ARTICLE

ဖိအားပေး ခြိမ်းခြောက်မှုများက အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုအား ပြေလည်စေမည် မဟုတ်

CoverLogo
47 Views

မနေ့ည (မတ်လ ၂၅) ညနက်မှာ ဝါးတရာစက်မှုဇုန်မှာ အလုပ် လုပ်ကိုင်နေတဲ့ အလုပ်သမား ၈ ဦး ကို စစ်ဆေးဖို့ နေအိမ်ကနေ ဖမ်းဆီးခဲ့ရတဲ့ သတင်းကိုတော့ စာဖတ်သူတွေ သိရှိပြီး ဖြစ်ကြမှာပါ။

အလုပ်သမားတွေက မိုးကာစက်ရုံမှာ ရိုးရိုးသားသားလုပ်ကိုင်ကြသူတွေဆိုတာ သတင်းမှာ ပေါ်လွင်ပါတယ်။

ဒါပေမဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတဲ့အကြောင်းအရာကတော့ ရိုးသားတဲ့ အလုပ်သမားတွေအတွက် ဂုဏ်သိက္ခာ ထိခိုက်စေခဲ့ပါတယ်။ 

ခိုးမှုဆိုတာ မြန်မာ ရဲတပ်ဖွဲ့ရဲ့ အမှုကြီးစာရင်းဝင် ဖြစ်ပါတယ်။ ကျိုးကြောင်းဆီလျှော်တဲ့ မေးမြန်းလိုမှုအတွက် ကောင်းကောင်းမွန်မွန်ခေါ်ဆောင် မေးမြန်းလို့ ရပါလျက်နဲ့ ခိုးမှုနဲ့ ပတ်သက်တယ်ဆိုပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ဆောင်သွားမှုက အလုပ်သမား ၈ ဦးရဲ့ ဂုဏ်သိက္ခာပဲ မဟုတ်၊ မိသားစုဝင်တွေအတွက်ပါ ထိပ်လန့်စိုးရိမ်ဖွယ် စိတ်ဒဏ်ရာတွေ ရမှာက မလွဲဧကန် ဖြစ်ပါတယ်။ 

စစ်ဆေးမေးမြန်းပြီးပြန်လွှတ်တယ်ဆိုပေမဲ့ စစ်မှုထမ်း  စုဆောင်းတဲ့ စာရင်း ထည့်မယ်ဆိုပြီး စစ်ယူနီဖောင်းဝတ် ပုဂ္ဂိုလ်ရဲ့  ခြိမ်းခြောက်မှုကိုပါ အလုပ်သမားတွေ ခံခဲ့ရတာပါ။ နောက်ဆုံး အကျိုးသက်ရောက်မှုက အလုပ် ဆက် မလုပ်တော့ဘဲ နယ်ပြန်ကြတော့မယ်ဆိုပြီး အလုပ်သမားတွေ ဆုံးဖြတ်ကြတာပါ။

ဒီအလုပ်သမားတွေ ဖမ်းဆီးခံရမှုက သူတို့  လုပ်ငန်းရှင်ရဲ့ စနက်မကင်းဘူးဆိုတာ သတင်းဖတ်သူတိုင်း သိ နားလည် ကြမှာ။ သတင်းဖော်ပြမှုအရ  မြို့နယ် အလုပ်သမားရုံးကတာဝန်ရှိသူနဲ့ အလုပ်သမားဝန်ကြီးဌာန၊ အစိုးရရုံးပိတ် ဆိုပြီး သတ်မှတ်မှုတွေကလည်း တာဝန်ခံရမှာ ဖြစ်ပါတယ်။

လုပ်ငန်းရှင်ရဲ့ စနက်မကင်းဆိုတာက အလုပ်လျှောက်တဲ့ ကိုယ်ရေးအကျဉ်း CV ဖောင်က ဓါတ်ပုံတွေနဲ့ တိုက်စစ်ပြီး ရပ်ကွက်ရုံးကို ခေါ်ဆောင် စစ်ဆေးခဲ့တာပါ။

ရှင်းလင်းမှုမရှိတဲ့ အစိုးရရုံးပိတ်ရက် သတ်မှတ်မှု၊ တာဝန်ခံ ရှင်းပြဖို့ တာဝန်ရှိတဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ အရာရှိတွေရဲ့ လုပ်ဆောင်မှုက အလုပ်သမားတွေပဲ မဟုတ်၊ အလုပ်ရှင်တွေပါ နစ်နာခဲ့ကြတာပါ။

ဒီအလုပ်သမား ၈ ဦး အလုပ်လုပ်တဲ့ စက်ရုံမှာ အစိုးရရုံးပိတ်ရက် (မတ် ၁၂- ၁၆)တွေကို ခြိမ်းခြောက်ပြီး အတင်းအကျပ် အချိန်ပို လုပ်ကိုင်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ အလုပ်သမားတွေအတွက် လုပ်ငန်းခွင်အခွင့်အရေး ချိုးဖောက်ခံရတာ ဖြစ်ပါတယ်။ 

စက်ရုံဘက်က ချိုးဖောက်မှုက ဒီတခုတည်းမဟုတ်ပါဘူး။ အလုပ်အကိုင်နဲ့ လုပ်ခလစာ အခွင့်အရေးတွေကိုလည်း ခြိမ်းခြောက်ခဲ့တာပါ။ 

အချိန်ပိုအတင်းအကျပ် ခိုင်းစေမှုက အလုပ်သမား ဥပဒေကို ချိုးဖောက်တာမို့ အလုပ်သမားတွေကလည်း တောင်းဆိုမှု ပြုလုပ်ခဲ့ကြတာပါ။ ဒါက ဥပဒေအရ ဖြေရှင်းပေးရမှာ ဖြစ်ပေမဲ့ ၊ မဖြေရှင်းဘဲ အခုလို စွပ်စွဲမှု ပြုလုပ်ပြီး ဖမ်းဆီး စစ်ဆေး ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။

အလုပ်သမားတွေ ဖမ်းဆီး စစ်ဆေးခံရမှုက လက်ရှိခေတ်အခြေအနေကို ထင်ဟက် နေတာကိုလည်း သတိပြုရမှာ ဖြစ်ပါတယ်။ ဥပဒေနဲ့ အခွင့်အရေးတွေ ဖောက်ဖျက်ခံရလို့ တောင်းဆိုတဲ့ အလုပ်သမားတွေကို ရာဇဝတ်မှုလို့ ခေါင်းစဉ်တပ် ဖမ်းဆီးစစ်ဆေးမှုက  ကုန်ထုတ်စွမ်းအား အရင်းအမြစ်တွေကို ထိခိုက်စေတယ် ဆိုတာကို သတိချပ်ဖို့ လိုအပ်ပါတယ်။ 

လက်ရှိ မြေပြင်မှာ ဖြစ်ပွားနေတဲ့ အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုတွေ တိုင်ကြားတိုင်း ဖြေရှင်းမှုက မထိရောက်တာ၊ ထင်သာမြင်သာရှိတဲ့ အရေးယူမှု မရှိတာတွေက သက်ဆိုင်ရာ အာဏာပိုင်တွေအပေါ် အလုပ်သမားတွေရဲ့ မယုံကြည်မှုက ပိုတိုးစေမှာ ဖြစ်ပါတယ်။ 

ဒါ့အပြင် မြန်မာအလုပ်သမားတွေရဲ့ ဥပဒေအပေါ် ယုံကြည်အားထားမှုကလည်း လျော့ကျမှာ ဖြစ်ပါတယ်။ 

အလုပ်သမားတွေ ကြုံတွေ့နေရတာက အကြောက်တရားနဲ့ ဥပဒေဖောက်ဖျက်ခံရမှု ဖြစ်ပါတယ်။ 

မြန်မာ အလုပ်သမားဥပဒေမှာ အငြင်းပွားမှုပြဿနာတွေ ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေ ပြဌာန်းထားပါတယ်။ 

ဒီအလုပ်သမားဥပဒေက လွတ်လပ်ရေးရပြီး ၁၀ နှစ် မပြည့်မီကတည်းက ပြဌာန်းခဲ့တာဖြစ်လို့ လိုအပ်ချက်တွေ ရှိနေဆဲ ပါ။ ဒါပေမဲ့ အစိုးရ အဆက်အဆက်၊ ခေတ်ကာလ အဆက်အဆက် လိုက်နာကျင့်သုံး ဖြေရှင်းခဲ့ ကြပါတယ်။ 

လက်ရှိကာလမှာ လုပ်ငန်းခွင် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုတွေက ဆက်တိုက်ဆိုသလို ဖြစ်ပွားနေ ပါတယ်။ အလုပ်ချိန်၊ အချိန်ပို၊ လုပ်ခလစာတွေ ၊ ဥပဒေပါ အခွင့်အရေးတွေကို လက်ရှိအလုပ်သမားတွေ ခံစားခွင့်မရတဲ့ အပြင် ယုတ်လျော့တဲ့ အခြေအနေတွေကို အလုပ်သမားတွေ ရင်ဆိုင်နေရပါတယ်။ 

သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ အလုပ်ရှင်တွေက ဖိအားပေး ခြိမ်းခြောက် ဖြေရှင်းတဲ့ နည်းလမ်းကိုပဲ အဓိက အသုံးပြုတာက အငြင်းပွားမှုကို ပြေလည်စေမှာမဟုတ်တဲ့ အပြင်  အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား ယုံကြည်မှု ပျက်ပြားစေပြီး လုပ်သား ရှားပါးမှုကို ဦးတည်စေမှာဖြစ်ပါကြောင်း ရေးသားလိုက်ပါတယ်။ 

မင်းနီကျော်

အယ်ဒီတာ (Myanmar Labour News)

 


Related posts

Cover
ပြည်တွင်းထုတ် စက်ရုပ်လုပ်သားများ
Mar 17, 2025
Cover
အထည်ချုပ်လောက အတွင်းရေး ပေးစာ ပြန်စာ ၅
Mar 17, 2025
Cover
စက်ရုံ စစ်ဆေးခြင်းနှင့် ဟောပြောပွဲများ....
Feb 22, 2025
Cover
ကျပ်နှစ်ထောင် နောက်ကွယ်က ခါးသီးမှု
Dec 31, 2024
Cover
ပြည်ပထွက်ခွာလိုသူတွေအတွက် ရန်ကုန်လေဆိပ်ရဲ့ အိမ်မက်ဆိုး
Dec 26, 2024
Cover
စစ်မှုထမ်းအယောင်ပြ ဖမ်းဆီးငွေညှစ်မှုတွေပါ ပြုလုပ်လာ
Dec 24, 2024
Cover
အဓမ္မ စစ်မှုထမ်းခိုင်းစေရန် ပေါ်တာဆွဲမှုမှာ အကာကွယ်မဲ့နေတဲ့အလုပ်သမားထု
Dec 22, 2024
Cover
အဖြေရှာဖို့ ခက်ခဲသေးတဲ့ ကလေးလုပ်သားပုစ္ဆာ
Dec 21, 2024