အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း ဆင်းရဲမွဲတေနှုန်းက သိသိသာသာ မြင့်တက်လာပြီး ကလေး လုပ်သားတွေ လုပ်ငန်းခွင် ရောက်ရှိနှုန်းကလည်း တိုးလာပါတယ်။
ဒီအခြေအနေကို စစ်တမ်းတွေ အချက်အလက် တွေနဲ့ ထောက်ပြနိုင်ဖို့ မလွယ်သေးပေမယ့် စက်ရုံလုပ်ငန်းခွင်တွေထဲမှာတော့ သိသိသာသာ များလာတယ်လို့ စက်ရုံအလုပ်ရုံ အလုပ်သမားတွေဆီက သိရပါတယ်။
ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ၊ စီးပွားရေးကျဆင်းမှုတွေ အပြင် စစ်မှုထမ်း အဓမ္မခေါ်ယူတာတွေကြောင့် အသက် ၁၈ နှစ်ကစပြီးအလုပ်လုပ်နိုင်တဲ့အရွယ် တွေ သန်းနဲ့ချီပြီး ပြည်ပထွက်ခွာမှုတွေဖြစ်ပေါ်နေတာကြောင့်လည်း ပါပါတယ်။
အထူးသဖြင့် လုပ်သားအများအပြားအသုံးပြုရတဲ့ အထည်ချုပ်လို လုပ်ငန်းတွေမှာ အသက်မပြည့်သေးတဲ့ ကလေးလုပ်သား သို့မဟုတ် လူရွယ်လုပ်သားတွေကို အများအပြားတွေ့မြင်လာရပါတယ်။
"ကလေးလုပ်သားတွေကို အထည်ချုပ်ကဏ္ဍမှာ အများအပြားသုံးလာတာ ဘာဖြစ်လို့လဲဆိုတော့ ဒီကဏ္ဍမှာ အလုပ်သမားတွေရှားပါးလာတယ် ဘာကြောင့်လဲဆိုတော့ စစ်မှုထမ်း ဥပဒေကြောင့် အလုပ်လုပ်ကိုင်ရတဲ့အရွယ်တွေက စစ်မှုမထမ်းချင်တာဖြစ်တဲ့အတွက်ကြောင့် နိုင်ငံခြားတွေအသီးသီးထွက်ပြီး အလုပ်သွားလုပ်တဲ့အခါမှာ ပြည်တွင်းလုပ်သားတွေ လျှော့သွားတယ် ကလေးလုပ်သားတွေကလည်း အခုအခြေအနေ အရ ကျောင်းမတက်ရဘဲ စီးပွားရေးအခြေအနေတွေကြောင့် လူငယ် လူရွယ်လုပ်သားတွေ လုပ်ငန်းခွင်ထဲရောက်သွားတယ် အလုပ်ရှင်တွေကလည်း လုပ်သားရှားပါးမှုကြောင့် ကလေးတွေကို ခိုင်းတယ် စက်ရုံ အလုပ်သမား ၃၀၀ ကျော်မှာ ၁၅၀ ကျော်က လူငယ်လုပ်သားခိုင်းနေတာတွေရှိတယ်။"လို့ မြန်မာနိုင်ငံ ကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် IWFM မှ အလုပ်သမားအရေးဆောင်ရွက်သူက ပြောပါတယ်။
မကြာသေးခင်ကထုတ်ပြန်ခဲ့တဲ့ ကမ္ဘာဘဏ်ရဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာမှာတော့ မြန်မာ့လူဦး ရေရဲ့ (၃၂)ရာခိုင်နှုန်းကျော်ဖြစ်တဲ့ လူဦးရေ (၁၇)သန်းခွဲက ဆင်းရဲတွင်းထဲရောက်သွားပြီလို့ ထုတ်ပြန်ထားပါတယ်။
ပြည်သူတွေရဲ့ဆင်းရဲခက်ခဲမှုတွေဟာ ၂၀၁၅ ခုနှစ်မတိုင်ခင်မှာရှိခဲ့တဲ့ အခြေအနေကို ပြန်သွားနေတာဖြစ်ပြီး လက်ရှိမှာတော့ ကိုဗစ်ကာလမတိုင်ခင်ကထက် ဆင်းရဲနွမ်းပါးသူ (၁၇)သန်းကျော် တိုးလာတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ငွေကြေးဖောင်းပွနှုန်းနဲ့ အလုပ်လက်မဲ့နှုန်း မြင့်တက်လာတာကြောင့်လည်း နိုင်ငံအနှံ့မှာ ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ဆက်လက်မြင့်တက်လာနိုင်တယ်လို့ ဆိုထားပါတယ်။
ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာနေတဲ့ ပြည်သူ ၄၂ သန်းဟာ ဆင်းရဲမွဲ တေမှုကို ရင်ဆိုင်နေရတာ၊ ဒါမှမဟုတ် ဆင်းရဲမွဲတေမှုအန္တရာယ်နဲ့ နီးစပ်နေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ဇွန်လ ၂၄ ရက်ထုတ်ပြန်ချက်မှာ ထပ်မံဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက် စာရင်းအရ မြန်မာနိုင်ငံမှာ ခန့်မှန်းလူဦးရေ ၅၆ ဒသမ ၂ သန်းရှိပြီး အမျိုးသား ၂၆ သန်းကျော်နဲ့ အမျိုးသမီး ၂၉ သန်းကျော် ရှိတယ်လို့ သိရပါတယ်။
ကိန်းဂဏန်းတွေအရ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ လူဦးရေ(၄၂)သန်းက ဆင်းရဲမွဲတေနေတယ်လို့လည်း ဖော်ပြထားပါတယ်။
UNDP ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံမှာ သုံးနှစ်တာကာလအတွင်း လူလတ်တန်းစား လူဦးရေရှိမှုဟာ ၅၀ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ ဆိုပါတယ်။
လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်း၊ ခန့်မှန်းခြေအားဖြင့် လူဦးရေ ၄၂ သန်းကျော်ဟာ ဆင်းရဲမွဲတေမှုကို ရင်ဆိုင်နေရတာ ဒါမှမဟုတ် ဆင်းရဲမွဲတေမှု အန္တရာယ်နဲ့ နီးစပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
ဒီလို နိုင်ငံတကာအဖွဲ့စည်းတွေက ထုတ်ပြန်နေတဲ့ ကိန်းဂဏန်းတွေဟာ အခြေခံအလုပ်သမားထုရဲ့ ဆင်းရဲမွဲတေ မှု အခြေအနေကို ညွှန်ပြနေတာပါပဲ။
ဒီအခြေအနေမှာ နောက်ဆက်တွဲအနေနဲ့ ကလေးလုပ်သားပြဿာနာက လည်း ကြီးမားလာတာပဲ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်၊ ဇွန်လက ILO ရဲ့ထုတ်ပြန်ချက်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ကရင်ပြည်နယ် တို့မှာ ကလေးအလုပ်သမားအများအပြားကို တွေ့ရပြီး တွေ့ဆုံမေးမြန်းမှုတွေအရ အလုပ်လုပ်ကိုင်နေသူ ကလေး သူငယ် ၇၀ ရာခိုင်နှုန်းကျော်က မိသားစုငွေကြေးအခက်အခဲတွေကြောင့် အလုပ်လုပ်ကိုင်နေရတယ်လို့ ဖော်ပြ ထားပါတယ်။
“အလုပ်လုပ်ကိုင်နေတဲ့ ကလေးသူငယ် ထက်ဝက်ကျော်က အခွင့်အလမ်းသာရမယ်ဆိုရင် ကျောင်းပညာရေးကို ဆက်လက် သင်ယူလိုကြောင်း ပြောဆိုပါတယ်။ ဒါဟာ သူတို့တွေရဲ့ ကျောင်းတက်ချင်တဲ့စိတ်ဆန္ဒကို အလုပ်အကိုင်က ဘယ်လောက်အတိုင်းအတာအထိ အဟန့်အတားဖြစ်စေသလဲဆိုတာကို ထင်ဟပ်ဖော်ပြ နေပါ တယ်။ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ နိုင်ငံရေးအကျပ်အတည်းကြောင့် တစ်နိုင်ငံလုံးအနှံ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေက ဒီအခြေအနေကို ပိုမိုဆိုးရွားလာစေပါတယ်” လို့ ILO ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေး အရာရှိ၊ ဌာနေကိုယ်စားလှယ် Mr. Donglin Li က ပြောကြားဖူးပါတယ်။
ကပ်ရောဂါနဲ့ အာဏာသိမ်းမှု နောက်ဆက်တွဲရဲ့ စီးပွားရေးသက်ရောက်မှုဟာ ကလေးတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိနေတာကို ပြသနေတာပဲ ဖြစ်ပါတယ်။
အခုဆိုရင် အထည်ချုပ်လောကမှာ ကလေးလုပ်သားတွေ ဝင်ရောက်လာနှုန်းဟာ အများအပြားရှိနေပြီး လက်ရှိမှာတော့ လုပ်ငန်းရှင်တွေကလည်း ကလေးလုပ်သား ခိုင်းစေ မှုကို သတိထားရမယ့် အခြေအနေတစ်ခုလို့ကို မမြင်တော့ပါဘူး။
စက်ရုံလုပ်ငန်းခွင်တွေမှာ ကလေးလုပ်သားတွေ ပိုများလာတာနဲ့ ပတ်သက်ပြီး ကိုရီးယားနိုင်ငံသားပိုင် Real Star စက်ရုံမှာတော့ လုပ်သားအင်အားရဲ့ ထက်ဝက်ခန့်ဟာ ကလေးလုပ်သားတွေ ဖြစ်တယ်လို့ အလုပ်သမားတွေဆီက သိရပါတယ်။
“ကလေးလုပ်သားတွေက ထက်ဝက်လောက် ရှိပါတယ်။ သူတို့လည်း လူကြီးတွေနဲ့တန်းတူ လုပ်ရပါတယ်"လို့ အလုပ်သမားတွေက ပြောပါတယ်။
Myanmar Labour News က ရရှိတဲ့ သတင်းအချက်အလက်တွေအရလည်း ကလေးလုပ်သား အသုံးပြုတာဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုများလာပြီးတော့ လူကြီးလုပ်သားတွေနဲ့ တန်းတူလုပ်ကိုင်နေရတာကိုလည်း တွေ့ရှိရပါတယ်။
ပြည်တွင်းမှာ ကလေးအလုပ်သမားတွေအတွက် သီးသန့်ဥပဒေ ပြဋ္ဌာန်းထားတာမရှိပေမယ့် ကလေးအလုပ်သမား တွေနဲ့ ဆက်နွယ်နေတဲ့ ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေ၊ ၁၉၅၁ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ၊ ၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေ၊ ၂၀၁၆ ခုနှစ် အခကြေးငွေပေးချေရေး ဥပဒေနဲ့ ၂၀၁၉ ခုနှစ် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေတွေမှာတော့ အသက်(၁၄)နှစ်အောက် ကလေးတွေကို အလုပ် မလုပ်ခိုင်းဖို့ တားမြစ်ထားပါတယ်။
အသက် (၁၄) နှစ်ပြည့်ပြီး (၁၆) နှစ် မပြည့်သေးတဲ့ ကလေးတွေကိုတော့ အလုပ်လုပ်ဖို့ သင့်တော်တာကို လက်မှတ်ထုတ်ပေးခွင့်ရှိတဲ့ တာဝန်ခံဆရာဝန်ရဲ့ ခွင့်ပြုချက်နဲ့ ခိုင်းစေနိုင်မှာ ဖြစ်ပါတယ်။
ဒီကလေးတွေကိုတော့ သတ်မှတ်အလုပ်ချိန်ထက် ကျော်လွန်ပြီး အချိန်ပိုခိုင်းစေခွင့်တော့ မရှိဘူးလို့ ၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေမှာ ထည့်သွင်းပြဌာန်းထားပါတယ်။
ဒါပေမယ့် လက်ရှိမှာတော့ ကလေးလုပ်သားတိုင်းဟာ အသက်မပြည့်ပေမယ့် လူကြီးတွေနည်းတူ လုပ်ကိုင်နေရတာပဲ ဖြစ်ပါတယ်။
ကလေးသူငယ်တွေကို အလုပ်ခိုင်းစေတာနဲ့ပတ်သက်ပြီး လိုက်နာရမယ့် အချက်တွေကို ဖောက်ဖျက်ကျူးလွန် ရင်တော့ အဲဒီလူကို ထောင်ဒဏ်၊ ငွေဒဏ်တွေ ချမှတ်နိုင်တဲ့အကြောင်း ဥပဒေမှာဖော်ပြထားပေမယ့် အရေးယူမှု တစ်စုံတစ်ရာတော့ ကြားသိရတာ မရှိပါဘူး။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ လုပ်ငန်းရှင်တွေဟာ အလုပ်သမားဥပဒေပါ ပြဌာန်းချက်တွေ၊ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို နည်းမျိုးစုံနဲ့ ဖောက်ဖျက်ကျူးလွန်နေကြပါတယ်။
ဒီထဲမှာ ကလေးလုပ်သားတွေကိုလည်း ခေတ် ကာလအခြေအနေကိုလိုက်ပြီး လုပ်ငန်းရှင်အများစု သွေးတိုးစမ်းကာ ပေါ်ပေါ်တင်တင် အသုံးပြုလာတာပဲ ဖြစ်ပါ တယ်။
“အဓိကက စားဝတ်နေရေး ခက်ခဲကြပ်တည်းကြတော့ ကလေးတွေ လုပ်ငန်းခွင်ထဲ ရောက်ကုန်တယ်။ ဒီကလေး တွေကို အလုပ်မခိုင်းပါနဲ့လို့ ကျွန်တော်တို့ တားမရဘူး။ အခုဖြစ်နေတာက စက်ရုံမှာ ကလေးလုပ်သားတွေကို လူကြီးတွေ တန်းတူခိုင်းတယ်။ ဒါကိုဥပဒေချိုးဖောက်တယ်လို့ ကျွန်တော်တို့က အသံထွက်ရင် အလုပ်ရှင်က ကလေးတွေကို အလုပ်ထုတ်ပစ်တယ်။ ပြောမယ်ဆိုရင် ရန်တိုက်ပေးတာပေါ့။ ကလေးအလုပ်သမားတွေကို ဥပဒေနဲ့ အညီ ခိုင်းလို့ရပေမယ့် အလုပ်ရှင်တွေက မလုပ်ဘူး။ ကျွန်တော်တို့က မခိုင်းနဲ့တားနေတာ မဟုတ်ဘူး။ ဥပဒေအတိုင်း ကလေးတွေကို အလုပ်ခိုင်းဖို့တိုက်တွန်းချင်တာ”လို့ အလုပ်သမားအခွင့်အရေးတွေကို အသိပညာပေး နေသူတစ်ဦးက ပြောပါတယ်။
စစ်အာဏာမသိမ်းခင် ဒီမိုကရေစီအစိုးရ လက်ထက်မှာတော့ စားဝတ်နေရေး အခက်အခဲကြောင့် အလုပ်လိုချင်တဲ့ ကလေးတွေဟာ အလုပ်လျှောက်ချင်ရင် မှတ်ပုံတင်အတု၊ လေဘာကတ်အတုနဲ့ အသက်လိမ်ပြီး လျှောက်ထား တာတွေ ရှိခဲ့ပါတယ်။။
ဒီအခြေအနေမှာ အလုပ်ရှင်တွေဘက်ကတော့ စိစစ်တာတွေ လုပ်ပြီးမှာ အလုပ်ခန့်အပ် တာတွေကြောင့် အထည်ချုပ်လောကမှာ ကလေးလုပ်သားဟာ ရှိပေမယ့် ရှားပါတယ်။
အခုချိန်မှာတော့ ကလေးလုပ်သားမှန်း သိပေမယ့် ခန့်အပ်တာတွေ ရှိနေပြီး ဆရာဝန်ထောက်ခံချက်ဆိုတာ ထည့်သွင်းမစဉ်းစားသလို ဥပဒေမဲ့ခိုင်းစေမှုရဲ့ နောက်ဆက်တွဲ အရေးယူမှုကိုလည်း အရေးမစိုက်တဲ့ အခြေအနေ ဖြစ်နေပါတယ်။
"လာလျှောက်တဲ့လူကလည်း စားဝတ်နေရေးအတွက် လာလျှောက်တယ် အလုပ်ရှင်ဘက်ကလည်း သိတယ်လေ တမင်တကာခန့်တာ နှစ်ဦးနှစ်ဖက်မှားတာပါပဲ အလုပ်ရှင်ဘက်က ရဲရဲတင်းတင်းလုပ်ရမှာ အသက်မပြည့်သေးဘူး ဆိုရင် အလုပ်တော့ခန့်မယ် ဆရာဝန်ရဲ့ထောက်ခံသွားယူ ဆိုတာမျိုး စနစ်တကျ လုပ်ရင်ကလေးလုပ်သားခိုင်းစေမှုထဲမှာ မဝင်တော့ဘူးပေါ့။ ပြောရမယ်ဆိုရင် ဆေးလက်မှတ်မတောင်းတာက ခေါင်းပုံဖြတ်ချင်တယ် အဓမ္မခိုင်းချင်တယ် အဲ့တာကြောင့် ဆေးထောက်ခံချက်မတောင်းတာ အလုပ်ရှင်ဘက်က သိတယ် အကုန်လုံးကိုကျော်လွှားပြီးလုပ်နေကြတာ"လို့ အလုပ်သမားအရေးဆောင်ရွက်သူက ဒီအခြေအနေကို မှတ်ချက်ပေးပါတယ်။
အလုပ်ရှင်တွေက ဒီလိုအလုပ်အကိုင်ပေးထားနိုင်တာကို ကျေးဇူးရှင်လို သတ်မှတ်ထားပြီး ချိုးဖောက်မှုတွေကို ထင်ထင်ပေါ်ပေါ် လုပ်ဆောင်နေပါတယ်။
အလုပ်သမားဝန်ကြီးဌာနကလည်း တစ်နိုင်တစ်ပိုင် လုပ်ငန်းတွေတင်မကဘဲ အထည်ချုပ်ကဏ္ဍာမှာပါ တိုးဝင်လာ တဲ့ ကလေးအလုပ်သမားအတွက် အကာအကွယ်ပေးဖို့ကို စိတ်ဝင်စားမှု မရှိပါဘူး။
ကလေးလုပ်သား လျော့နည်း ပပျောက်ရေး စီမံချက်တွေ၊ အစည်းအဝေးတွေကိုပဲ အားစိုက်နေပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ (၂၂) ရက်ကလည်း မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီ၊ အတွင်းရေးမှူးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်ကတော့ကလေးအလုပ်သမား ပပျောက်ဖို့အတွက် အမျိုးသားကော်မတီ၊ အတွင်းရေးမှူးအဖွဲ့နဲ့ လုပ်ငန်းကော်မတီ (၈)ရပ်ကို ဖွဲ့စည်းကာ အမျိုးသားအဆင့်ပထမငါးနှစ် လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃ခုနှစ်) အထိ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် အမျိုးသားအဆင့် ဒုတိယငါးနှစ် လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈ ခုနှစ်) ကိုလည်း မူလရည်မှန်းချက် (၆) ရပ်အပေါ်အခြေခံပြီး စက်မှုကုန်ထုတ်ကဏ္ဍ၊ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ကဏ္ဍတွေအတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးမှာ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။
ဒီလို ဝန်ကြီးဌာနက သတင်းထုတ်ပြန်တာတွေဟာ မကြာခဏဆိုသလို ရှိနေပေမယ့် ကလေးလုပ်သားတွေအတွက် သိသာကောင်းမွန်တဲ့ အပြောင်းအလဲဆိုတာ ရှိမလာပါဘူး။
အရေးယူမှု အားနည်းတာကြောင့်လည်း ကလေး လုပ်သားတွေ အသုံးပြုတဲ့ တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင်ကစပြီး စက်ရုံတွေမှာပါ ကလေးလုပ်သား ခိုင်းစေတာကို လက်လွတ်စပယ် လုပ်ဆောင်နေကြပါတယ်။
"ဖြေရှင်းနိုင်တဲ့နည်းလမ်းက ရှိလားဆိုရင်တော့ရှိတယ် အခုလက်ရှိအခြေအနေနဲ့တော့ မရနိုင်ဘူး အရင်တုန်းကတော့ အမတို့ ဖြေရှင်းခဲ့တာရှိတယ် ကလေးလုပ်သား ခိုင်းတာတွေ့ရင် လူကြီးနဲ့တန်းတူခိုင်းလို့မရဘူး ၄ နာရီပဲခိုင်း သမဂ္ဂတွေရှိရင် ဒါကို ဆွေးနွေးထားလို့ရတယ် သဘောတူစာချုပ်တွေလုပ်လို့ရတယ် ပေါ့နော်။ကလေးတွေဘက်က အကာအကွယ်ပေးထားလို့ရတယ်။အခုကတော့ သမဂ္ဂတွေလည်း မရှိဘူးလေ ။အခုအခြေအနေကတော့ ဘယ်လိုနည်းနဲ့မှ ကာကွယ်လို့မရဘူး။"လို့ IWFM အလုပ်သမားအရေး ဆောင်ရွက်သူက ပြောပါတယ်။
ဥပဒေမဲ့ လုပ်ဆောင်ချက်တွေ ထွက်ပေါ်လာရင် ကလေးတွေကို အလုပ်ထုတ်ပစ်တာဟာ မှန်ကန်တဲ့လုပ်ရပ် မဟုတ်ပေမယ့် လုပ်ငန်းရှင်တွေကတော့ ဒီလိုနည်းနဲ့ ကလေးတွေကို ဖိနှိပ်တာတွေ လုပ်ဆောင်နေကြတာကိုတွေ့ရပါတယ်။
နစ်နာမှုတွေ အသံထွက်လာရင် အလုပ်ရှင်တွေက အလုပ်အကိုင် တည်မြဲရေးနဲ့ ချိန်းခြောက်တာဟာ အစဉ်အလာ ဖြစ်နေပြီးတော့ ကလေးအလုပ်သမား အခွင့်အရေးအတွက် ဆောင်ရွက်ပေးလိုသူတွေလည်း လက်ရှောင်နေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ လုပ်ငန်းခွင်မှာ လွတ်လပ်စွာ ဆွေးနွေးညှိနှိုင်းပေးနိုင်တဲ့ အလုပ်သမားသမဂ္ဂတွေလည်း ပျောက်ဆုံးလာတာကြောင့် ဒီအခြေအနေကို ကာကွယ်တားဆီးပေးနိုင်တာကင်းမဲ့နေတာပါ။
"ဒါတွေကို အလုပ်သမားသမဂ္ဂတွေရှိရင် စက်ရုံထဲမှာ သဘောတူစာချုပ်တွေလုပ်ပြီး ကာကွယ်ထားလို့ရတာ အလုပ်သမားရုံးတွေလည်း ဖြေရှင်းမပေးနိုင်ဘူး ။ သိတဲ့အတိုင်းပဲ။"လို့ ယင်းကဆက်ပြောပါတယ်။
ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဌာနတွေ ကလည်း ဒီလိုအခြေအနေတွေကို သိပေမယ့် သူ့အလုပ်မဟုတ်သလို မျက်ကွယ်ပြုနေပါတယ်။
ပြည်တွင်းမှာ စားဝတ်နေရေး ကျပ်တည်းခက်ခဲလာတာနဲ့အမျှ ကလေးလုပ်သား အခွင့်အရေးတွေ ပျောက်ဆုံးလာမှု တိုက်ရိုက်အချိုးကျနေချိန်မှာ ဘယ်သူတွေက သူတို့အတွက် အကာအကွယ်ဖြစ်နိုင်မလဲဆိုတာ စောင့်ကြည့်ရတော့မယ့် အနေအထားပါပဲ။
“ကလေးလုပ်သားပြဿနာက တကယ်ကို ကိုင်တွယ်ဖို့ ခက်ခဲတယ်။ သူတို့နစ်နာတာတွေကို ပြောဆိုတိုင်ကြား ပေးနိုင်ပေမယ့် အလုပ်မရှိတော့လို့ စားဝတ်နေရေး ခက်ခဲသွားတာကိုတော့ ကျွန်တော်တို့ လိုက်ဖြေရှင်းပေးလို့ မရဘူး” ဆိုတဲ့ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူရဲ့ စကားသံက ခေတ်တစ်ခုရဲ့ အကြပ်အတည်းကို ပြသနေပါတယ်။
ဒီလို အခွင့်အရေးအတွက် ကူညီပေးနေသူတွေ လက်ရှောင်နေရတဲ့ အခြေအနေကို ဝန်ကြီးဌာနက ဘယ်လိုကိုင် တွယ် ဖြေရှင်းနိုင်မလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရုံသာ ရှိနေပါတယ်။
အလုပ်သမားဝန်ကြီးဌာနရဲ့ စီမံချက်တွေဟာ စာရွက်ပေါ်မှာလား လက်တွေ့ကျတဲ့ မြေပြင်ပေါ်မှာလားဆိုတာကို ကလေးလုပ်သားအခွင့်အရေး ချိုးဖောက်ခံရမှုတွေက ဆန်းစစ်အဖြေရှာပေးနိုင်မှာဖြစ်ပါတယ်။