မေသူ့ထံမှ ပေးစာ
ကိုကြီးကျော်ရေ...
တလကျော်လောက် ညီမ ပျောက်သွားလို့ စိုးရိမ်နေမလား မသိဘူး။
အမှန်တိုင်းပြောရရင် ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာ လုံးဝ မအားခဲ့ဘူး။ သူများတွေ ခရစ်စမတ်တို့ ၊ နှစ်ကုန်တို့ သွားကြလာကြပေမဲ့ ညီမက အလုပ်နဲ့ အိမ်၊ အိမ်နဲ့ အလုပ်တွေမှာပဲ အချိန်တွေကုန်နေတာ ကိုကြီးကျော်။
ညီမမှာ ပြောစရာတွေများတယ် ကိုကြီးကျော်....
အလုပ်များတာက တခြားတော့ မဟုတ်ဘူး။
စက်မှုဇုန် ခန်းမတွေဆီ ခဏခဏ သွားနေရတာနဲ့ ဦးဝင်းရှိန် စက်ရုံလာကြည့်တာနဲ့ ပဲ အလုပ်များတာ .. ကိုကြီးကျော်။
အရင်က တနှစ်လုံး သုံးလေးကြိမ်လောက် ရန်ကုန်လာတဲ့ အလုပ်သမားဒုဝန်ကြီး ဦးဝင်းရှိန်က ၊ ဒီဇင်ဘာလ ကတည်းက ရန်ကုန်ရောက်တာ၊ နေပြည်တော်ကို မပြန်သလောက်ပဲ ကိုကြီးကျော်.. ။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က Article 33 နဲ့ အရေးယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ချဖို့ နီးလာ လေလေ ဒုဝန်ကြီးက နေပြည်တော် မပြန်လေလေ ပဲ ။
ILO က ဆုံးဖြတ်ချက် ချတော့မယ်ဆိုတော့မှ ဖုတ်ပူမီးတိုက် သမဂ္ဂဖွဲ့ခိုင်းရတာနဲ့ WCC အဖွဲ့တွေကို အပြစ်တွေ တင်ရတာနဲ့ မြင်ရကြားရလို့ မကောင်းဘူး။
တကယ်ဆို သမဂ္ဂကို ဖွဲ့ဖို့ ခက်ခဲအောင်လည်း မြို့နယ် အလုပ်သမားရုံးက တာဝန်ရှိသူတွေ ကိုယ်တိုင် လုပ်နေတာ၊ ဒါက အလုပ်သမားကဏ္ဍမှာ လုပ်နေသူတိုင်း သိတဲ့ကိစ္စပဲ... ကိုကြီးကျော်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ဒုဝန်ကြီး ဦးဝင်းရှိန် စက်ရုံတွေဆီမသွားခင် ရွှေပြည်သာ ၁၄လမ်းဆုံက ကနောင်ခန်းမ မှာ ရွှေပြည်သာနဲ့အင်းစိန်က စက်ရုံတွေက မန်နေဂျာတွေ ၊ WCC အဖွဲ့ဝင်တွေ ကို အစည်းအဝေးခေါ်တယ်။ စက်ရုံတိုင်း တဦးမဟုတ် တဦး လက်မှတ်ထိုး တက်ရတယ်၊ ကိုကြီးကျော်....။
ညီမတို့စက်ရုံက တရုတ်လူမျိုးတွေဆိုတော့ က သူတို့လည်း ဘာမှ နားမလည်တော့ မတက်ချင်ကြတော့ ၊ ရုံးပိုင်းက ညီမတို့ကို တက်ခိုင်းတယ်။ အဲဒါနဲ့ပဲ ရောက်သွားတယ်ဆိုပါတော့။
အဲဒီ အစည်းအဝေးမှာ ဦးဝင်းရှိန်က အလုပ်သမားကိစ္စ မပြောဘဲ ၊ ကိုယ်ရည်ပဲ သွေးနေတာ ။ ဘယ်နှစ် ခုနှစ်က ဘယ် စစ်တပ်မှာ ဘယ်လို ထမ်းဆောင်ခဲ့တာတွေ ဆိုတာတွေက ထပ်နေတာ။ နောက် လူကြားထဲမှာ မိုက်ကြီးနဲ့ မြို့နယ် ဦးစီးမှုးတွေကို ပြောဆိုကတာကလေ မျက်နှာတွေ ဘယ်နားထားရမှန်း မသိအောင်ဘဲ ။
ဒုဝန်ကြီး ကနောင်ခန်းမက ပြန်မှ သာဓုကန်စက်မှုဇုန်ထဲက စက်ရုံတွေကို ဝင်တာ ။ သူတို့ စကားနဲ့ ပြောရင် စစ်ဆေးတယ်ပေါ့။
အဲလို စစ်ဆေးလို့ စက်ရုံ ပိုင်ရှင်တွေ ဝန်ထမ်းတွေ ပျော်နေတယ်များ မထင်နဲ့ ကိုကြီးကျော်ရေ .....
ဝန်ကြီးလာလို့ စက်ရုံမှာ ဘာမှ မတိုးတက်သလို၊ အလုပ်သမားတွေအတွက်လည်း ဘာမှ မပြောင်းလဲဘူးလေ ။
သူလာလို့ ဧည်ခံဖို့ ပြင်ဆင်ရတာပဲ ပိုပင်ပန်းတယ် ။
ညီမတို့ စက်ရုံကို ဒုဝန်ကြီးလာတော့ ကြုံရတဲ့ ဒုက္ခတွေ ပြောရဦးမယ် ကိုကြီးကျော် ။ သူ မလာခင် နှစ်ရက် လောက် ကတည်းက စက်ရုံ ရုံးပိုင်းက သူတွေ တယောက်မှ မအားနိုင်ဘူး။
မလာခင် တရက်အလို ညနေပိုင်းမှာ စက်ရုံကို မြို့နယ်အလုပ်သမားရုံးက လူတွေက လာစစ်တယ်။ လာစစ်တယ် ဆိုတာ စက်ရုံနဲ့ အလုပ်သမားတွေရဲ့ အခြေအနေတွေကို စစ်တာမဟုတ်ဘူး ။
ဧည်ခံဖို့ အပြင်အဆင်တွေပေါ့။ Tissue Box တောင် အနီရောင်မို့ မကြိုက်တာနဲ့ ။ စားပွဲခင်းတွေကို အနီရောင် မခင်းဖို့တို့ အဲ့ဒါတွေကို သတိလာပေးတဲ့ သဘောပဲ။
နောက်ရက် မှာ ဝန်ကြီးနဲ့ သူ့ရဲ့ အဖွဲ့သားတွေ စက်ရုံကို ရောက်လာပါတယ်။ သူ့ အဖွဲသားတွေက မနည်းမနော ပါလာတယ်။ ရာထူး အဆင့်ဆင့်တွေရော ၊ သတင်းရေးမဲ့ သတင်းထောက်ရော၊ TV သမားတွေရောပါတယ်။
ဝန်ကြီးက ဘာလုပ်လဲဆိုရင် Projectorနဲ့ စက်ရုံ Profile slide တွေကြည့်တယ်။ ခဏနေ လက်ဆောင် ခြင်းတွေနဲ့ ပြန်သွားတယ်။ အဆင့်ဆင့်သော အရာရှိတွေကလည်း လက်ဆောင် အသီးသီးနဲ့ပေါ့။ စာအိတ်တွေလည်း ပေး ရတာ ပေါ့ ။ ဒါတင်ပဲ မဟုတ်ဘူး ဝန်ကြီးနဲ့ပါလာတဲ့ ကင်မရာသမား၊ သတင်းသမားအတွက်ပါ စာအိတ်တွေ ပေးရတာ။
စက်ရုံဝန်ထမ်းတွေ ၊ အလုပ်သမားတွေကို သေချာ မေးမြန်းတာ၊ စက်ရုံကို စစ်ဆေးတယ်ဆိုတာမျိုး မတွေ့ခဲ့ရဘူး ၊ ကိုကြီးကျော် .......။
အခုတော့ အလုပ်သမားဝန်ကြီးလည်း အပြောင်းအလဲတွေ ဖြစ်ပြီ ။ ဒုတိယဝန်ကြီးကတော့ နဂိုရာထူးအတိုင်းပဲ ၊ မပြောင်းလဲဘဲ ရှိနေတယ်။ ဒါကတော့ သူ့အတွေ့အကြုံရဆိုရင်လည်း မမှားပါဘူးနော်.. ကိုကြီးကျော် ။
ဦးဝင်းရှိန်ကို ညွှန်မှူးဘဝနဲ့ ၈ မိုင်က အလုပ်သမားရုံးမှာ ညီမတို့ တွေ့ဖူးတာ။ မှတ်မိသလောက်ဆို ၂၀၁၁ ခုနှစ် လောက်က ဦးသိန်းစိန် အစိုးရ လက်ထက်မှာပဲ။ သူက အလည ၊ အလစ လို ဌာနတွေကို အားလုံး ကိုင်တွယ် ဖူးတယ်။ ဝါရင့် ဌာနဆိုင်ရာ ဝန်ထမ်းဆို မမှားဘူး ။ လက်ရှိတော့ အလုပ်သမားတွေအတွက် သူဘာမှ မဖြေရှင်းနိုင် တာတော့ သေချာနေပြီ။
ဒီနှစ်ထဲမှာ စက်ရုံအလုပ်ရုံ စစ်တဲ့ အလုပ််သမားရုံးက တာဝန်ရှိသူတွေရဲ့ စာအိတ်ယူ
မှုတွေက စက်ရုံ အသိုင်းအဝိုင်း မှာ အတော်ကို အသံထွက်တယ်နော် ။ သူတို့ ထမင်းစားချိန်လာရင် ထမင်းလိုက်ကျွေးရတယ်။ ကားနဲ့လာရင် ဓါတ်ဆီဖိုး ၊ ဒီဇယ်ဖိုး တောင်းတယ်။ တက်စ်စီ(အငှားကား)နဲ့လာရင် အဲ့တွက် ငှားခ ပေးရတယ်။
တကယ်ဆို ရုံးကားနဲ့လာတာ နိုင်ငံတော်စရိတ် ဟုတ်ဘူးလား ။ ဒီစက်ရုံကို စစ်ဆေးတာက သူတို့တာဝန်ပဲ မလား ။ အခုတော့ စားစရိတ်၊ လာစရိတ်တွေ အကုန်ပေးနေရတာပဲ ။
ဒါတွေတင်လားဆိုတော့ မဟုတ်သေးဘူး ၊ ကိုကြီးကျော်ရေ ....။
စစ်တဲ့သူတွေကို စိတ်အခန့်မသင့် မဖြစ်အောင်လည်း ဆက်ဆံရတယ် ။ ပြီးခဲ့နှစ်ထဲမှာ ညီမရဲ့ စီနီယာအမ တယောက် ကြုံရတာတွေ ပြောပြဦးမယ်။
မြို့နယ် အလုပ်သမားရုံးက လာစစ်ပါတယ်။ စစ်တဲ့ အချိန်က ထမင်းစားချိန် ။ စက်ရုံကလည်း နိုင်ငံခြားသားက စက်ရုံမှူး၊ ဝန်ထမ်းကို ငွေပေးတာတို့၊ ထမင်းကျွေးတာတို့ ဆိုတာ သူတို့နိုင်ငံမှာ မရှိဘူး။ စက်ရုံမှူးကလည်း သူ့အလုပ်နဲ့ သူ ဆိုတော့ ထမင်းလည်း လိုက်မကျွေး ဘူး ။ ကားခလည်း မပေးဘူး ။ ပြောရရင် ဂရုမစိုက်ဘူးပေါ့။
ဒါပေမဲ့ ပုံမှန်တိုင်း ဦးစီးမှူးတွေကို တယောက် တသိန်း ၊ ဌာန စာရေးကို ငါးသောင်း စီ စာအိပ်တွေနဲ့ ပေးလိုက် တယ်တဲ့ ကိုကြီးကျော်။
ဖြစ်ချင်တော့ အလုပ်သမားတွေကို စစ်တာမှာ အချိန်ပို ကိစ္စ ပေါ်လာတယ်။ ပုံမှန်လမ်းကြောင်းအတိုင်းဆို ဒီလို ကိစ္စတွေကို ပေါ်ကို မပေါ်တာ။ စက်ရုံကို ကြိုတင် အလုပ်သမားရုံးတွေက လာစစ်မဲ့အကြောင်းကို ကြို အကြောင်းကြားထားပြီးသား၊ စက်ရုံကလည်း လက်သပ်မွေးထားတဲ့ အလုပ်သမားတွေကို လိမ်ဖို့ ကြိုသင်ထား။ ဒါဆို မပေါ်ဘူး ။ ပေါ်ခဲ့ရင်တောင် သူတို့ဘာသာ သူတို့ လုပ်သွားတယ်။
အဲဒါနဲ့ ညီမရဲ့ စီနီယာအမ စက်ရုံ တရားစွဲဖို့ ဖြစ်သွားရော ။
စီနီယာအမလည်း မြို့နယ် အလုပ်သမားရုံး၊ ၈ မိုင် အလုပ်သမားရုံးက လူကြီးဆိုတဲ့ တာဝန်ရှိသူတွေကို ခြေချင်း လိမ်အောင် လိုက်တွေ့ ရတော့တယ်။ နောက်ဆုံး တရားစွဲခံရရင် ပေးရမဲ့ ဒဏ်ကြေးထက် နည်းနည်းလျော့တဲ့ ပမာဏကို လူစုံပေး ညှိပြီး ဖြေရှင်းလိုက်ရတယ်လို့ ပြောတယ် ကိုကြီးကျော်ရေ .....။
အငုံစိတ်နဲ့ အဂတိများ ကြောက်စရာ.. ကိုကြီးကျော်ရေ..။
အစည်းအဝေးတွေတက်ရတာတင် မဟုတ်ဘူး ကိုကြီးကျော်။
ဟောပြောပွဲဆိုတာ တက်ရသေးတယ်။
ခေါ်တာကတော့ အလုပ်သမားရုံးက ပဲ ။ အဲ့ပွဲကို အလုပ်သမား ဘယ်လောက် တက်ရမယ်ဆိုပြီး ခေါ်တယ်။
အလုပ်သမားရုံးတို့ ၊ အာဏာပိုင်တို့ဆိုတာ စက်ရုံအကြောင်း သိကြတာ မဟုတ်ကြဘူး။ သူတို့ ခေါ်ရင် လာဆိုတဲ့ ပုံစံတွေ ဆိုတော့ စက်ရုံလုပ်ငန်းတွေ ဒုက္ခတွေ့ရတာပဲ။
အထည်စက်ရုံဆိုတာ အထည်စံချိန်နဲ့ ၊ လူနဲ့တွက်လုပ်ရတာ ။ ဟောပြောပွဲအတွက် လူတွေ ထုတ်ပေးပြီး၊ ထုတ်တဲ့ နေရာကို ဘယ်က အလုပ်သမားတွေကို ခိုင်းမလဲ။ ဒါပေမဲ့ ဖြစ်အောင်ထုတ်ပေးရတော့၊ ခါးစည်း ခံရတာက အလုပ်သမားတွေပဲ။ ကျန်တဲ့ အလုပ်သမားက စံချိန်ဝင်အောင် နှစ်ယောက်စာ သုံးယောက်စာ လုပ်ပေးတော့ပဲ။
စက်ရုံဘက်ကလည်း မဖြစ်မနေဆိုတော့ လူသစ်လေးတွေတို့၊ အလုပ်သိပ်မများတဲ့ ဌာနက လူတွေကို နည်းနည်းစီ ထုတ်ပြီး သွားတက်ရတာပေါ့။
ဟောပြောပွဲ ဓါတ်ပုံတွေမှာ အလုပ်သမားတွေရဲ့ မျက်နှာတွေက စိုးရိမ်စိတ် ဘယ်လောက်များလဲ ဆိုတာ ကိုကြီးကျော် တွေ့မှာပါ။
ပြီးခဲ့ ဇန်နဝါရီမှာတော့ ဟောပြောပွဲဆိုတာကို ညီမ တက်ရပြန်တယ် ။ ဆိုးတာက အစည်းအဝေးတို့ ဟောပြောပွဲ ဆိုတာ ခွဲခြား မပြောတော့ စက်ရုံအများစုက မသွားကြတာများတယ်။ အခုတော့ မတက်တဲ့ စက်ရုံတွေဆို စာရင်း မှတ်တယ်ဆိုတော့၊ မဖြစ်မနေ သွားကြရတာ.. ကိုကြီးကျော်။
အဲ့ ဟောပြောပွဲဆိုတာ ဘာတွေ ပြောမယ် ထင်လည်း ကိုကြီးကျော်..။
ကိုကြီးကျော်တို့ရဲ့ Myanmar Labour News ရဲ့ သတင်းတိုင်းကို မယုံဖို့ပြောတယ်။
ဟောပြောတဲ့သူက ဘာလို လူလည်း ဆိုတာတော့ ညီမလည်း မသိဘူး ။ သူပြောတဲ့ အထဲမှာ အလုပ်သမား သမဂ္ဂတွေ ဖွဲ့ဖိုလည်း ပါတယ်။ သူထောင်ထားတဲ့ Page ကို Follow လုပ်ဖို့လည်း မရှက်မကြောက်လည်း ပြောတယ်။ အဲ့ Page ကို ကြည့်တော့ လူတစ်ရာတောင် Follow လုပ်မထားဘူး။ နောက် ILOနဲ့ ပတ်သက်တာတွေလည်း ပြောတယ်။
အထည်ချုပ်နဲ့ ဖိနပ်လုပ်ငန်းက အဓိကပဲ ဆိုတာပါတယ်။ ဝင်ငွေလမ်းကြောင်းတွေ ပိတ်ဆို့အောင်မလုပ်ကြဖို့ လည်း ပါတယ်။
ကိုကြီးကျော်ရေ..
ILO အရေးယူဖို့ရှိတာနဲ့ စက်ရုံကို စစ်ဆေးပြရတာ ၊ စစ်တော့လည်း အလုပ်သမားတွေအတွက် တခွန်းတလေ မပြော၊ ဒါပေမဲ့ ဒုဝန်ကြီးက အလုပ်များပြ၊ ဘယ်ကမှန်းမသိတဲ့ ဟောပြောသူတွေက Page တွေ Follow လုပ်ခိုင်းတာနဲ့ နောက်ဆုံး အလုပ်သမားတွေက မျက်စိသူငယ် နားသူငယ် နဲ့ ဟောပြောပွဲ တက်နေရတယ် ကိုကြီးကျော်ရေ......။
ဝန်ကြီးဌာနက အလုပ်သမားအရေးကို စေတနာထားလို့ လွန်ခဲ့လေးနှစ်ကတည်းက ဆောင်ရွက်ပေးခဲ့မယ်ဆိုရင် အခုလို ဖုတ်ပူမီးတိုက် မဖြစ်တော့ဘူးပေါ့နော် ။ ညီမပြောချင်တာတော့ ဒီလောက်ပါပဲ။
ကိုကြီးကျော် နေကောင်းကျန်းမာပါစေနော်..
ခင်တဲ့
မေသူ