ARTICLE

လာအို FUANLAI စက်ရုံက ငရဲခန်းလား ကျားဖြန့်လား။

CoverLogo
88 Views
 
"ညီမတို့က ရောင်းစားခံရသလိုပါပဲ။"
 
ဒီစကားကို FUANLAI စက်ရုံက အမျိုးသမီးလုပ်သားတဦး ပြောက Myanmar Labour News ကို ပြောပါတယ်။
 
လာအိုနိုင်ငံက FUANLAI ခြေအိတ်စက်ရုံမှာ လုပ်နေကြတဲ့ မြန်မာအလုပ်သမား ၃၀၀ ကျော်ဟာ အခုဆိုရင် အပြင်ပန်းကြည့်ရင် ရိုးရိုး စက်ရုံအလုပ်သမားတွေ ဖြစ်ပေမယ့်၊ တကယ့်လက်တွေ့မှာတော့ စာရွက်စာတမ်းတွေ အသိမ်းခံထားရ၊ လစာတွေ အဖြတ်ခံထားရ၊ ပြန်ချင်တာကို ဒေါ်လာ ၁,၈၀၀ နဲ့ ခြိမ်းခြောက်ခံထားရတဲ့ အခြေအနေ ဆိုးကြီးနဲ့ ရင်ဆိုင်နေရပါတယ်။
 
ဒီကိစ္စဟာ စက်ရုံ၊ မြန်မာအေဂျင်စီနဲ့ မြန်မာသံရုံး သုံးခုစလုံးရဲ့ တာဝန်မဲ့မှု ပေါင်းစပ်ပြီး ဖြစ်လာတဲ့ "လူသားချင်း စာနာမှု ကင်းမဲ့တဲ့ ထောင်ချောက်" တစ်ခုလိုပါပဲ။
 
ဒေါ်လာ ၁,၈၀၀ နဲ့ ပိတ်ဆို့ခံထားရတဲ့ ဘဝ
 
အဲဒီအလုပ်သမားတွေထဲက ညီမတစ်ယောက် ပြောပြတဲ့ စကားက ရင်ထဲကို အတော်လေး ထိစေပါတယ်။
 
"ကျန်းမာရေးမကောင်းလို့ ပြန်မယ်ပြောတာကို လျော်ကြေး ဒေါ်လာ ၁,၈၀၀ တောင်းပါတယ်။ မ လျှော့ပေးဘူးတဲ့။ ကျန်းမာရေး ဆေးစာတွေပြတော့မှ ၁,၀၀၀ နဲ့ရတယ်တဲ့။ ညီမတို့က အဲ့လောက်ကြီး မတတ်နိုင်လို့ ၅၀၀ ပေးပြီး ကိုယ့်ဘာသာ လေယာဉ်လက်မှတ် ဖြတ်ပြန်ပါရစေဆိုတော့လည်း လုံးဝမရဘူး။"
 
ဒါတင်မကသေးပါဘူး။ ကျန်တဲ့ လျော်ကြေးငွေကို မပေးနိုင်ရင် ဆက်ပြီး အလုပ်လုပ်ရင်း ဆပ်ရမယ်လို့တောင် ခြိမ်းခြောက် ပြောဆိုတာမျိုးတွေ ရှိနေပါတယ်။ ကျန်းမာရေး မကောင်းလို့ အလုပ်မဆင်းနိုင်တဲ့သူကိုတောင်မှ သုံးရက်ပဲ အချိန်ပေးမယ်ဆိုပြီး ခြိမ်းခြောက်နေတယ်ဆိုတော့ ဒါဟာ ဘယ်လို လူသားဆန်တဲ့ လုပ်ရပ်မျိုးလဲ ဆိုတာ မေးခွန်းမေးရမှာပါ။
 
မြန်မာ အေဂျင်စီရဲ့ ခေါင်းပုံဖြတ်ပုံ
 
ဒီအဖြစ်အပျက်တွေရဲ့ နောက်ကွယ်မှာ မြန်မာနိုင်ငံက အားထန် အေဂျင်စီရဲ့ တာဝန်မဲ့မှုကလည်း အဓိက ကျနေပါတယ်။
 
လာအိုမှာ အလုပ်ရဖို့အတွက် ညီမတွေဆီက မြန်မာနိုင်ငံက အေဂျင်စီက ငွေ ၁၇ သိန်းကျော် တောင်းယူ သွားတယ်။
 
လေယာဉ်ပေါ် တက်ဖို့ဆိုပြီး ဒေါ်လာ ၁၀၀ ပါ ထပ်ကောက်သေးတယ်။
 
စက်ရုံကနေ အကုန်အကျခံပြီး ခေါ်လာတယ် ဆိုတာကို လာအိုရောက်မှ မြန်မာအလုပ်သမား သိရတော့ အေဂျင်စီဟာ မယူသင့်တဲ့ ပိုက်ဆံတွေကို အကုန် ခေါင်းပုံဖြတ်သွားတာ ထင်ရှားနေတာပါ။
 
ပိုဆိုးတာက လာအိုရောက်တော့ စက်ရုံကနေ ၃ နှစ်စာချုပ်အသစ်၊ ဒေါ်လာ ၁,၈၀၀ လျော်ကြေး ပါတဲ့ စာချုပ်ကို လက်မှတ် ထပ်ထိုးခိုင်းတယ်။
 
မြန်မာအလုပ်သမားတွေက လက်မထိုးချင်ဘူးဆိုတော့ အဲ့ဒီ အချိန်မှာ အားထန် အေဂျင်စီ သူဌေးကို စက်ရုံသူဌေးနဲ့ ပခုံးဖက်ပြီး အပြင်ခေါ်သွားရာက ပြန်မရောက်လာတော့ပါဘူး။
 
အဲဒီနောက်မှာ မြန်မာအလုပ်သမားတွေကို စက်ရုံဘက်က ဖိအားပေးပြီး လက်မှတ် ထိုးခိုင်းတော့တာပါပဲ။
 
“လက်မှတ်မထိုးရင် လျှော်ကြေးပေး ပြန်ဆိုပြီး ပြောခဲ့တယ်” လို့ အမျိုးသမီး အလုပ်သမားတဦးက ပြောပါတယ်။
 
ဒါဟာ အေဂျင်စီက အလုပ်သမားတွေကို စက်ရုံလက်ထဲကို တရားဝင် ပုံစံမျိုးနဲ့ အပ်နှံလိုက်တာပဲ ဖြစ်ပါတယ်။
 
စက်ရုံရဲ့ စာချုပ် ချိုးဖောက်မှု
 
စက်ရုံဘက်က အလုပ်သမား အခွင့်အရေးကို လုံးဝ လျစ်လျူရှုထားတာကိုလည်း တွေ့ရပါတယ်။
 
စာချုပ်ထဲမှာ ဒေါ်လာ ၂၃၀၊ နှစ်လပြည့်ရင် ၂၅၀ ပေးမယ်လို့ ရေးထားပါတယ်။
“ အခု တစ်နှစ်ကျော်တဲ့အထိ ဒေါ်လာ ၂၅၀ မရဘူး။ ပေးလဲ မပေးခဲ့ဘူး” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
“ စာချုပ်မှာ စရိတ်ငြိမ်း ခေါ်လာတယ်၊ အခုတော့ ရေဖိုး၊ မီးဖိုး တွေ အကုန် လစာထဲက ဖြတ်တောက်တယ်။ ရလစာကို အမြဲလိုလို ဖြတ်နေတာပါ” လို့ ပြောပါတယ်။
 
နိုင်ငံကူးလက်မှတ် သိမ်းတာဟာ အတင်းအကျပ် ခိုင်းစေမှုနဲ့ လူကုန်ကူးမှု မြောက်တယ်ဆိုတာ လာအို နိုင်ငံငံ ဥပဒေမှာ သတ်မှတ်ထားပါတယ်။
 
“နိုင်ငံကူးစာအုပ်တွေ၊ OWIC ကတ်တွေ အားလုံးကို FUANLAI စက်ရုံက သိမ်းထားတယ်။ ဘာစာရွက်စာတမ်းမှ အလုပ်သမားတွေ လက်ထဲ မရှိကြဘူး” လို့ ပြောပါတယ်။
 
ဒါ့အပြင် စက်ရုံမှာ ဆေးပေးခန်း မရှိလို့ အလုပ်သမားတွေမှာ အကုန်အကျပိုမို များပြားနေတယ်လို့လည်း ဆိုပါတယ်။
 
“ ဆေးခန်းသွားရင်လည်း တစ်ခါသွားရင် လခတစ်ဝက်နီးပါး ကုန် တယ်။ တစ်လကို ပိတ်ရက်ကလည်း နှစ်ရက် တည်း ပေးပါတယ်။” လို့ ပြောပါတယ်။
 
ဒါ့အပြင် စက်ရုံဘက် အကျွေးမွေးမှုတွေက သန့်ရှင်းမှုမရှိသလို ကျန်းမာရေးနဲ့ ကိုက်ညီမှု မရှိဘူးလို့လည်း အလုပ်သမားပြောပါတယ်။
 
"စက်ရုံက ကျွေးတဲ့ ထမင်းဟင်းတွေကလဲ မကောင်းပါဘူး၊ ဟင်းထဲမှာ လောက်တောင် ပါတယ်။ ..." ဒီလို အစားအသောက်တွေနဲ့ လုပ်အား ခေါင်းပုံဖြတ်ခံနေရတာပါ။
 
မြန်မာသံရုံးရဲ့ လျစ်လျူရှုမှု
 
ဒီပြဿနာတွေ အားလုံးမှာ အလုပ်သမားတွေ အားကိုးရာလို့ ပြောရမယ့် လာအိုနိုင်ငံက မြန်မာသံရုံး ရဲ့ အခန်းကဏ္ဍကလည်း စိတ်ပျက်စရာပါ။
 
"အလုပ်သမား အခွင့်အရေး ချိုးဖောက်တာတွေကို မြန်မာသံရုံးကို ခဏခဏသွားတိုင်ဖူးပါတယ်။ ဘာမှ မထူးပါဘူး။"
 
သံရုံးရဲ့ ထိရောက်တဲ့ အကူအညီ မရတာကြောင့် လျော်ကြေး ၁,၀၀၀၊ ၁,၈၀၀ မပေးနိုင်တဲ့သူတွေဟာ "အောက်လမ်း" ကနေ အသက်အန္တရာယ်ကို စွန့်ပြီး ခိုးပြန်ကြရတဲ့ အခြေအနေထိ ရောက်ခဲ့ရပါတယ်။
 
တကယ့်ကို ငရဲခန်း ကျားဖြန့် အလုပ်သမားတွေ လို ဖြစ်နေတယ်လို့ မြန်မာအလုပ်သမားတွေက ပြောဆိုပါတယ်။ ရင်ဖွင့်ကြပါတယ်။
 
ဘယ်သူ တာဝန်ယူပေးမလဲ?
 
ဒီအလုပ်သမားတွေရဲ့ အသံဟာ လာအိုနိုင်ငံကနေ တိုးတိုးလေး ထွက်လာတာပါ။
 
FUANLAI ခြေအိတ်စက်ရုံရဲ့ ချိုးဖောက်မှုကို လာအို ဥပဒေအရ မြန်မာ အလုပ်သမားတွေ အကာအကွယ်မဲ့ နေသလို မြန်မာ အေဂျင်စီရဲ့ ခေါင်းပုံဖြတ်မှုနဲ့ စာချုပ် ဖောက်ဖျက်မှုကို မြန်မာ ဥပဒေ အရ အလုပ်သမားတွေ လျစ်လျူရှုခံရတဲ့ အသံတွေ ဖြစ်နေပါတော့တယ်။

Related posts

Cover
သမဂ္ဂခေါင်းဆောင်တစ်ဦးလျှောက်ခဲ့တဲ့ "လမ်း"
Oct 30, 2025
Cover
အခြေခံလစာလား၊ ထောက်ပံ့ကြေးလား။ မြန်မာ့လုပ်သားတွေ ဘယ်လောက်အထိ ရေရှည်နစ်နာနေရသလဲ။
Oct 28, 2025
Cover
၇,၈၀၀ ကျပ် လုပ်ခ အပြောင်းအလဲမှာ  အလုပ်သမားတွေ ခံစားခွင့်ရ မရ
Oct 20, 2025
Cover
မြန်မာနိုင်ငံသားတွေ ဗီယက်နမ်နိုင်ငံကို ပြောင်းနေသင့်လား။ အပိုင်း(၂)
Oct 19, 2025
Cover
မြန်မာနိုင်ငံသားတွေ ဗီယက်နမ်နိုင်ငံကို ပြောင်းနေသင့်လား။အပိုင်း(၁)
Oct 12, 2025
Cover
လေယာဉ်ဗုံးဒဏ်အောက်က ပျက်စီးသွားသော ကလေးသူငယ်များ၏ အနာဂတ်
Oct 09, 2025
Cover
ဗီယက်နမ်ဒဏ္ဍာရီလာ နဂါးစိမ်းကျောက်တောင်များ ရှိရာနေရာ (သို့မဟုတ်) Halong Bay (ဟာလောင်း ပင်လယ်အော်)
Oct 05, 2025
Cover
“ညည်းချင်း ၂၀၂၅”
Oct 02, 2025