ARTICLE

အထည်ချုပ်လောက အတွင်းရေး ပေးစာ ပြန်စာ ၅

CoverLogo
76 Views
ကိုကြီးကျော်ရေ..
နေကောင်းကျန်းမာရဲ့လား....
ရန်ကုန် နွေဥတုက အတော်ပြင်းလာတယ်နော်၊ ညီမတို့ ငယ်ငယ်က ထက်ကို ပိုပူလာတယ်။
နွေဥတုရဲ့ အစက မတ်လ၊ တအားပူမဲ့လ ။ ပူပါတယ်ဆို စိတ်ရှုတ်စရာတွေက များ။
ပိတ်ရက်တွေများလို့ ဘာစိတ်ရှုတ်နေလဲ မေးမလို့လား ... ကိုကြီးကျော်။
အဲဒီ ပိတ်ရက်တွေကပဲ စိတ်ကို ရှုတ်စေတာပဲ ။ ပိတ်ရက်ရှည်လေ စိတ်ပိုရှုတ်လေလေ ပဲ ကိုကြီးကျော်။
အာဏာသိမ်း စစ်တပ်ကတော့ နိုင်ငံရဲ့ လုပ်သားအင်အားတွေထဲမှာတောင် သွေးခွဲတဲ့ ပုံစံနဲ့ ဒီပိတ်ရက် ရှည်တွေ ပိတ်ပြတယ်လို့ မြင်တယ်ရှင့် ။
ဒီတနှစ်ထဲမှာ ပိတ်ရက်ရှည် ၃ ကြိမ် ရှိတယ်။ ဒီသုံးကြိမ်ကလည်း အစိုးရဝန်ထမ်းတွေ အတွက်လို့ပဲ ဆိုချင်တယ် ကိုကြီးကျော်။ ဒီလို ရည်ရွယ်တယ်ဆိုလည်း သေချာလေး စာ ထုတ်ထားသင့်တာပေါ့။
အစိုးရဝန်ထမ်းဆိုတဲ့သူတွေက စနေနဲ့ တနင်္ဂနွေ ၂ ရက်ပိတ်၊ အနားရသူတွေဆိုတော့ အဲ့ဒီရက်တွေနဲ့ ဆက်နေတဲ့ ဗုဒ္ဓဟူး၊ ကြာသာပတေး၊ သောကြာကို ဆက်ပိတ်လိုက်တာလား မသိဘူး... ကိုကြီးကျော်။
ဒီလိုပဲ လာမဲ့ သီတင်းကျွတ်လပြည့်မှာလည်း လပြည့်ကျော် ၁ ရက် အင်္ဂါနေ့ကို ရုံးပိတ်ပေးလိုက်တော့ ပိတ်ရက်က ၄ ရက် ဖြစ်သွားတယ်။
တန်ဆောင်တိုင်ပိတ်ရက်မှာဆို တနင်္လာနေ့ကို ပိတ်ရက် ထပ်သတ်မှတ်ပြန်တော့ ပိတ်ရက် ၄ ရက် ဖြစ်သွားပြန် တယ်။ ၂၀၂၅ ခုနှစ် အကုန်မှာဆို ဒီဇင်ဘာ ပိတ်ရက်က ရက်ရှည်ပဲ။ ထုတ်ထားတဲ့ စာတွေကလည်း ပိတ်ရက်မှန်သမျှ ရုံးပိတ်ရက်လို့ ရေးထားပြန်တယ်။
ဒီပိတ်ရက်တွေကြောင့် အလုပ်ရှင်တွေ တော်တော်ငြီးကြတယ် ကိုကြီးကျော်။ ဟုတ်လည်း ဟုတ်တယ်။ ၂၀၂၄ ခုနှစ်က အများပြည်သူအလုပ်ပိတ်ရက် ၂၈ ရက်ပဲ ရှိတယ်။ ၂၀၂၅ ခုနှစ်မှာ ပိတ်ရက် ၃၃ ရက်အထိ ဖြစ်လာတယ်။ ရက်သတ္တပတ်ပိတ်ရက်က တနှစ်မှာ ၄၈ ရက်နဲ့ ဆို တနှစ်မှာ ပိတ်ရက် ၈၁ ရက် ( ၃ လ နီးပါး) အထိ ဆိုတော့ လုပ်အားကို အားကိုးပြီး အလုပ်လုပ်တဲ့ အလုပ်ရှင်တွေ ငြီးငြူမယ်ဆိုလည်း အပြစ်တင်ဖို့ မရှိဘူးပေါ့ ကိုကြီးကျော်..။
ဒီတပေါင်းလပြည့် ပိတ်ရက် ကြေညာချက်မှာဆို အများပြည်သူနှင့် နိုင်ငံဝန်ထမ်းများ အတွက်ဆိုပြီး ထည့်ရေး ထားတယ်။ ၂၀၂၄ ဒီဇင်ဘာ ၂၁ ရက်မှာ အစားထိုးပိတ်ရက်တွေ အကြောင်း စာထုတ်တော့ တပေါင်းလပြည့်ကို ရုံးပိတ်ရက် ၅ ရက်ဆိုပြီး ထုတ်ထားပြန်ရော ...။
အဲဒီမှာ အလုပ်ရှင်နဲ့ အလုပ်သမားကြား ပြသနာတွေ ဖြစ်တော့တာပဲ။ နောက်ဆုံး ဘယ်သူ နစ်နာလည်း ပြောပြပါ့မယ်.. ကိုကြီးကျော်။
အာဏာရှိသူက ထင်တာ လျှောက်လုပ်... အောက်က ဗျူရိုကရက်တွေက ရှင်းရှင်းလင်းလင်း မလုပ်တတ်နဲ့တော့ ၊ ပက်သတ်ဆက်နွယ်နေတဲ့ နယ်ပယ် နှစ်ခုက လူပုဂ္ဂိုလ်တွေ ပြသနာတွေ ဖြစ်ရတာပါ ...။
မတ်လ ၁၂ ကနေ ၁၆ ရက်ကို ရုံးပိတ်ရက် ၅ ရက်ဆိုပြီး တရားဝင် ထုတ်ထားတယ်။
အဲ့မှာ မပြီးသေးဘူး ...။ အစိုးရဝန်ထမ်းတွေ ရက်အစားလုပ်ပေးရမယ်ဆိုပြိး မတ်လ ၂၂ ရက်နဲ့ ၂၉ ရက် သတ်မှတ်ပြန်တယ်။
ဒါဆို နိုင်ငံတော် ဘဏ္ဍရှာဖွေပေးနေတဲ့ အလုပ်သမားတွေကအတွက်ရော ....။ ဘယ်လို သတ်မှတ်ခဲ့သလဲ ။ မေးခွန်း မေးသင့်တာပေါ့ နော်။
ဆက်ပြောဦးမယ် ... ကိုကြီးကျော် ။
စက်ရုံတာဝန်ရှိသူတွေနဲ့ အလုပ်သမားတွေကို မတ်လ ၁၅ ရက် (စနေနေ့) ဟာ ပိတ်ရက်လား ပိတ်ရက် မဟုတ်ဘူးလားဆိုတာ တိတိကျကျ မထုတ်ပြန်ဘူး။ မြို့နယ် အလုပ်သမားရုံးလည်း ဘာမှ မပြောဘူး။ တိုင်းအလုပ်သမားရုံးကလည်း အဲ့လို ပဲ ၊ ယောင်တောင်တောင်နဲ့ရယ်။
အလုပ်ရှင်တွေလည်း ပိတ်ရက်လား ပိတ်ရက်မဟုတ်ဘူးလား ဆိုတာ ရှင်းရှင်းမသိကြဘူး ။ ဒီတော့ အရေးယူခံရမှာ ကြောက်ပြီး စက်ရုံကို ပိတ်လိုက်တယ်။
ပိတ်ရက်ဆိုပြီး အချိန်ပို ခွင့်ပြုချက်တောင်းတော့လည်း အလုပ်သမားရုံးက ပေးလိုက်တယ်။ ပုံမှန်ဆို စနေနေ့ဖြစ်တော့ အချိန်ပိုက နေ့တပိုင်းပဲ ၊ အဲ့အတွက် အချိန်ပိုတောင်းတော့လည်း ရပြန်တယ်။ ဒါဆို မတ်လ ၁၅ ရက်က တရားဝင် အလုပ်ပိတ်ရက် မဟုတ်တာလား...။
အချိန်ပိုတွေ လိုသလိုပေးတယ်လိုတော့၊ ညီမကြားမိတယ်။
စက်ရုံပိုင်ရှင်တွေကို ဘယ်လို ရှင်းပြရမှန်း မသိအောင် ဖြစ်နေပြီ.. ကိုကြီးကျော် ။
အလုပ်သမားတွေ အတွက်ဆို ပိုဆိုးတာပေါ့။
မတ်လ ၁၂၊ ၁၃၊ ၁၄ ရက်အတွက် အိုတီ တရက် ၂ နာရီစီက နစ်နာသေးတယ်။ ဒါတင်လား ဆို ၊ ဒီထက် ဆိုးသေးတယ်။ အိုတီက မရဘဲ အဲဒီ ရက်တွေအတွက် ရက်အစား လုပ်ပေးရပြန်တယ်။ အလုပ်သမားတွေ ဒေးကြေး နှစ်ဆရမဲ့ ရက်တွေအတွက် ရက်အစားလုပ်ပေးရတော့မယ်။
နောက်ထပ် ရှိသေးတယ် မတ်လ ၁၅ ရက်ကို ရက်အစားဆို နေ့တပိုင်း အိုတီခတွေ ထပ် နစ်နာရတော့တာ ကိုကျော်ကြီးရေ...။
တကယ်ဆို အများပြည်သူပိတ်ရက်လို့ ကြေညာထားရင် ရက်အစားဆင်းပေးရမယ်ဆိုရင်တောင် အချိန်ပို ဆိုပြီး ခွင့်ပြုပေးဖို့ မလိုဘူး ထင်တာပဲ။
ညီမတို့ စက်ရုံကတော့ ၅ရက်လုံး ပိတ်ပေးထားတယ်။ နစ်နာတာက အလုပ်သမားတွေပဲ။
ဒါက အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားရုံးတွေရဲ့ လိုအပ်ချက်လို့ပဲ ညီမက မြင်တယ်။ အစဆုံး ပြောမယ်ဆို အဓိက တာဝန်ခံရမှာကတော့ ဝန်ကြီးဌာနပဲ။
အချိန်ပိုအတွက် ခွင့်ပြုပေးတာက ပုံမှန် နေ့တပိုင်းအတွက်ပဲ တနေ့လုံးအတွက် အိုတီလည်း မဟုတ်တော့ ၊ မတ်လ ၁၅ ရက် ပိတ်ရက်မဟုတ်ဘူးဆိုတဲ့ သဘောပဲ။ ဒါဆို ဘာလို့ ရုံးပိတ်ရက် ၅ ရက် လို့ ဆိုပြီး စာထုတ်ထားလဲ။
ဒါမှမဟုတ်ရင် အလုပ်သမားတွေကို သီးသန့်ခွဲခြားထားသလား။ ဒါဆိုလည်း စနေ မပိတ်သော လုပ်ငန်းများ အကျုံးမဝင်ပါ ဆိုပြိး ထင်ထင်ရှားရှား စာထုတ်သင့်တာပေါ့.....။
ကိုကြီးကျော်ရေ..
အခုပိတ်ရက်က ယုန်လေးနှာစေးသလို၊ အစိုးရဝန်ထမ်းတွေဘက် လိုက်သလို ၊ အလုပ်ရှင်ဘက် လိုက်သလို လုပ်နေတာက စက်ရုံအလုပ်သမားတွေကအတွက် အတော်အဆင်မပြေဖြစ်ရတယ်။
အဓိက က ပိတ်ရက်သတ်မှတ်ချက်တွေကို သေချာ စာမထုတ်တာဘဲ။
တကယ်ဆို စက်ရုံအလုပ်ရုံတွေအတွက်လဲ တိကျတဲ့တသတ်မှတ်တည်း အတိအကျထုတ်ပြန်သင့်တယ်။ အခုကတော့ အလုပ်သမားရုံးတွေက ဝန်ထမ်းတွေကိုယ်တိုင် ဝေဝါးတယ် ။ သူဌေးမျက်နှာတွေ ထောက်ထား ကြတယ်ထင်ပါတယ်။ အချိန်ပိုတွေကို ပေးချင်သလိုပေးတယ်။
ဒီရက်က ဘယ်စက်ရုံမှ အချိန်ပို မပေးဘူး၊ မရဘူး ဆိုတာမျိုး တရားဝင်ထုတ်ပြန်တာမရှိဘူး။ ရက်ပိတ်အတွက် 'စံ'သတ်မှတ် ထားတာ မရှိသလိုတော့ ခံစားမိတယ် .. ကိုကြီးကျော်..။
ညီမကတော့ အလုပ်သမားရုံးကအရာရှိတွေရော၊ စာထုတ်တဲ့ အစိုးရပိုင်းက လူတွေရောမှာ အမြဲ လိုအပ်ချက် ရှိနေတာပဲ ... ကိုကြီးကျော် ။
ညီမ စက်ရုံမှူးကတော့ စိတ်ရှုတ်မခံတော့ဘဲ စက်ရုံက ၅ရက်လုံးပိတ်လိုက်တယ် ။ မပိတ်ပေးရင်လည်း တိုင်မှာကြောက်ရတယ်။
အဲလို ၅ရက်လုံး ပိတ်လိုက်တော့ စနေ ၃ပတ် ကို ရက်အစားတွေ ဆင်းပေးရတော့တာပဲ။ ရက်စား စနေနေ့တွေ ပြန်ပေးရတာဆိုတော့ ၊ အချိန်လုပ်ခ ၁၂နာရီ စာတော့ နစ်နာသွားတယ်။ ဆုကြေးနဲ့အလုပ်လုပ်နေတဲ့ လိုင်းထဲက အလုပ်သမားတွေဆို ပုံမှန်ရနေတဲ့ ဆုကြေးတွေ တပတ်စာနစ်နာသွားတယ်။
အခုလို ၅ရက် ပိတ်တာကို သဘောကျတဲ့သူရှိသလို သဘောမကျတဲ့သူနဲ့ အလုပ်သမား‌တွေလည်း ရှိကြတယ်.. ကိုကြိးကျော် ။ လူအမျိုးအမျိုး စိတ်အထွေထွေ ဆိုထားတယ်မလား။
တကယ်ဆို ၅ရက်ပိတ်ပေးတယ်ဆိုပေမယ့်၊ ရက်စား ၂ရက် ပြန်ဆင်းရတော့ ၅ ရက်လုံး အနားယူရတယ်လို့ မခံစားမိပါဘူး။ ငါးကြင်းဆီနဲ့ငါးကြင်း ပြန်အကြော်ခံရတာပါပဲ.. ကိုကြီးကျော်ရေ...။
နေတွေ အရမ်းပူလာရင် ကျန်းမာရေး ဂရုစိုက်ပါဦး။
မေသူ

Related posts

Cover
ပြည်တွင်းထုတ် စက်ရုပ်လုပ်သားများ
Mar 17, 2025
Cover
စက်ရုံ စစ်ဆေးခြင်းနှင့် ဟောပြောပွဲများ....
Feb 22, 2025
Cover
ကျပ်နှစ်ထောင် နောက်ကွယ်က ခါးသီးမှု
Dec 31, 2024
Cover
ပြည်ပထွက်ခွာလိုသူတွေအတွက် ရန်ကုန်လေဆိပ်ရဲ့ အိမ်မက်ဆိုး
Dec 26, 2024
Cover
စစ်မှုထမ်းအယောင်ပြ ဖမ်းဆီးငွေညှစ်မှုတွေပါ ပြုလုပ်လာ
Dec 24, 2024
Cover
အဓမ္မ စစ်မှုထမ်းခိုင်းစေရန် ပေါ်တာဆွဲမှုမှာ အကာကွယ်မဲ့နေတဲ့အလုပ်သမားထု
Dec 22, 2024
Cover
အဖြေရှာဖို့ ခက်ခဲသေးတဲ့ ကလေးလုပ်သားပုစ္ဆာ
Dec 21, 2024
Cover
ကျပ်တည်းခက်ခဲလာတဲ့ အခြေခံပြည်သူတွေရဲ့ဒုက္ခ
Nov 26, 2024