စစ်ကောင်စီလက်ထက်မှာ အလုပ်သမားတွေရဲ့ အခြေခံလုပ်ခလစာကို တိုးမြှင့်ပေးတာ မရှိဘဲနဲ့ အပိုထောက်ပံ့ ကြေးဆိုတဲ့ ခေါင်းစဉ်နဲ့ ကျပ်(၂၀၀၀)ကို တိုးပေးထားပါတယ်။
ကျပ်နှစ်ထောင်တိုးပေးတာဟာ ရရှိတဲ့သူတွေ အတွက်လည်း ခက်ခဲကြပ်တည်းနေဆဲဖြစ်သလို မရတဲ့သူတွေအတွက်ကတော့ စားဝတ်နေရေးပြဿနာက ပိုမိုဆိုး ရွားလာတာပါ။
လက်ရှိမှာအာဏာသိမ်းစစ်တပ်က အလုပ်သမားတွေရဲ့ တစ်ရက် (၈) နာရီ အလုပ်ချိန်အတွက် ကျပ် (၆၈၀၀) ပေး ချေဖို့ သတ်မှတ်ထားပေမယ့် အလုပ်သမားတိုင်း မရသေးဘူးလို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတွေက ပြောဆိုသလို Myanmar Labour News ကို ဆက်သွယ်ပေးပို့လာတဲ့ အချက်အလက်တွေအရလည်း သိရှိရပါ တယ်။
ပြည်တွင်းမှာ တစ်ရက် (၈) နာရီ အလုပ်ချိန်အတွက် အနည်းဆုံးအခကြေးငွေနှုန်းထားကို ၂၀၁၈ ခုနှစ်က (၄၈၀၀) ကျပ် သတ်မှတ်ခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီက ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ အပိုထောက်ပံ့ကြေး ကျပ်တစ်ထောင်၊ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ အပိုထောက်ပံ့ကြေး ကျပ်တစ်ထောင် စုစုပေါင်း ကျပ် (၆၈၀၀) ပေးချေဖို့ သတ်မှတ်ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ လက်တွေ့မှာတော့ ထုတ်ပြန်ချက်တစ်ခုအနေနဲ့သာရှိနေပြီး အလုပ်ရှင်တိုင်းကတော့အခြေခံလုပ်ခလစာ ထဲကို ထောက်ပံ့ကြေးတွေ အပြည့်အဝ ထည့်ပေးတာ မရှိသေးပါဘူး။ ဒီအခြေအနေကို ဝန်ကြီးဌာနကလည်း ဝင်ရောက်ဖြေရှင်းပေးတာ မရှိသလောက်ပါပဲ။
“အခုက တစ်ရက် (၈) နာရီ အလုပ်ချိန်ကို (၆၈၀၀) ကျပ်ပေးဖို့ သတ်မှတ်ထားတယ်ဆိုပေမယ့် စက်ရုံအလုပ် သမားတိုင်းတော့ မရသေးပါဘူး။ အမတို့ သိရတဲ့ အချက်အလက်တွေအရတော့ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်းဘက် တွေက စက်ရုံတွေမှာ မရတာ တွေ ရှိနေတယ်”လို့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောဆို ထားပါတယ်။
Myanmar Labour News က ရရှိထားတဲ့ သတင်းအချက်အလက်တွေအရလည်း ထောက်ပံ့ကြေး (၂၀၀၀) ကျပ်ဆိုတာ စက်ရုံအလုပ်သမားတိုင်း အပြည့်အဝ မရဘဲ အပိုထောက်ပံ့ကြေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ အများစုက ကျပ်တစ်ထောင်သာ ပေးချေနေပါတယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့နှုန်းထားထက် ပိုပေးနေတဲ့ စက်ရုံတစ်ချို့ကိုလည်း တွေ့ရှိရပေမယ့် နောက်ဆက်တွဲ ဖိနှိပ်မှုတွေကလည်း မနည်းလှပါဘူး။
“အစကတည်းက အသုံးအနှုန်းရဲ့ နောက်ဆက်တွဲ သက်ရောက်မှုကို တွေးပြီးသားပါ။ အလုပ်သမားတွေကို တကယ်စေတနာ ရှိရင် အခြေခံလုပ်ခလစာနှုန်းကို တိုးပေးလိုက်လေ ဒါဆိုအလုပ်သမားထုအတွက် မဖြစ်မနေ ခံစားခွင့်ရမယ်။ အခုကျ အပို ထောက်ပံ့ကြေး ကျပ်(၂၀၀၀)ဆိုတော့ အလုပ်ရှင်ဘက်လိုက်တာပဲ မြင်တယ်။ သိရသလောက်တော့ (၁၀၀၀) လောက်ပဲ ရကြတယ်”လို့ သမဂ္ဂအဖွဲ့ဝင်ဟောင်းတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်သမားတွေဟာ ချိုးဖောက်ခံရမှုမျိုးစုံအတွက် ထုတ်ဖော်တောင်းဆိုနိုင်စွမ်း တွေ လျော့နည်းလာပြီး စားဝတ်နေရေး အခက်အခဲထက် အလုပ်အကိုင်တည်မြဲရေးကိုသာ ဦးတည်နေရပါတယ်။
တစ်နေ့ထက်တစ်နေ့ တိုးလာတဲ့ ကုန်ဈေးနှုန်းကို အမီလိုက်ရေးအတွက် ပြည်တွင်းမှာပေးချေနေတဲ့ လုပ်ခလစာ က ခေတ်ကာလနဲ့ ကိုက်ညီမှု မရှိပါဘူး။ ဒါပေမယ့်လည်း ထုတ်ဖော်ပြောဆိုနိုင်စွမ်းတော့အလွန်ကို နည်းပါးနေကြပါတယ်။
“ကျွန်မတို့စက်ရုံကတော့ အခုထိ အခြေခံလုပ်ခလစာနဲ့ ထောက်ပံ့ကြေးပေါင်းမှ ဒေးကြေးက (၅၈၀၀) ပဲ ရပါ တယ်။ တိုးပေးတာ မရှိသေးပါဘူး။ ပြောမယ်ဆို စားဝတ်နေရေးက အဆင်မပြေပါဘူး။ လစာထုတ်ရင် ရတဲ့လစာနဲ့ ပေးစရာက မလုံလောက်တော့ ထပ်ချေးရပါတယ်။ လစာထုတ်ရင် ပြန်ဆပ်လိုက်၊ လိုတာထပ် ချေးလိုက်နဲ့ လည် နေပါတယ်”လို့ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံက အလုပ်သမားတစ်ဦးက ပြောပါတယ်။
ဒါဟာ အလုပ်သမားတွေ လက်တွေ့ကျကျ ဖြေရှင်းနေရတဲ့ စားဝတ်နေရေး ပြဿနာပါပဲ။ အခြေခံလုပ်အားခဟာ ဆန်တစ်ပြည်စာအတွက်တောင် လောက်ငှအောင် မရချိန်မှာ သူတို့ရဲ့လူမှုဘဝတွေဟာ အခက်အခဲတွေ အများအ ပြား ရှိနေပါတယ်။
ထမင်းဝအောင်မစားရတဲ့ညတွေ၊ ဆံပင်အရှည်တွေ ဖြတ်ရောင်းရသူတွေ၊ အတိုးကြီးကြီးတွေနဲ့ ချေးပြီး စားဝတ်နေရေးကို ဖြေရှင်းနေရတာ အလုပ်သမားအများစု ရင်ဆိုင်နေရတဲ့ ပြဿာနာတွေပါပဲ။
အလုပ်ရှင်တွေက တစ်ရက်လုပ်အားခကို (၆၈၀၀) ကျပ်ထိ တိုးပေးပါလို့ ထုတ်ပြန်ထားပေမယ့်လည်း လက်တွေ့ မှာတော့ ထောက်ပံ့ကြေးကို ကျပ်တစ်ထောင်လောက်ပဲ တိုးပေးနေကြတာပါ။
ဒီအခြေအနေဟာ အလုပ်သမား တွေရဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အခက်အခဲတွေကို လျစ်လှူရှုနေတဲ့ အလုပ်ရှင်တွေနဲ့ စီမံခန့်ခွဲသူတွေရဲ့ သဘောထားကို ပြသ နေတာပါပဲ။
ခေတ်ပျက်ကြီးမှာ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်း၊ နေအိမ်၊ အဆောင် ငှားရမ်းခတွေ၊ မီတာခတွေ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းက အပိုငွေကြေးကောက်ခံတဲ့စရိတ်တွေ(ဧည့်စာရင်းကြေး၊ ကင်းဖိုး)၊ မြင့်တက်လာတဲ့ တစ်ကိုယ်ရည် အသုံးအဆောင်ပစ္စည်းနှုန်းထားတွေအတွက်တော့ ပြည်တွင်းမှာ ပေးချေနေတဲ့ လုပ်ခလစာနှုန်းထားဟာ စာရွက် ပေါ်က ကိန်းဂဏန်းသာသာပါပဲ။
ဒါပေမယ့် သက်ဆိုင်ရာဝန်ကြီးဌာနကတော့ ထုတ်ပြန်ပြီးတဲ့နှုန်းထားတစ်ခုကိုတောင် အလုပ်သမားတွေ အပြည့် အဝရအောင် မကြပ်မတ်သလို ခေတ်ကာလနဲ့ ကိုက်ညီတဲ့ လုပ်ခလစာဖြစ်ရေးကိုတော့ ထည့်သွင်းစဉ်းစားမှု မရှိတဲ့ အခြေအနေ ရောက်နေပါတယ်။
“၆၈၀၀ အပြည့်ရလည်း ကျွန်မတို့ အဆင်မပြေဘူးလေ။ တစ်ရက်ကို ည၊မနက် ချွေတာစားရင်တောင် တစ်သောင်း လောက် ကုန်တယ်။ ဆန်၊ဆီ၊ ဟင်းစားနဲ့ မဖြစ်မနေ ကုန်ရတာတွေ တွက်ရင်တောင် တစ်သောင်းက မလောက်ငှဘူး။ အလှအပတို့၊ အဝတ်အထည်တို့၊ သရေစာမုန့်တွေဆိုတာ တဖြေးဖြေးနဲ့ တကယ်ကို အလှမ်းဝေးလာပြီ”လို့ စက်ရုံလုပ်သားတစ်ဦးက ပြောပါတယ်။
ခေတ်ပျက်ကြီးမှာ စားဝတ်နေရေးအတွက် အလုပ်သမားတွေဟာ အချိန်ပိုတွေကို ငြင်းဆိုခွင့် မရှိဘဲ လုပ်ကိုင်နေ ရသလို ဥပဒေစိုးမိုးမှု အားနည်းလာတာကို အခွင့်ကောင်းယူပြီး အလုပ်ရှင်တွေကလည်း စိတ်တိုင်းကျ ခြယ်လှယ်လုပ်ကိုင် နေကြပါတယ်။
အလုပ်သမားဝန်ကြီးဌာနနဲ့ လက်အောက်ခံ ဦးစီးဌာနတွေ ကတော့ အလုပ်ရှင်၊ အလုပ်သမားအရေးဟာ ဌာနနဲ့သက်ဆိုင်မှု မရှိသလို လုပ်ဆောင်နေပါတယ်။
လက်ရှိမှာ စက်ရုံအလုပ်သမားတွေဟာ ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် စားဝတ်နေရေး အခက်အခဲတွေ ဖြစ်ပေါ် နေပြီး အချိန်ပိုနာရီတွေကို နားရက်မရှိဘဲ လုပ်ကိုင်နေရပါတယ်။
အောလင်းတွေ၊ အောနိုက် ( ညလုံးပေါက်အချိန်ပို) တွေနဲ့ ပိတ်ရက်မရတဲ့ တနင်္ဂနွေနေ့တွေဟာ အလုပ်သမားဥပဒေကို ပြက်ရယ်ပြုနေပါတယ်။
ပြဌာန်းထားတဲ့ ဥပဒေအရတော့ အခြေခံလုပ်ခလစာဟာ ခေတ်ကာလနဲ့ ကိုက်ညီပြီး စားဝတ်နေရေးအတွက် ဖူလုံမှုရှိရမှာ ဖြစ်ပေမယ့် လက်တွေ့မှာတော့ အချိန်ပိုတွေကို မိုးလင်း၊ မိုးချုပ် လုပ်ကိုင်နေရင်းကို စားဝတ်နေရေး အတွက် ခက်ခဲနေရတာပဲ ဖြစ်ပါတယ်။
“ကျွန်မတို့မှာ မိုးလင်း၊ မိုးချုပ် အလုပ်ထဲမှာပဲ နေရတယ်။ ကိုယ်ပိုင်ဘဝတွေ မရှိတော့လောက်အောင် လုပ်နေ ပေမယ့် ဘာမှဖြစ်မလာဘူး။ လစာတွေတိုးတယ်။ သုံးသိန်းကျော် လေးသိန်း ဖြစ်လာတယ် ဆိုပေယ့် လက်တွေ့မှာ အဲဒီစရိတ်တွေက ကုန်ဈေးနှုန်းနဲ့တွက်ရင် မသေရုံပဲ စားရတာ။ အပိုအသုံးစရိတ်အတွက် လုံးဝမရှိတော့ဘူး။ ကြာလာလို့ စုဆောင်းမိတာ ရောဂါပဲ ရှိတယ်။ အာဏာမသိမ်းခင်ကတော့ ရွေတိုငွေစလေး စုလို့ရသေးတယ်။ အခုကတော့ ဝဝလင်လင် စားရဖို့ကို ခက်ခဲလာတာ”လို့ စက်ရုံအလုပ်သမားတစ်ဦးက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ ပြည်တွင်းမှာနေထိုင် လုပ်ကိုင်စားသောက်သူတိုင်းဟာ နည်းမျိုးစုံနဲ့ ခက်ခဲလာတာပါ။
အခြေခံ အလုပ်သမားလေးတွေကစပြီး တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင်လေးတွေ၊ လုပ်ငန်းအကြီးစားတွေပါ ခက်ခဲ ကြပ်တည်းလာတာဖြစ်ပြီး ရပ်နားသွားတဲ့ လုပ်ငန်းတွေလည်း မနည်းလှပါဘူး။
ဒါတွေအားလုံးဟာ အာဏာသိမ်း ပြီးနောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲတွေပါပဲ။
ဒီလို အခြေအနေတွေထဲမှာတော့ လုပ်အားနဲ့ လုပ်ခလစာ မမျှတဲ့ဒဏ်ကို ရင်ဆိုင်ရင်း ခက်ခဲနေရတဲ့ အလုပ်သမား ထုရဲ့ဘဝကတော့ လူတန်းစေ့နေထိုင်စားသောက်နိုင်ဖို့ကို ခက်ခဲလာတာပါ။
အလုပ်လုပ်ရင်း ငတ်မသေရုံ နေထိုင် စားသောက်ရပြီး ရောဂါတွေကို စုဆောင်းထားရုံပဲ ရှိနေပါတယ်။
“သူတို့ပြောသလို ထောက်ပံ့ကြေး နှစ်ထောင်ဆိုလည်း အလုပ်သမားတိုင်း နှစ်ထောင်ပိုရအောင်တော့ လုပ်ပေး သင့်တယ်။ အခုက တိုးပေးတယ်ဆိုပေမယ့် အများစုက တစ်ထောင်ပဲ ရကြတာပါ။ ပြောမယ်ဆို သူတို့ပိုပေးတယ် ဆိုတဲ့နှုန်းထားက လက်တွေ့မှာ သိပ်မထူးဘူးဆိုပေမယ့် စာရွက်ပေါ်မှာပဲ တိုးခံရတာက ပိုခံပြင်းတယ်။ ခေတ်နဲ့ အ ညီ မပေးနိုင်ဘူးဆိုရင်တောင် သူတို့တိုးပေးတယ်ဆိုတဲ့နှုန်းကို အလုပ်သမားတိုင်းရဖို့တော့ ဝန်ကြီးဌာနကလည်း တာဝန်ယူပေးသင့်တယ်”လို့ သူက ပြောပါတယ်။
အလုပ်သမားတွေဟာ ထောက်ပံ့ကြေး ကျပ်နှစ်ထောင် ပြည့်အဝ မရရှိတာ၊ လုပ်ခလစာ မလုံလောက်လို့ အခက် အခဲ ဖြစ်နေတာတွေကို ထုတ်ဖော်ပြောဆိုနေပေမယ့် သိသာတဲ့ ပြောင်းလဲမှုတွေ ရှိမလာပါဘူး။
အခြေခံလုပ်ခ လစာ မလုံလောက်လို့ ထောက်ပံ့ကြေး နှစ်ထောင်တိုးပေးတာကို အလုပ်ရှင်တွေနဲ့ စည်းဝါးကိုက်ပြီး ဟန်ပြ လုပ်ဆောင်ခဲ့တာ၊ အပြည့်အဝ ရရှိဖို့ မကြပ်မတ်တာ၊ နောက်ဆက်တွဲ သက်ရောက်မှုတွေကို ပြည်လည်သုံးသပ်မှု မရှိတာတွေဟာ ဝန်ကြီးဌာနရဲ့ တာဝန်မဲ့မှုတွေပါပဲ။
စစ်အာဏာသိမ်းတာ ကြာနေသရွေ့ ပြည်သူတွေရဲ့ ခက်ခဲကြပ်တည်းမှုတွေက ပိုမိုဆိုးရွားလာမှာဖြစ်ပေမယ့် အခြေ ခံ အလုပ်သမားထုရဲ့ အကြပ်အတည်းကတော့ ဆိုဖွယ်မရှိတော့ပါဘူး။
ဒီအခြေအနေမှာ အလုပ်ရှင်တွေရဲ့ သဘောထားရပ်တည်ချက်ကပဲ တစ်ဦးချင်းရဲ့ သမိုင်းကြောင်းကို အဆုံးအဖြတ် ပေးသွားမှာပဲ ဖြစ်ပါတော့တယ်။
ခေတ်ပျက်ကြီးဟာ လူတစ်ဦးချင်းစီရဲ့ ရပ်တည်ချက်ကို စာမေးပွဲ စစ်နေပါတယ် ။
ဒီအခြေအနေမှာ အလုပ်ရှင်တွေကို စစ်တဲ့စာမေးပွဲဟာလည်း ရေရှည်မှာတော့ ခိုင်မာတဲ့ အခွင့်အလမ်းတစ်ခု ဖြစ်လာနိုင်တာက အသေအချာပဲဆို တာကို ထပ်လောင်းတင်ပြ လိုက်ရပါတော့တယ်။
Application - https://bit.ly/3oNDLga
Website Link - https://www.myanmarlabournews.com
Telegram Link - https://t.me/myanmarlabournews
#MyanmarLabourNews
ARTICLE
ကျပ်နှစ်ထောင် နောက်ကွယ်က ခါးသီးမှု
53 Views
Related posts
ပြည်ပထွက်ခွာလိုသူတွေအတွက် ရန်ကုန်လေဆိပ်ရဲ့ အိမ်မက်ဆိုး
Dec 26, 2024
စစ်မှုထမ်းအယောင်ပြ ဖမ်းဆီးငွေညှစ်မှုတွေပါ ပြုလုပ်လာ
Dec 24, 2024
အဓမ္မ စစ်မှုထမ်းခိုင်းစေရန် ပေါ်တာဆွဲမှုမှာ အကာကွယ်မဲ့နေတဲ့အလုပ်သမားထု
Dec 22, 2024
အဖြေရှာဖို့ ခက်ခဲသေးတဲ့ ကလေးလုပ်သားပုစ္ဆာ
Dec 21, 2024
ကျပ်တည်းခက်ခဲလာတဲ့ အခြေခံပြည်သူတွေရဲ့ဒုက္ခ
Nov 26, 2024
ညီမမေသူ သို့ ပြန်စာ - ၁
Nov 19, 2024
"ကိုမင်း ဈေးထဲ လမ်းလျှောက်ထွက်ခြင်း"
Nov 18, 2024
"ဝေးကွာလာသည့် ပြည်ပအိမ်မက်များ”
Nov 17, 2024