မြက်၊ပိုမို တောက်ပလာပြီး၊ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမား လှုပ်ရှားမှု တွေနဲ့ ချိတ်ဆက်ပြီး၊ အလုပ်သမား အခွင့်အရေး အပြည့်အဝရရှိတဲ့ အထိ ခိုင်မာစွာ ချီတက်နိုင်ပါစေကြောင်း ဂုဏ်ပြုဆုမွန်ကောင်း တောင်းလိုက်ရပါသည်။


 #MyanmarLabourNews #opinion #MayDay#FGWM


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ဗီနိုင်းထက်က ILO နှင့် မြေပြင်က ဖိနှိပ်မှုများ- Bontech စက်ရုံဖြစ်စဉ် ဆန်းစစ်ခြင်း
Mar 23, 2026
Cover
စက်ရုံထဲက "သတို့သမီးလောင်း" ရှာပုံတော်နှင့် အဟောသိကံ စစ်ဆေးမှု
Mar 22, 2026
Cover
လုပ်သားတွေ စားဝတ်နေရေး ပြေလည်မှ နိုင်ငံစီးပွား လည်ပတ်မယ် (အတွေးအမြင်)
Mar 15, 2026
Cover
Handa 2 စက်ရုံအရေး - အထည်ကြေး ကျပ် ၁၄၀၀၀ ဖြတ်တောက်မှုနှင့် မပြေလည်သေးသည့်တောင်းဆိုမှု
Mar 12, 2026
Cover
"မေတ္တာနဲ့ အသိအမှတ်ပြုမှု တောင်းဆိုခြင်း - လုံခြုံစိတ်ချရတဲ့ လုပ်ငန်းခွင်နဲ့ လူမှုဝန်းကျင်တစ်ခု"
Mar 08, 2026
Cover
Pad သည် စစ်လက်နက်မဟုတ်သလို၊ ဇိမ်ခံပစ္စည်းလည်း မဟုတ်ပါ
Mar 06, 2026