"အလုပ်သမားတွေအတွက် အတော်လေး စေတနာမရှိဘူးလို့ ပြောရမယ်။ အမှန်တကယ် စေတနာရှိရင် အနည်းဆုံးအခကြေးငွေကို ခေတ်ကာလအပေါ် မူတည်ပြီး ဖူလုံတဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ပေးရမှာပါ"
မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ရဲ့ တာဝန်ရှိသူတစ်ဦးရဲ့ စကားပါ။
လက်ရှိ စစ်ကောင်စီ (စကစ) က လုပ်သားတွေကို အခြေခံလုပ်ခလစာ တရားဝင်မတိုးဘဲ အပိုထောက်ပံ့ကြေး (Additional Allowance) ပုံစံမျိုးနဲ့သာ တိုးမြှင့်ပေးနေတဲ့ ကိစ္စအပေါ် သူက အခုလိုပဲ ပြတ်ပြတ်သားသား ဝေဖန်ခဲ့တာပါ။
ဒီလို လုပ်ဆောင်ချက်ဟာ အလုပ်သမားတွေအတွက် လက်ထဲဝင်ငွေ တက်လာတယ်လို့ ထင်ရပေမဲ့ ရေရှည်မှာ ဘယ်လို နစ်နာမှုတွေ ဖြစ်စေပါသလဲ။
မြန်မာနိုင်ငံမှာ လက်ရှိ အထည်ချုပ်စက်ရုံ ၅၅၀ ဝန်းကျင်ရှိပြီး၊ အများစုက အမျိုးသမီးတွေဖြစ်တဲ့ လုပ်သား ငါးသိန်း ဝန်းကျင်ဟာ ဒီလုပ်ငန်းခွင်မှာ အဓိက အသက်မွေးဝမ်းကျောင်း ပြုနေရတာပါ။
သူတို့ရဲ့ လုပ်ခလစာကို အခြေခံလစာ မတိုးဘဲ ထောက်ပံ့ကြေးပေးတဲ့ စနစ် ထိခိုက်နေရပါတယ်။ ဘယ်လောက်အထိ ထိခိုက်နေရသလဲ ဆိုရင် ။
လက်ရှိမှာ မြန်မာနိုင်ငံရဲ့ တရားဝင် အခြေခံလုပ်ခလစာက တစ်ရက် ၄,၈၀၀ ကျပ် ပဲ ရှိပါသေးတယ်။ ဒါက ၂၀၁၈ ခုနှစ်တုန်းက သတ်မှတ်ထားတဲ့ နှုန်းထားပါ။
စကစက အဲဒီ ၄,၈၀၀ ကျပ်ကို မတိုးဘဲ၊ အဲဒီအပေါ်မှာ ထပ်ဆင့်ပြီး ထောက်ပံ့ကြေးတွေ ပေါင်းထည့်ပေးတဲ့ သဘောပါပဲ။
"ထောက်ပံ့ကြေးဆိုတာ အနည်းဆုံးအခကြေးငွေ မဟုတ်ပါဘူး။ အဲဒီအတွက် အလုပ်သမားတွေက ၂၀၁၈ ခုနှစ်က သတ်မှတ်ထားတဲ့ တစ်ရက် ၄,၈၀၀ နှုန်းထားနဲ့သာ အခြေခံလစာနဲ့ အချိန်ပိုကြေးကို တွက်ချက်ရနေတာ ဖြစ်ပါတယ်" လို့ FGWM တာဝန်ရှိသူက ရှင်းပြပါတယ်။
ဆိုလိုတာကတော့ အထည်ချုပ်လုပ်သားတွေဟာ စက်ရုံမှာ ပင်ပန်းကြီးစွာနဲ့ အချိန်ပိုတွေ ဆင်းပေးရပေမဲ့ အဲဒီ အချိန်ပိုလုပ်ခ (Overtime Pay) ကို ၄,၈၀၀ ကျပ် ပေါ်မှာပဲ အခြေခံတွက်ချက်ပေးနေရတာပါ။
ဒါ့အပြင် သူတို့ရဲ့ ရေရှည် အငြိမ်းစားယူခွင့် ပင်စင်ရန်ပုံငွေ၊ လူမှုဖူလုံရေး ရန်ပုံငွေလို အရေးကြီးတဲ့ အာမခံချက်အားလုံးဟာလည်း ဒီနိမ့်ကျတဲ့ အခြေခံလစာပေါ်မှာပဲ ရပ်တည်နေရတယ်။
အထည်ချုပ်လုပ်သားတွေရဲ့ အနာဂတ် ဘဏ္ဍာရေး လုံခြုံမှုတွေက နိမ့်ကျနေဆဲပါပဲ။ အာဏာသိမ်းအစိုးရ၏ တာဝန်မဲ့မှုနှင့် ကုန်ကျစရိတ် ရှောင်လွှဲခြင်းဒီနေရာမှာ အဓိက တာဝန်ရှိသူကတော့ လက်ရှိ အုပ်ချုပ်နေတဲ့ အာဏာသိမ်း အစိုးရ (စကစ) ပဲ ဖြစ်ပါတယ်။
တရားဝင် အနည်းဆုံးအခကြေးငွေ (Minimum Wage) ကို သတ်မှတ်ဖို့၊ ပြန်လည်ပြင်ဆင်ဖို့နဲ့ အကောင်အထည်ဖော်ဖို့ တာဝန်ဟာ သူတို့မှာရှိပါတယ်။
သို့သော်လည်း အခြေခံလစာကို တိုက်ရိုက်တိုးမြှင့်ခြင်း မပြုဘဲ ထောက်ပံ့ကြေးပေးခြင်းဟာ ရေရှည်ကုန်ကျစရိတ် ရှောင်လွှဲတဲ့ ပေါ်လစီ ဖြစ်တယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။
အခြေခံလုပ်ခလစာကို တိုးလိုက်တာနဲ့ အစိုးရပိုင် စက်ရုံတွေ၊ ဌာနဆိုင်ရာတွေအပြင် ပုဂ္ဂလိက အလုပ်ရှင်တွေပါလူမှုဖူလုံရေး ရန်ပုံငွေ အပါအဝင် အခြားသော အကျိုးခံစားခွင့်တွေအတွက် ပိုပြီး ပေးချေရမှာ ဖြစ်ပါတယ်။
ဒီအခက်အခဲတွေကို မျက်ကွယ်ပြုပြီး အလုပ်သမားတွေကို စစ်မှန်တဲ့ အာမခံချက်မပေးတဲ့ "ထောက်ပံ့ကြေး" ဟာ အစိုးရရဲ့ တာဝန်မကျေပွန်မှုကို ထင်ရှားစေတယ်လို့ FGWM က ရှုမြင်ပါတယ်။
"မခိုင်မာတဲ့ ဝင်ငွေနဲ့ အလုပ်ရှင်ရဲ့ ခြိမ်းခြောက်မှု" ထောက်ပံ့ကြေးဆိုတာ ဥပဒေအရ အာမခံချက် အလွန်အားနည်းပါတယ်။
"ထောက်ပံ့ကြေးက အလုပ်သမားက တစ်ရက် အလုပ်လာမှ ခံစားခွင့်ရတဲ့ ထောက်ပံ့ကြေးပါ" လို့ FGWM တာဝန်ရှိသူက ထောက်ပြပါတယ်။
ဒီလို အခြေအနေမျိုးမှာ အလုပ်ရှင်တွေအတွက်တော့ ထောက်ပံ့ကြေးစနစ်က သူတို့ရဲ့ ရေရှည် ကုန်ကျစရိတ်ကို ထိန်းချုပ်နိုင်တဲ့အပြင် လုပ်အားညှစ်ထုတ်ဖို့ လက်နက်တစ်ခုလို ဖြစ်နေပါတယ်။
"အလုပ်ရှင်တွေကတော့ အလုပ်လာမှ ထောက်ပံ့ကြေးရမယ် လို့ အလုပ်သမားကို ခြိမ်းခြောက် ဖိအားပေး ခိုင်းစေတာ ဒီအပေါ်မှာ လုပ်အားညှစ်ထုတ် အမြတ်ထုတ်တာတွေ လုပ်နေပါတယ်" တဲ့။
ဒါ့အပြင် "ထောက်ပံ့ကြေး မရတာ၊ ရပြီးသား လျှော့ချခံရတာ ဒီလိုအခြေအနေတွေဖြစ်လာရင် ဥပဒေအရ အကာအကွယ်ရဖို့ လက်တွေ့မှာ မလွယ်ကူပါ" လို့ သူက ဆိုပါတယ်။
ဥပဒေစိုးမိုးမှုနဲ့ အကာအကွယ်ပေးမှု အားနည်းနေတာဟာလည်း အစိုးရရဲ့ ကြီးမားတဲ့ တာဝန်ပျက်ကွက်မှု တစ်ခုပါပဲ။ အထည်ချုပ်လုပ်သား ငါးသိန်းဟာ မိမိတို့ရဲ့ အခွင့်အရေးကို အကာအကွယ်ပေးမယ့် ဥပဒေမဲ့ လုပ်ငန်းခွင်ထဲမှာ နေ့စဉ် ရုန်းကန်နေရပါတယ်။
ဘဝကို မကယ်နိုင်တဲ့ ထောက်ပံ့ကြေးနဲ့ စိုးရိမ်ပူပန်မှု ဈေးကွက်ထဲမှာ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေချိန်မှာ လက်ရှိရရှိနေတဲ့ ထောက်ပံ့ကြေး တိုးမြှင့်မှုက အလုပ်သမားတွေရဲ့ စားဝတ်နေရေးကို လုံးဝမဖြေရှင်းနိုင်ပါဘူး။
"ထောက်ပံ့ကြေးပေးလို့ အလုပ်သမားတွေ အဆင်ပြေသွားတာ မယ်မယ်ရရ ပြစရာမရှိပါဘူး။ စားဝတ်နေရေး ဖူလုံလောက်ငှဖို့ဆိုတာ အဝေးကြီးပါ" လို့ FGWM တာဝန်ရှိသူက လက်တွေ့ဘဝကို ထင်ဟပ်တဲ့ စကားကို ပြောပါတယ်။
ဆိုးကျိုးအနေနဲ့ "လစာတိုးလာပြီဆိုပြီး ကုန်ဈေးနှုန်း ထိုးတက်လာတာ၊ အဆောင်လစာ၊ မီတာခ ဒါတွေက အသံကြားတာနဲ့ ဈေးတက်လာတာပါ" တဲ့။ ဒါကြောင့် လုပ်သားတွေအဖို့ လက်ထဲ ငွေနည်းနည်း ပိုဝင်လာပေမဲ့ အဲဒီငွေပမာဏက ဈေးနှုန်းတက်မှုနဲ့ အလွယ်တကူ ပြန်ပါသွားတာကြောင့် စိုးရိမ်ပူပန်မှုပဲ ပိုတိုးလာတယ် လို့ ဆိုရမှာပါ။
ဒါကြောင့်လည်း အလုပ်သမားထုရဲ့ အဓိက တောင်းဆိုချက်က ရေရှည်မှာ အာမခံချက်မရှိတဲ့ ထောက်ပံ့ကြေး မဟုတ်ဘဲ "ခေတ်ကာလနှင့်အညီ အနည်းဆုံးအခကြေးငွေ တိုးမြင့်သတ်မှတ်ပေးဖို့"ပဲ ဖြစ်နေတာပါ။
ရေရှည်ဖြေရှင်းနည်း- သမဂ္ဂများနဲ့ ညှိနှိုင်းရေး အခြေခံလစာကို ရှောင်လွှဲတဲ့ ဒီစနစ်ကို ရပ်တန့်ဖို့အတွက် အကောင်းဆုံး ရေရှည်ဖြေရှင်းနည်းကတော့ အစိုးရက ဥပဒေအရ တရားဝင် တိုးမြှင့်ပေးရေးပါပဲ။
ဒါပေမဲ့ လက်ရှိ နိုင်ငံရေး အခြေအနေမှာ ဒါမျိုး ဖြစ်လာဖို့ မလွယ်ကူ ပါဘူး။ ဒါကြောင့် FGWM အနေနဲ့ကတော့ အခြားနည်းလမ်းတွေကို တွန်းအားပေးနေပါတယ်။
"ကျမတို့အနေနဲ့ကတော့ လုပ်ငန်းခွင်တိုင်းမှာ စစ်မှန်တဲ့ အလုပ်သမားတွေက ဦးဆောင်ပြီး စုဖွဲ့ကာ အလုပ်သမားသမဂ္ဂ တွေ ပေါ်ပေါက်ဖို့ တွန်းအားပေးပါတယ်" လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။
သူ့အမြင်အရဆိုရင် "သမဂ္ဂတွေ အားကောင်းလာရင် ဥပဒေတွေကို အားကိုးစရာ မလိုတော့ဘဲ လုပ်ခလစာဆိုတာ အလုပ်ရှင်နဲ့ အလုပ်သမား နှစ်ဖက်ညှိနှိုင်းပြီး သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်"တဲ့။
အခြေခံလစာ မတိုးဘဲ ထောက်ပံ့ကြေးပေးခြင်းဟာ အစိုးရကိုယ်တိုင်က တာဝန်မကျေပွန်ဘဲ စီးပွားရေး ကုန်ကျစရိတ်ကို ရှောင်လွှဲဖို့ ကြိုးစားတဲ့ ပုံစံဖြစ်ပြီး၊ လုပ်သားငါးသိန်းရဲ့ လက်ရှိဘဝနဲ့ ရေရှည်ဘဝကိုတော့ ဓားစာခံအဖြစ် ဆက်လက် ရင်ဆိုင်စေတဲ့ မတရားမှုတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဦးမှာပါပဲ။








