အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ လုံခြုံရေးတပ်သားတွေက ရန်ကုန်မြို့ရှိ မြို့နယ်တိုင်းရဲ့ ရပ်ကွက်တွေမှာ ညပိုင်းအချိန် လူငယ်ဖမ်းဆီးမှု တွေကို ယခုရက်ပိုင်းအတွင်းမှာ ပြင်းပြင်းထန်ထန်ဆက်တိုက်ပြုလုပ်လာတာတွေ့မြင်ရပါတယ်။
အဲ့ဒီလို အပြင်းအထန် ဖမ်းဆီးနေတာတွေဟာ စစ်မှုထမ်းအတွက် ပေါ်တာဆွဲတာအပြင် ငွေကြေးရယူလိုမှုကြောင့် ပေါ်တာအယောင်ဆောင်ပြီး ပြန်ပေးဆွဲ ငွေကြေးတောင်းခံတဲ့အသွင်ကိုပါ ကူးပြောင်းလာတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ဒေါပုံ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ စတဲ့ မြို့နယ်တွေ အပါအဝင် ဆူးလေလို မြို့လယ်တွေမှာပင် လူငယ်တွေကို စစ်ကားပေါ် အတင်းဆွဲခေါ်ယူတင်သွားတာတွေရှိတယ်လို့ မျက်မြင်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ တပ်သားတွေဟာ လူဦးရေများစွာကို အစုလိုက်အပြုံလိုက်ဖမ်းဆီးမှုတွေအထိ ဆက်တိုက်ပြုလုပ်လာတာကြောင့် လူငယ်အများစုက ကြောက်စိတ်များစွာနဲ့ နေ့စဉ်ဖြတ်သန်းနေကြရတာပဲဖြစ်ပါတယ်။
ဒါတင်မကသေးဘဲ လူငယ်တွေအပေါ် အကြောက်တရားသွင်းယူပြီးမှ လက်နက်ပြအခွင့်ကောင်းယူကာ ဖမ်းဆီးမှုနည်းမျိုးစုံနဲ့ ကြုံသလိုရယူဖမ်းဆီးပြီး ခြိမ်းခြောက်မှုတွေ ရိုက်နှက်မှုတွေ ဆဲဆိုမှုတွေနဲ့ လူတစ်ဦးလျှင်အနည်းဆုံး ကျပ် ၅ သိန်းမှ ကျပ်သိန်း ၂၀ နှုန်းအထိ တောင်းရမ်းငွေညှစ်ပြီးမှပြန်လွှတ်တဲ့ ဖမ်းဆီးငွေညှစ်တာတွေလည်း များလာပါတယ်။
"ကျွန်တော်တို့ကနယ်မြေခံတွေဆိုတော့ ဘယ်မှာဘာဖြစ်တယ်။ ဘယ်နှစ်ယောက်ပါသွားတယ်ဆိုတဲ့ သတင်းကြားတာနဲ့ ဒါကဆိုက်ဝါးတွေပါကွာဆိုပြီးထင်ခဲ့တာ။ ခုနောက်ပိုင်းဖမ်းခံရတာတွေပြောတဲ့သူတွေ လူပျောက်ကြော်ငြာတွေကဆက်တိုက်တွေ့လာတော့ ကျွန်တော်တို့လည်းလေ့လာကြည့်တယ် တစ်ကယ်ဖြစ် နေတာတွေ့ရတယ်။ ဒါကစစ်သားတွေချည်းလုပ်နေတာကိုအများစုတွေ့ရတယ်။ အိမ်တွေရပ်ကွက်တွေ ဟိုတယ်တွေမှာဖမ်းရင် အခမ ရော စစ်တပ်ရောပေါင်းလုပ်တာ။ ပေါ်တာဆွဲတာက ရပ်ကွက်လူကြီးပါရပြီး နေအိမ်ကိုဝင်ခေါ်တာတွေလုပ်ရတာ။ ထွေအုပ်ပါကိုပါရတယ်။ လမ်းမှာပေါ်တာဆွဲတယ်ဆိုတာ ထွေအုပ်မပါ ဘူးဆိုရင် သပ်သပ်ဂွင်ဖန်လိုက်တယ်။ အကြောင်းရှာဖမ်းမယ် ငွေညှစ်မယ်ဒီလိုတွေကို စစ်တပ်ကခုရက်ပိုင်း မှာဆက်တိုက်လုပ်တာတွေ့ရတယ်"လို့ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ထမ်းတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ ပေါ်တာဆွဲမှုတွေပြုလုပ်တဲ့အခါမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးပါရှိပြီး အုပ်ချုပ်ရေးမှူးမပါဘဲ တပ်ကဖမ်းလာပါက ဒါဟာငွေကြေးရလိုမှုအတွက် ဖမ်းဆီးငွေညှစ်တာဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်းက အရက်အေးဂျင့်ဆိုင်မှာ ဖမ်ဆီးခံခဲ့ရတဲ့ လူငယ် ၃ ဦးရှိပြီး တစ်ဦးလျှင်ငွေကျပ် ၅သိန်းကျပ်ဖြင့်ပြန်လည်ရွေးထုတ်လွတ်မြောက်လာသူတွေဖြစ်တယ်လို့ သိရသလို လှိုင်သာယာမြို့နယ် FMI City အနီးကအလုပ်သမားတစ်ဦးဟာလည်း အမှတ်မထင်ဖမ်းဆီးခံလိုက်ရတာကြောင့် တစ်ညအိပ်၂ရက်ကြာမှသာ ငွေကျပ်၅သိန်းဖြင့် ညပြန်လည်ခေါ်ဆောင်နိုင်ခဲ့တာလို့ သိရပါတယ်။
ယခုတစ်ခါမှာလည်း ဒီဇင်ဘာ ၂၂ရက်နေ့ညက ကျောက်မြောင်းသီတာလမ်းပွဲဈေးမှာ စစ်ကား၂စီး ဝင် ရောက်လာရာကနေ ပွဲဈေးကလူငယ်တွေဟာ ရုတ်တစ်ရက်ထွက်ပြေးကာ ဝရုန်းသုန်းကားအခြေအနေဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ပွဲဈေးမှာ လူငယ်တွေများတာကြောင့် လူငယ်တွေအပေါ် စစ်တပ်ကထပ်မံလိုက်လံဖမ်းဆီးခဲ့လို့ သြဘာလမ်းအရောက်လူငယ် ၁၅ဦးဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းတွေထွက်ပေါ်လာတာဖြစ်တယ်လို့ သိရပါတယ်။
"သီတာလမ်းတစ်ဝက်လောက်မှာဖြစ်ပွားတာ။ စစ်ကားကိုမြင်ကာရှိသေးအကုန်ထွက်ပြေးကြပြီး ရုန်းရင်းဆန် ခတ်ဖြစ်ကုန်တာ။ တပ်ကလည်း ကလေးတွေရန်ဖြစ်တယ်ထင်ပြီးလိုက်တာ။ သြဘာလမ်းမှာမိတယ်တဲ့။ ပြန် လွှတ်လိုက်သလားဖမ်းသလားတော့ သေချာမသိဘူး။ လူငယ်တွေမသိကြဘူး"လို့ အဆိုပါပွဲဈေးမှာ ဈေးရောင်းချတဲ့ အလုပ်သမားတစ်ဦးဆိုပါတယ်။
အလားတူသာကေတမှာလည်း လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သတင်းထွက်ပေါ်လာလို့ လေ့လာစုံစမ်းခဲ့ရာ ဒေါပုံမြို့နယ်ရှိ ဟိုတယ်တစ်ခုမှာ စစ်ကောင်စီတပ်သား တွေက ဟိုတယ်အတွင်းမှာရှိတဲ့ လူငယ်တွေကိုဖမ်းဆီးခဲ့ရာ လူငယ် ၁၁ ဦးအထိဖမ်းဆီးခံခဲ့ရပြီး မတရား ငွေညှစ်ခံခဲ့ရတာလို့ သိရပါတယ်။
"ကလေးအားလုံး ၁၁ယောက်ရှိတယ်။ ထွေအုပ်ရယ် စစ်တပ်ရယ် မန်နေဂျာရယ် ပူးပေါင်းလုပ်တယ်လို့ထင်ရ ပါတယ်။ မန်နေဂျာက တစ်ခန်းထဲစုနေခိုင်းပြီးတပ်ကိုဝင်ဖမ်းခိုင်းခဲ့တာ။ ကလေးတစ်ယောက်ကို ၁၀ သိန်းတောင်းတာမရလို့ ကလေးတစ်ယောက်ကို ၅သိန်းစီနဲ့ပြန်လွှတ်ပေးလိုက်တာ"လို့ ဒေါပုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ပြည်ထဲရေးဝန်ထမ်းတစ်ဦးဖြစ်သူကဆိုပါတယ်။
စစ်ကောင်စီက လူငယ်တွေကိုဖမ်းဆီးရာမှာ ပေါ်တာကိုအကြောင်းပြပြီး လူငယ်တွေစိုးရိမ်ကြောက်စိတ်ရှိ တဲ့အပေါ်အခွင့်အကောင်းယူကာ လူငယ်တွေကိုကောက်ခါငင်ကာဖမ်းပြီး နည်းမျိုးစုံနဲ့ခြိမ်းခြောက်ကာ ဟိုတယ်တွေ ရပ်ကွက်နေအိမ်တွေ အတွင်းမှာ ဧည့်စာရင်းလိုလို လက်နက်ရှိသယောင် မူးယစ်ဆေးသုံးစွဲနေသယောင် ခေါင်းစဉ်တပ်ကာ ဖမ်းဆီးပြီးငွေညှစ်နေတာတွေကို ပြုလုပ်လာတာဖြစ်တယ်လို့ သိရပါတယ်။
ဒေါပုံမြို့နယ်ရှိ ဟိုတယ်တစ်ခုမှာ ဖမ်းဆီးခံခဲ့ရတဲ့လူငယ် ၁၁ယောက်ဟာ ဟိုတယ်မန်နေဂျာ၊ ရေတပ်ကစစ် ဗိုလ်နဲ့ ဗိုလ်မှူးဆိုသူတို့က ပူးပေါင်းကြံစည်ကာ အဆိုပါကလေး ၁၁ ယောက်ထံမှ ငွေကျပ် ၁၀ သိန်း စီတောင်းခံခဲ့ပြီးနောက် ကလေးအုပ်ထိန်းသူမိဘများရဲ့ ညှိနှိုင်းမှုတွေနဲ့ တစ်ဦးလျှင်၅သိန်းနှုန်းစီဖြင့် ၅၅သိန်းဖြင့် ပြန်လည်လွှတ်ပေးလိုက်တာလို့ သိရပါတယ်။
အလားတူ သာကေတရန်ပြေဘက်မှာလည်း လူငယ်၂ဦးဖမ်းခံခဲ့ရလို့ ငွေကျပ် ၅သိန်းစီဖြင့် ပြန်လည်ရယူ ထားပြီး ပြန်လည်လွှတ်ပေးလိုက်တယ်လို့ နယ်မြေခံရဲဝန်ထမ်းတစ်ဦးက ဆိုပါတယ်။
"ခုကသူတို့က စစ်မှုထမ်းဖို့ပေါ်တာဆွဲနေတာမဟုတ်ဘူး။ ဖမ်းဆီးပြီးငွေညှစ်နေတဲ့အဆင့်ကိုရောက်သွားပြီ။ ဖမ်းခံရတယ်လို့ကြားလိုက်တဲ့အခါတိုင်းမှာ တိုင်းရုံးကိုသတင်းတက်မလာဘူး။ ငွေပေးပြီးလွှတ်ပေး လိုက်တယ်ဆိုတာတွေပဲကြားလာတယ်။ ဆက်တိုက်ပဲ ခုရက်ပိုင်းတင် တစ်ကြိမ်ကြိမ်ဆို အုပ်စုတွေလိုက်ကိုပဲ တောင်းရင် ၁၀ သိန်းစီချည်းတောင်းတာ ၅သိန်းနဲ့ပြန်ပြန်လွှတ်ပေးနေကြတာ။ လူငယ် တွေသတိထားနေမှရမယ်။ ဖြစ်နိုင်ရင်ဟိုတယ်တွေလည်း မသွားလေကောင်းလေပဲ။ ခုကဟိုတယ်တွေကိုဖမ်း နေတာများတယ်"လို့ ၎င်းကဆက်လက်ဆိုပါတယ်။
စစ်ကောင်စီရဲ့ ယခုရက်ပိုင်းဖမ်းဆီးမှုတွေဟာ အသက်မပြည့်သေးတဲ့လူငယ်တွေလည်းပါသလို မိန်းကလေး တွေပါပါဝင်လာတာကိုလည်း တွေ့ရပါတယ်။
တည်းခိုခန်းတွေမှာလည်း ရပ်ကျေးတာ၀န်ရှိသူတွေနဲ့ ဧည့်စာရင်း စစ်ဆေးတာတွေကိုဆက်တိုက်ပြုလုပ်လာပြီး အရက်သောက်ထားခြင်းတွေ့ရှိပါက မူးယစ်ဆေးသုံးဆွဲသည်ဟုပြောဆိုကာ ငွေညှစ်ရယူတာတွေရှိလာလို့ လူငယ်များအနေနဲ့ အသွားအလာအနေအထိုင် အထူးကရုစိုက်ရမဲ့ အနေအထားကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက တောင်ဥက္ကလာပမြို့နယ် ကျိုက္ကဆံဘုရားအနီးမှာ လူငယ်၄ဦးဖမ်းဆီးခံခဲ့ရစဉ် မိန်းကလေး တယောက်ကိုတော့ ငွေကျပ်၄သိန်းဖြင့်ပြန်လည်လွှတ်ပေးလိုက်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လိုက်ပါသေးတယ်။
ဒါ့အပြင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၈၇ရပ်ကွက် ငွေဇင်ယော် လမ်းထဲကိုလည်း စစ်ကားတစ်စီးလူအပြည့်နဲ့ လိုက်ပါလာပြီး အလုပ်တန်းလျားလိုင်းခန်းတစ်ခုမှ လူငယ်စုစုပေါင်း ၁၆ယောက်ကို ဝင်ရောက်ဖမ်းဆီးခဲ့လို့ လိုင်းခန်းနေလူများမေးမြန်းကြရာ စက်ဘီးပျောက်သွားသည်ဟုဆိုကာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်တွေကိုကြည့်ခြင်းအားဖြင့် စစ်ကောင်စီရဲ့တပ်သားတွေဟာ စစ်မှုထမ်းပေါ်တာဆွဲအယောင်ဆောင်ကာ ဖမ်းဆီးငွေညှိဖို့အတွက် မတရားဖမ်းဆီးမှုတွေကိုပြုလုပ်လာတာဖြစ်တာကို မြင်တွေ့ရတာပဲဖြစ်ပါတယ်။
တပ်သားလိုအပ်ချက်အတွက် တပ်သားသစ်ခေါ်ယူစုဆောင်းတာတွေကိုလည်း တစ်ဆက်တည်းပြုလုပ်နေ တာလည်းဖြစ်ပြီး တစ်ဖက်မှာလည်းလူငယ်တွေပျောက်တဲ့လူပျောက်ကြေငြာတွေဟာလည်း လူမှုကွန်ရက်စာ မျက်နှာပေါ်မှာ နေ့စဉ်ပလူပျံနေအောင် မြင်တွေ့လာနေရတာဖြစ်လို့ လူငယ်တွေအနေနဲ့ အင်မတန်မှအသွားလာဂရုစိုက်နေရမဲ့ အချိန်ကာလတစ်ခုပဲဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီက အမှတ်စဉ် ၈ အတွက် တပ်သားသစ်တွေ ခေါ်ယူစုဆောင်းနေကာ အမှတ် စဉ် ၁ ကနေ ၆ အထိ သင်တန်းသား ၂၀၀၀၀ ကျော် စုဆောင်းထားနိုင်ပြီး ရှေ့တန်း ပို့လွှတ်ခံနေတဲ့ သင်တန်းသားတွေထဲ သေဆုံးသူတွေ ရှိနေတယ်လို့ ဗမာ့ရေးရာနှင့်ပဋိပက္ခလေ့လာရေး (BACS) က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီပြောခွင့်ရအရာရှိတွေကတော့ စစ်မှုထမ်းအတွက် တပ်သားသစ် စုဆောင်းရာမှာ ငွေပေးရတာ၊ ပေါ်တာဆွဲတာတွေ လုပ်ဆောင်တာမရှိဘူးလို့ ငြင်းဆိုထားပေမဲ့ မြေပြင်မှာတော့ လူငယ်တွေ ဖမ်းဆီးခံရပြီး ရှေ့တန်းထိ ပို့လွှတ်ခံနေရပါတာလည်းရှိသလို ငွေညှစ်ပြီးပြန်လွှတ်နေတာတွေကိုလည်း တွေ့မြင်လာရ တာပဲဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေနဲ့တိုက်ပွဲမှာ ရှုံးနိမ့်မှုတွေများလာတဲ့ စစ်ကောင်စီဟာ တပ်သားလိုအပ်ချက်မြင့်မား နေတာကြောင့် ရန်ကုန်နှင့်မန္တလေးမြို့အပါအဝင် မြို့ကြီးများအပါအဝင် စစ်သားစုဆောင်းမှုအတွက် လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးမှုတွေကို နေရာမရွေး အပြင်းအထန်ပြုလုပ်လာတာပဲဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၀ ရက်နောက်ပိုင်းကစပြီး အဆိုပါလူငယ်ဖမ်းဆီးမှုတွေကို ပေါ်ပေါ်တင်တင်ဖြင့် လူဖမ်းပွဲသဖွယ် စတင်ပြုလုပ်လာတာဖြစ်ရာ လူငယ်များဖမ်းဆီးခဲ့ရမှုတွေဟာ သာကေတ၊ ဒေါပုံ၊ တောင်ဥက္ကလာပ၊မြောက်ဒဂုံ၊ မြောက်ဥက္ကလာပနဲ့ လှိုင်သာယာ ရွှေပြည်သာ တာမွေ စတဲ့မြို့နယ်တွေက လူငယ်တွေအလုပ်ပြန်ချိန် ညပိုင်းအချိန်တွေမှာ ပေါ်တင်ဖမ်းဆီးခံနေကြရတာပဲဖြစ်ပါတယ်။
အသက် ၁၈နှစ်ပြည့်ပြီးသူတိုင်းစစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် စစ်ကောင်စီက အတည်ပြုခဲ့တာလည်းဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ မြို့နယ်အသီးသီးက ရပ်ကွက်အသီးသီးကလူငယ်များအားမဲနှိုက်ပြီး စစ်သင်တန်းသို့ပို့ဆောင်တာတွေရှိခဲ့သလို ရှေ့တန်း မှာ ထိခိုက်သေဆုံးမှုများပြားပြီးနောက် စစ်သားစုဆောင်းရန်ခက်ခဲလာတဲ့ စစ်ကောင်စီက လူငယ်များအားပစ်မှတ်ထားဖမ်းဆီးပြီး အကြောင်းမဲ့ဖမ်းဆီးကာ ငွေညှစ်တာတွေပါပြုလုပ်လာတာလို့ သိရပါတယ်။
စစ်ကောင်စီရဲ့ တပ်သားစုဆောင်းမှုအသွင်ပုံစံတွေဟာ ထွေအုပ်ရုံးမှသတ်မှတ်လိုက်တဲ့ စစ်မှုထမ်းရမည့် လူဦးရေစာရင်းအတိုင်း နေအိမ်တွေကို ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်တာ ၊ ဆိုင်ကယ်စစ်ဆေးရင်းဖမ်းဆီးခေါ်ဆောင်ခံရတာ ညဘက်အချိန် နေအိမ်တွေကို ဧည့်စာရင်းလိုက်လံ စစ်ဆေးရင်းဖမ်းဆီးခံရတာ အပြင် အလုပ်ပြန်နောက်ကျတဲ့ အလုပ်သမားတွေကို လမ်းခုလတ်မှာ ဖမ်းဆီးခေါ်ဆေင်တာ စတာတွေကို စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးတပ်သားတွေကပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။