ARTICLE

ပြည်ပထွက်ခွာလိုသူတွေအတွက် ရန်ကုန်လေဆိပ်ရဲ့ အိမ်မက်ဆိုး

CoverLogo
235 Views

ပြည်ပနိုင်ငံတွေကို လေဆိပ်ကတဆင့် သွားရောက်ဖို့ ကြိုးပမ်းတဲ့ မြန်မာနိုင်ငံသား လူငယ်တွေဟာ နိုင်ငံကူး လက်မှတ်အမျိုးအစား PV နဲ့ ပြည်ပထွက်ပါက လိုအပ်တဲ့အထောက်အထား၊ အချက်အလက်အစုံအလင်ပြသနိုင်ပေမယ့်လည်း လေဆိပ်ကနေ လှည့်ပြန်နေကြရပါတယ်။ 

ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ လွတ်လပ်စွာ ရွှေ့ပြောင်းသွားလာခွင့် ချိုးဖောက်ခံရတာပါ။ 

စစ်အာဏာသိမ်းပြီး‌နောက်ပိုင်း ကြားကာလ အထွေထွေအကျပ်အတည်းကို ရင်ဆိုင်နေရတဲ့ ပြည်တွင်းမှာ နေထိုင်သူတွေရဲ့ မျှော်လင့်ချက်တွေထဲက တခုဟာ “ပြည်ပထွက်ခွာခွင့်”ဖြစ်လာပါတယ်။ 

ငွေကြေးတက်နိုင်သူတွေကတော့ ပညာသင်ကြားရေးကို  အားစိုက်ကြပေမယ့် အများစုကတော့ ပြည်ပ မှာ အလုပ်လုပ်ခွင့်ကိုပဲ ကြိုးပမ်းနေကြရပါတယ်။

ပြည်ပမှာ သွားရောက်လုပ်ကိုင်လိုကြတဲ့ အကြောင်းရင်းကတော့  ကျပ်ငွေတန်ဖိုး ကျဆင်းလာတာ၊  စစ်ကောင်စီက နည်း မျိုးစုံနဲ့ ဖိနှိပ်မှုတွေကို လုပ်ဆောင်လာတာနဲ့ အဓမ္မဖိအားပေးပြီး စစ်မှုထမ်းခိုင်းတာတွေကြောင့်ပဲ ဖြစ်ပါတယ်။
 
ဒီအခြေအနေမှာ စစ်ကောင်စီက ပြည်ပမှာ သွားရောက်လုပ်ကိုင်မယ့် လူငယ်တွေကို အသက်ကန့်သတ်တာတွေ လုပ်ဆောင်လာပါတယ်။ 

ဒါ့အပြင် နိုင်ငံကူးလက်မှတ်အမျိုးအစား PJ ကနေ  PV ကို ပြောင်းလဲလျှောက်ထားတာတွေ ကိုပါ ခွင့်မပြုတော့ဘဲ ပိတ်ဆို့ခဲ့တာပဲ ဖြစ်ပါတယ်။ 

အဲ့ဒီလိုတားဆီးလိုက်တဲ့အပြင် နိုင်ငံကူး လက်မှတ်အမျိုးအစား PV ( အလည်အပတ်) နဲ့ ထွက်ခွာပါက လိုအပ်တဲ့ အထောက်အထားတွေ အချက်အလက်အစုံအလင်ပြသနိုင်ပေမယ့်လည်း ဖုန်းကိုအသေးစိတ် စစ်ဆေးတာ၊ စကား ပြောဆိုနိုင်တဲ့ Channel တွေကနေ စကားအပြောအဆိုတွေကိုပါ ဝင်ရောက်စစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။

စစ်ဆေးရာမှာ သင်တန်းတက်ထားတာ၊ ပွဲစားနဲ့အလုပ်ကိစ္စစုံစမ်းတာတွေ တွေ့ရှိတာနဲ့ကို ပြည်ပထွက်ခွင့်မရဘဲ လေဆိပ်ကနေလှည့်ပြန်နေကြရတာပဲဖြစ်ပါတယ်။ 

ပြည်ပကိုအလည်အပတ် PV ပတ်စ်ပို့စ် နဲ့ ပထမဆုံးခရီးထွက်သူတွေအနေနဲ့ ရန်ကုန်လေဆိပ်မှာ လေဆိပ်( လဝက) စစ်ဆေးမှုမရောက်ခင်မှာ ရဲနဲ့ အရပ်ဝတ်လူတချိ့က ကောင်တာတခုနဲ့ သွားရောက်မယ့် အကြောင်းအရာ အသေးစိတ်၊ အသွားအပြန်လေယာဉ်လက်မှတ်၊ ဟိုတယ်ဘွတ်ခ်ကင်အပါအဝင် ပြငွေ ( Show Money) စတာတွေ အသေးစိတ် တင်းတင်းကျပ်ကျပ် မေးမြန်းစစ်ဆေး ခံရတာပဲဖြစ်ပါတယ်။ 

အထောက်အထားအစုံပြပေးနိုင်သော်လည်း အခြားသောနည်းလမ်းတွေ( ဖုန်းကိုစစ်ဆေးတဲ့နည်း) နဲ့ပါ တင်းကျပ် တဲ့ စစ်ဆေးမေးမြန်းတာတွေခံရတာကြောင့် စိစစ်မေးမြန်းမှုတွေကတဆင့် ခရီးသွားခွင့်မရသူတွေ အများအပြား ရှိနေတာပါ။ 

"စဦးဆုံးသူတို့ မေးတာက ဘယ်နိုင်ငံသွားမှာလဲ။ ဘာသွားလုပ်မှာလဲ။ ဘယ်လောက်ကြာမှာလဲ။ ဟိုတယ် ငွေချေထားတာပြ။ လေယာဉ် လက်မှတ် အသွားအပြန်ပြ။ Show Money ပြ။ သူတို့ပြောတဲ့ဟာ အကုန် အစုံပြတယ်အကုန်ပါတယ် တစ်ခုမှရစ်လို့ မရအောင် အကုန်အစုံထည့်သွားတာ။ မင်း ဖုန်းပြ ဆိုပြီး ဖုန်းထဲကို အကုန် မွှေတာပါ"လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောပါတယ်။

Messenger / WhatsApp / Viber / Telegram ပြောလို့ရတဲ့ channel တွေအကုန် အသေးစိတ် စစ်ဆေးတာလို့ ကိုယ်တိုင်ကြုံတွေ့ရသူက ပြန်လည်အသိပေးမျှဝေထားပါတယ်။ 

ပြည်ပထွက်ခွာရာမှာ Passport စာအုပ်အသစ်နဲ့ တစ်ကြိမ်မှမထွက်ဖူးသူ၊ PV နဲ့ ထွက်ခွာလိုသူတွေအတွက် အဆင်မပြေနိုင်သလို အလည်အပတ် ထွက်ခွာမယ့် အချက်အလက်အသေးစိတ်ပြနိုင်ပေမယ့်လည်း ဖုန်းမက်ဆင်ဂျာ၊ တယ်လီဂရမ်၊ ဗိုက်ဘာ ၊ ဖုန်းမက်ဆေ့ စတာတွေ ကို အသေးစိတ် စစ်ဆေးတာတွေ ပြုလုပ်ပြီး ထွက်ခွာခွင့်မပြုဘဲ လေဆိပ်အာဏာပိုင်တွေက ပိတ်ပင်တားဆီး နေတာဖြစ်ပါတယ်။

ပြည်ပသွားရောက်မယ့် လူငယ်တွေရဲ့ ၉၀ ရာခိုင်နှုန်းခန့်ဟာ လေဆိပ်က ထွက်ခွာခွင့် မရရှိဘဲ  ပြန် လွှတ်ခံနေရတယ်လို့လည်း သတင်းတွေအရ သိရပါတယ်။ 

ဒါတင်မကဘဲ ပက်ပိုစ့် အသိမ်းခံရပြီး ပြန်လည်စေလွှတ်ခံရသူတွေထဲမှာ တရားဝင်နှုတ်ထွက်စာနဲ့ အလုပ်ထွက်ထားတဲ့ အစိုးရဝန်ထမ်းအဖြစ်လုပ်ကိုင်ဖူးသူတွေပါ ပါဝင်ပါတယ်။ 

"ထိုင်းကိုသွားမလို့ လုပ်နေတာပါ အစိုးရဝန်ထမ်းလုပ်ဖူးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ထွက်ခွင့်မပေးတဲ့အပြင် ပက်စ်ပို့တွေပါ အသိမ်းခံလိုက်ရပါတယ်။ စာရွက်စာတမ်းတွေအတွက် ငွေကြေးတွေ ခွန်အားတွေ အများကြီး ရင်းထားရတာ အလကားဖြစ်သွားတယ်။ ဘာဆက်လုပ်ရမှန်းမသိ လမ်းပျောက်တယ်" လို့ ကြုံခဲ့ရသူကပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းအလုပ်သမားတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံအသီးသီး ကို ထွက်ခွာနှုန်း တွေမြင့်တက်လာခဲ့ပါတယ်။ 

ပြည်ပကို တရားဝင်သွားတာတွေ မြင့်တက်လာသလို တရားမဝင် နည်းလမ်းနဲ့ ထွက်ခွာတာတွေလည်း မြင့်တက်လို့ လာခဲ့တာပဲဖြစ်ပါတယ်။ 

"ဒီနောက်ပိုင်းမှာက စက်ရုံက အလုပ်သမားတွေတော်တော်များများက ပြည်ပနိုင်ငံတွေထွက်ဖို့ကိုပဲ အားသန် လာကြတယ်။ ပြည်တွင်းမှာကလုပ်ခလစာမတိုးဘဲ ကုန်ဈေးနှုန်းတွေကတက်နေတာ။ မလောက်ငှတော့ဘူး။ ဒီကြားထဲက စစ်မှုထမ်းဖို့ခေါ်တာဖမ်းတာတွေရောဆိုတော့ နိုင်ငံရေးကမတည်ငြိမ်တော့ ပြည်ပကိုပဲရွေးလာ ကြတယ်။ မိန်းကလေးတွေကသာ ရသလောက်လေးနဲ့ မနည်းရုန်းကန်လုပ်နေကြတာ ယောက်ျား လေးတွေက စိုးရိမ်စရာတွေများတော့ မရရတဲ့နည်းနဲ့ကို ထွက်ကြတာလို့ စက်ရုံအလုပ်သမားတစ်ဦးက ဆိုပါတယ်။ 

ပြည်တွင်းမှာ အခြေခံလုပ်ခလစာဟာ တစ်ရက် (၈) နာရီအလုပ်ချိန်အတွက် (၄၈၀၀) ကျပ်သာပေးချေပြီး အပို ထောက်ပံ့‌ေကြး ကျပ် (၂၀၀၀) ဟာလည်း စက်ရုံတိုင်းမှာ အပြည့်အဝ ပေးချေတာ မရှိပါဘူး။ 

ဒီအခြေအနေဟာ လည်း ပြည်ပထွက်ခွာစေတဲ့ အကြောင်းရင်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အကြောင်းမဲ့ဖမ်းဆီးပြီး ငွေညှစ်တာနဲ့ ဥပဒေမဲ့လုပ်ရပ်တွေကလည်း ဖိအားတွေပါပဲ။

ဒီလိုပြည်ပထွက်နှုန်း အဆမတန်မြင့်တက်လာတာကြောင့် စစ်ကောင်စီက PJ နဲ့သွားရောက်လုပ်ကိုင်တာကို အသက်ကန့်သတ်လိုက်တဲ့အပြင် PV နဲ့ပြည်ပထွက်ခွာတာတွေကိုပါထပ်မံစည်းကြပ်လိုက်ပြီး PJ ကနေ PV ပြောင်းလဲ လျှောက်ထားပြီး PV နဲ့ ပြည်ပထွက်ခွာမှုကိုပါ ကန့်သတ်ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ 

"ပြည်ပကိုဘယ်လိုလူတွေထွက်လို့ရလဲဆိုရင် လူငယ်တွေအနေနဲ့ဆိုရင် ပြည်ပမှာကျောင်း တက်မယ်ဆိုတဲ့သူတွေ Bkk ဆိုလည်း Ed visa(3) လလျှောက်ထားတာပါရမယ်။ကျောင်းကပေးတဲ့ documents အစုံပါရင် ရန်ကုန် လေဆိပ်ကနေထွက်လို့ရပါတယ်။ အသက် ၄၀ ဝန်းကျင် အမျိုးသမီးတွေလည်း ထွက်လို့လွယ်ပါတယ်။ Return ticket ၊ Hotel booking ၊ Show money အစုံပါရမယ်။ အမြဲတမ်းပြည်ပကိုအဝင်အထွက်ရှိသူတွေဆိုရင်တော့ ထွက်လို့လွယ်ပါတယ်"လို့ ပြည်ပသို့ထွက်ခွာသူနေသူတစ်ဦးကဆိုပါတယ်။

ဒါ့အပြင် ပြည်ပသို့ထွက်ဖို့အခက်အခဲဆုံးအခြေအနေတွေကိုလည်း အသိပေးထားပါသေးတယ်။ 

ပြည်ပကိုနှစ်ရှည်အလုပ်လုပ်ကိုင်ထားတဲ့သူတွေအနေနဲ့ ပြန်လည်ထွက်ခွာဖို့ခက်ခဲသလို အသက်၂၀ ကနေ အသက် ၄၀ အတွင်းရှိတဲ့သူတွေ၊ ပြည်ပကို တစ်ကြိမ်မှမထွက်ခွာဖူးသေးသောသူများအတွက် ပြည်ပသို့ထွက်ခွာနိုင်ဖို့ အခက် ခဲဆုံးအခြေအနေဖြစ်နေတာဖြစ်ပါတယ်။ 

"ဘယ်လိုလူတွေထွက်မရတာလဲဆိုရင် ပြည်ပမှာအကြာကြီးနေထိုင်ပြီး အလုပ်လုပ်ထားသူတွေထွက်ဖို့ အခက်အခဲ ရှိနိုင်ပါတယ်။ များသောအားဖြင့် လူငယ်ယောက်ျားလေးတွေ အသက်၂၀ ကနေ  ၄၀ ဝန်းကျင်တွေ အခက်ခဲ ရှိနိုင် ချေများပါတယ် တချိ့ကျတော့လည်းကံစမ်းမဲပါပဲ။ ကံကောင်းရင် immigration မှာ pass ဖြစ်ပါတယ်။ အမျိုးသမီးတွေလည်းရစ်ပါတယ် အရင်ကအလည်သွားထားဖူးတာလည်းရှိတယ်။ documents အစုံပြနိုင်ရင် တောင်မှ ပေးမထွက်ချင် မပေးထွက်ပါဘူး။ ပြောရမယ်ဆိုလျှင်ကံစမ်းမဲလို ဖြစ်နေတာ"လို့ ပြည်ပထွက်ခွာသွားတဲ့ အလုပ်သမားတစ်ဦးက လေဆိပ်အတွေ့အကြုံကို အသိပေးထားတာပဲဖြစ်ပါတယ်။ 

ဒီလိုပြည်ပ ထွက်ခွာခွင့်ကို မူဝါဒအမျိုးမျိုးနဲ့ လုပ်ဆောင်နေတဲ့ ကာလတွေမှာ ရန်ကုန်လေဆိပ်က‌နေ ပြန်လှည့်ခဲ့ရ သူတွေလည်း နေ့စဉ်လိုလို ရှိနေပြီး လှည့်ပြန်ခိုင်းရတဲ့ အကြောင်းရင်းတွေကတော့ အလည်အပတ် PV ပတ်စပို့စ်ဖြင့် ပြည်ပထွက်မယ့် လူငယ်တချို့ရဲ့ မိုဘိုင်းလ်ဖုန်းတွေကို စစ်ဆေးပြီးနောက်မှာ မိသားစုကို နှုတ်ဆက်ကန်တော့နေပုံ၊ သင်တန်းတက်ထားပုံ စတဲ့ဓာတ်ပုံများတွေ့ရှိတာကြောင့်လို့ သိရပါတယ်။ 

ဒီလိုအခြေအနေတွေကြောင့်လည်း လေဆိပ်ကနေ ချောချောမွေ့မွေ့ ထွက်ခွာနိုင်ဖို့အတွက် ပေးချေရတဲ့ ကာလပေါက်ဈေးတွေတောင် ရှိပါတယ်။

လေဆိပ်မှာ ဒီလိုလုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဝေဖန်တာတွေ မြင့်တက်လာချိန်မှာတော့ စစ်ကောင်စီက ရန်ကုန်လေဆိပ်မှာ အဆင်မပြေမှုတွေဖြစ်ပေါ်တာတွေ ကြုံနေရလို့ PV ကနေ PJ သို့ပြောင်းလဲလျှောက်ထားတာကို ပြန်လည် လက်ခံမယ်လို့ အောက်တိုဘာ ၂၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။  

PV ကနေ PJ ပြောင်းလဲလျှောက်ထားတာကို အလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့အလုပ်အကိုင်ဆိုင်ရာ အထောက်အထားနဲ့ သက်တမ်းရှိ PV အမျိုးအစားကို PJ အမျိုးအစား နိုင်ငံကူးလက်မှတ် လျှောက်ထားလာပါက လက်ခံဆောင်ရွက်ပေးမှာဖြစ်ပြီး အသက်အရွယ် ကန့်သတ်ချက်ကိုတော့ မူလအတိုင်း ကန့်သတ်ထားတဲ့ ဘောင် ထဲမှာသာ ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။ 

နိုင်ငံကူးလက်မှတ်အမျိုးအစား ပြောင်းလဲလျှောက်ထားမှုကို ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ နိုဝင်ဘာ ၄ ရက်က စတင်လက်ခံဆောင်ရွက်ပေးနေပြီလို့လည်း ထုတ်ပြန်ထားပါတယ်။

" သူတို့ပဲအမျိုးမျိုးလုပ်နေတာ။ ကျမတို့၅ယောက်လာတာ နောက်ဆုံးပဲ။ နောက်လူတွေ PV မရလို့ကားလမ်းကနေ ၂လဗီဇာလုပ်ပြီး လာကြရတယ်။ ပိုက်ဆံပိုကုန် လူတွေဒုက္ခရောက်နဲ့။ အစကတည်းက PV တွေမတားရင် ဘာမှမဖြစ်ဘူး။ ခုလိုပေးမှာအတူတူကို အလုပ်သမားတွေကို ခက်ခဲစေတယ်" လို့ ထိုင်းရောက် အလုပ်သမား တစ်ဦးက ဆိုပါတယ်။ 

စစ်ကောင်စီဟာ ပြည်တွင်းမှာ မူဝါဒအမျိုးမျိုးကို ထုတ်ပြန်ပြီး လုပ်ချင်သလို လုပ်နေတာတွေဟာ တစ်နေ့ထက်တစ် နေ့ ပိုမိုဆိုးရွားလာပါတယ်။ ပြည်သူတွေဟာ မည်သည့် မူဝါဒမျိုးနှင့်မဆို ထိပ်တိုက်ရင်ဆိုင်ရပြီး  ဒုက္ခတွေ့နေရပေမယ့် စစ်ကောင်စီ လက် အောက်ခံ စစ်ဆေးကြီးကြပ်သူတွေကတော့ ငွေရပေါက်လမ်းကြောင်းလို ဂွင်တွေ့နေပါတယ်။

ဒေသတွင်း မတည်ငြိမ်မှုတွေကြားထဲ ရွှေ့ပြောင်းသွားလာအလုပ်လုပ်ကိုင်ပြီး မိသားစုကို ထောက်ပံ့ဖို့ ဒါမှမဟုတ် ဘဝရပ်တည်ရေးအတွက် ရုန်းကန်ခွင့်ရဖို့  လေဆိပ်အရောက်မှာ ရိုက်ချိုးခံရတဲ့ အိမ်မက်တွေ များလှပြီဖြစ်ပါတယ်။ 

ဒီအခြေအနေတွေဟာ ဘယ်လောက်ထိ ဆိုးရွားလာလိမ့်အုံးမလဲဆိုတာ  ခန့်မှန်းလို့ မရပေမယ့် လတ်တလောမှာတော့ အဆင်ပြေကောင်းမွန်လာမယ့် အခြေအနေတော့ ရှိမနေပါဘူး။

ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းသွားလာခွင့်အတွက်တောင်မှ ခက်ခဲနေရတဲ့ ပြည်ပထွက်ခွာလိုသူတွေအတွက် ရန်ကုန်လေဆိပ်ရဲ့ အိမ်မက်ဆိုး ဟာ  ဘယ်လောက်ထိ ကြာမြင့်နိုင်ဦးမလဲဆိုတာတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတော့တယ်။


Related posts

Cover
ကျပ်နှစ်ထောင် နောက်ကွယ်က ခါးသီးမှု
Dec 31, 2024
Cover
စစ်မှုထမ်းအယောင်ပြ ဖမ်းဆီးငွေညှစ်မှုတွေပါ ပြုလုပ်လာ
Dec 24, 2024
Cover
အဓမ္မ စစ်မှုထမ်းခိုင်းစေရန် ပေါ်တာဆွဲမှုမှာ အကာကွယ်မဲ့နေတဲ့အလုပ်သမားထု
Dec 22, 2024
Cover
အဖြေရှာဖို့ ခက်ခဲသေးတဲ့ ကလေးလုပ်သားပုစ္ဆာ
Dec 21, 2024
Cover
ကျပ်တည်းခက်ခဲလာတဲ့ အခြေခံပြည်သူတွေရဲ့ဒုက္ခ
Nov 26, 2024
Cover
ညီမမေသူ သို့ ပြန်စာ - ၁
Nov 19, 2024
Cover
"ကိုမင်း ဈေးထဲ လမ်းလျှောက်ထွက်ခြင်း"
Nov 18, 2024
Cover
"ဝေးကွာလာသည့် ပြည်ပအိမ်မက်များ”
Nov 17, 2024