ကိုကြီးကျော်ရေ..
သီတင်းကျွတ်သွားပြီနော်.
ရန်ကုန်မြို့သူ မြို့သားတွေလည်း အလည်အပတ် သွားကြတာ တွေ့ရတယ်။ တချို့လည်း မြို့ထဲက ဘုရားသွား ကြတယ်။ တချို့လည်း နယ်က မိဘဆွေမျိုးတွေဆီ အလည်အပတ် ပြန်ကြတယ်။
ရွှေတိဂုံဘုရားမှာ သီတင်းကျွတ်လပြည့် သွားလာကြတာတွေ လူမှုကွန်ယက်တွေမှာ ကိုကြီးကျော် တွေ့ရမှာပေါ့။ မြို့သူမြို့သားတွေလည်း နေ့စဉ် စားဝတ်နေရေး ရုန်းကန်ရ၊ လုံခြုံရေးစိတ်မချရ ၊ မရေမရာ စိုးရိမ်စရာ အခြေအနေ တွေနဲ့ ရင်ဆိုင်နေရတာလည်း ၄ နှစ်ပြည့်တော့မယ်။ မွန်းကျပ်နေကြမှာ ပဲ။
ညီမတို့ မိသားစုလည်း အတူပါပဲ။ တခါတလေ စိတ်အပန်းဖြေ သွားချင်လာချင်တာပါပဲ ။ ဒါပေမဲ့ ရန်ကုန်မြို့က လုံခြုံနေတယ်လို့ မခံစားမိသေးဘူး ကိုကြီးကျော်။ လုံခြုံရေးဆိုတာ တိုက်ခိုက်နေတဲ့အခြေအနေတွေမှ မဟုတ် တာ။ စိတ်လုံခြုံပြီး အေးချမ်းချမ်း သွားနိုင်တဲ့ အခြေအနေတွေမျိုးကို ပြောတာ။ ရန်ကုန်မှာ စစ်ဆေးရေး အဖွဲ့တွေက နေရမရွေး ရှိနေသေးတယ်ဆိုတာက တည်တည်ငြိမ်ငြိမ် ရှိမနေသေးဘူးပေါ့ ကိုကြီးကျော်။
အသွားအလာများတော့ မတော်တဆမှုတွေ ဖြစ်တာတွေလည်း ရှိနေဆဲပဲ နော် ကိုကြီးကျော်။
ပိတ်ရက်တွေ အကြောင်းပြောလို့ စက်ရုံတွေရော။ အများပြည်သူပိတ်ရက်တွေမှာ ရက်စားခေါ်ခိုင်း၊ အချိန်ပို ဆင်းခိုင်းတဲ့ စက်ရုံတွေ ရှိတယ်ဆိုတာ ကိုကြီးကျော်တို့ ရေးထားတာ တွေ့ရတယ်။
ဒါတွေ တကယ်ရှိတယ်။ တကယ်ပဲ ကျူးလွန်ကြတယ်ဆိုတာ ရှိနေတာတောင် အရေးမယူကြတာတော့ ဥပဒေကို လေးစားလိုက်နာတဲ့ ပြည်သူ့ဝန်ထမ်း၊ နိုင်ငံဝန်ထမ်းဟုတ်ရဲ့လားဆိုတာ မေးခွန်းထုတ်ရတော့မလို ဖြစ်နေပြီ။
ရန်ကုန်မြို့က တချို့ အထည်ချုပ်စက်ရုံမှာ သီတင်းကျွတ်ပိတ်ရက် ၅ ရက်ဆိုတာ ကြိုပြီး ပြင်ဆင်ကြတယ်။ ညီမတို့ စက်ရုံလည်း ဒီလိုပါပဲ။ ဘာလို့ဆို အော်ဒါတွေဆိုတာ သတ်မှတ်ရက် အတိအကျ ချုပ်ပေးရတယ်၊ ပိတ်ရက် တွေ၊ ဖွင့်ရက်တွေအတွက် ကြိုတင်တွက်ချက်ကြပြီး ချုပ်လုပ်ကြရတယ်။
တချို့စက်ရုံတွေကတော့ ကျွမ်းကျင်သူလည်း မရှိ၊ ကြိုတင်ပြင်ဆင်တာလည်း မရှိကြဘူး။ အဲလို မရှိတော့ အလုပ်သမား အခွင့်အရေးတွေ ထိခိုက်ကြတာပေါ့။
ကိုကြီးကျော်ရေ...
အထည်ချုပ် စက်ရုံအလုပ်သမားတွေရဲ့ အခွင့်အရေးဖြစ်တဲ့ အချိန်ပိုအလုပ်ချိန်တွေကိုတော့ တချို့ လုပ်ငန်းရှင်တွေက မလေးမစား လုပ်တယ်လို့ ညီမ မြင်တယ် ။
အလုပ်သမားတွေက ပုံသေ တရက် လုပ်ခလစာနဲ့ လုပ်ကိုင်နေကြတယ်။ တနေ့ သတ်မှတ်အထည်ကို ပြီးစီးအောင် ချုပ်ပေးရတယ်။ အထည် အရည်အတွက် များများ ထွက်အောင်လည်း ကြိုးစားပေးရတယ်။
သူတို့ရဲ့ အပို ဝင်ငွေလို့လည်း ပြောလို့ရတယ်၊ အဓိက ဝင်ငွေလို့လည်း ပြောလို့ရတာက အထည်ကြေးနဲ့ အချိန်ပို လုပ်ခတွေပဲ ကိုကြီးကျာ်။
တရက်အနည်းဆုံး လုပ်ခ ၆၈၀၀ ဆိုတာ တလ နှစ်သိန်းစွန်းစွန်းပဲ ရကြတာ။ အဲလောက်ရတာကိုပဲ တချို့စက်ရုံ တွေက ဖြတ်တောက်တာ ရှိတယ်။ ထောက်ပံ့ကြေးကို ၂၆ ရက်အတွက်ပဲ ပေးတာတို့။ တလလုံးလုံး ထည့်မပေး တာတို့၊ ရက်ပျက်လို့ဆို ပြီး ဒေးကြေးပါ ဖြတ်တောက်တာတို့ ရှိတယ် ကိုကြီးကျော်။
နိုင်ငံအခြေအနေက အကျပ်အတည်းထဲမှာ။ အစားအသောက်၊ အနေအထိုင် အတွက် စာရိတ်စကတွေကလည်း ကြီးမှကြီး၊ သူတို့ အလုပ်သမားတွေ ဘယ်လောက် ရုန်းကန်နေကြရမလဲ တွေးကြည့်ပါ။ ဒါမှမဟုတ် ဈေးထဲသွား ဈေးဝယ်ခိုင်းကြည့်မှ ရမယ်နော်။
ကိုကြီးကျော်ရေ....
ဒီလို ခက်ခဲ ၊ ရုန်းကန်နေရတဲ့ အလုပ်သမားတွေရဲ့ ဝင်ငွေ အချိန်ပိုခကိုတောင် သီတင်းကျွတ် ပိတ်ရက်ကို ရက်စားဆိုပြီး အသုံးချတာကတော့ လုပ်အားခေါင်းပုံဖြတ်တယ်လို့ ပြောချင်တယ် ကိုကြီးကျော်။
အလုပ်သမားတွေမှာ ဘယ်လောက်တောင် နစ်နာနေမလဲနော်။ နှစ်ဆ ရရမဲ့ အချိန်ပိုခတွေ၊ အနားယူ ချိန်တွေ က ရုပ်ပိုင်းဆိုင်ရာ နစ်နာမှု ပဲရှိသေးတယ်။ စိတ်ပိုင်းဆိုင်ရာ နစ်နာမှုတွေထဲမှာ ဆန္ဒမပါဘဲ အလုပ်ဆင်းရတာနဲ့ စိတ် မကြည်မလင်ဖြစ်မယ်၊ အကြောင်းအရာတခုကို စိုးရိမ်စိတ်ဖြစ်ရမယ်။ နစ်နာမှုတွေ ပြောမယ်ဆို အများကြီးပဲ ၊ ကိုယ်ချင်းစာစိတ်ထားကြည့် ကြဖို့လိုတယ်၊ ကိုကြီးကျော် ။
လွယ်လွယ်ကူကူမြင်ရတဲ့ ဝင်ငွေကိစ္စပဲ ပြောကြည့်ရအောင် ။ ကျွန်မ သတင်းတွေ ဖတ်ကြည့်သလောက်ဆိုရင် ညနက် ၁၂ အထိ ဆင်းပေးရတယ်တာကို တွေ့ရတယ်။ တနေ့ ၇ နာရီလောက် အချိန်ပို လုပ်လိုက်ရပြီ။ တနင်္ဂနွေနေ့ တောင် မနားတဲ့ စက်ရုံပါသေးတယ်။ စနေနေ့မှာ ရတဲ့ တရက် အချိန်ပို ၄ နာရီလည်း ရက်စားဆိုပြီး လုပ်ခိုင်းတယ်။
တနေ့ကို ၇ နာရီနှုန်းနဲ့ ၁၀ ရက်လုပ်ရင်ပဲ နာရီ ၇၀ ရှိနေပြီ။ တနာရီ အချိန်ပိုလုပ်ခ ၁၇၀၀ နဲ့ဆိုရင် တရက် အတွက် အချိန်ပိုလုပ်ခတခုတည်း တသောင်းကျော်ရဖို့ ရှိနေတယ်။ ဒါကို ရက်စားဆိုပြီး သတ်မှတ်တော့ အချိန်ပို လုပ်ခမရပဲ သာမန်တနာရီ လုပ်အားခ ၈၅၀ ပဲ ရတော့တယ်။ အိပ်ချိန်၊ စားချိန်မမှန်ပဲ အလုပ်လုပ်ပေးခဲ့ရတာပဲ ရှိတာ လုပ်ခကတော့ သာမန်ပဲ ဖြစ်နေတာပေါ့။ စက်ရုံမှာ ဦးဆောင်နေသူတွေက ဒါမျိုးတွေ တွက်တတ်ရမှာပါ။ မတွက်တတ်ဘူးဆိုရင် လူမဟုတ်ဘူးလို့ပဲ ပြောချင််တယ် ကိုကြီးကျော်ရေ...
နောက် သီတင်းကျွတ်ပိတ်ရက်တောင် အလုပ်ဆင်းခိုင်းတဲ့ စက်ရုံတွေပေါ့ကို ပြောချင်တာ။
ညီမတို့ နေတဲ့ လမ်းထဲမှာ မောင်နှမ နှစ်ယောက်ရှိတယ်။ မနက်အလုပ်သွားတိုင်း တွေ့ဖြစ်ကြပါတယ်။ ဒီမောင်နှမက နယ်မြေ မအေးချမ်းတဲ့ ဒေသကနေ လာပြီး အလုပ်လုပ်ကြတာ ကိုကြီးကျော်။
အထည်ချုပ်စက်ရုံ တရုံတည်း အတူလုပ်ကြတယ်။ မောင်ဖြစ်သူက ထုတ်ပိုးရေးဌာနမှာ လုပ်တယ်။ အမ ဖြစ်သူကတော့ စက်လိုင်းထဲမှာ စက်ချုပ်တယ်။ မောင်နှမ နှစ်ယောက်က တက်ညီလက်ညီ လုပ်ကိုင်ကြ ပါတယ်။ ဟော့ဟော့ရမ်းရမ်းလည်း မဟုတ်တော့ လမ်းသူလမ်းသားတွေနဲ့လည်း ခင်ခင်မင်မင်ပါပဲ။
သီတင်းကျွတ်ပိတ်ရက် မိဘတွေ ရှိတဲ့ နယ်ကိုပြန်ဖို့လည်း မောင်နှမနှစ်ယောက်က စီစဉ်ထားကြတယ်။ ဒီနှစ် ကလည်း ပိတ်ရက်က ၅ ရက်ဆိုတော့ အချိန်လည်းရတယ်ဆိုတော့ ကားလက်မှတ်ကို ကြိုပြီး ဖြတ်ထား ကြတယ်။ အဲလို စီစဉ်ထားပြီးမှ စက်ရုံဘက်က သီတင်းကျွတ် ပိတ်ရက်ထဲက ၃ ရက်ကို အလုပ်ဆင်းခိုင်းတယ်။ ဆင်းခိုင်းတဲ့ ရက်က သောကြာ၊ စနေ၊ တနင်္ဂနွေ ။ ဒီလိုဆိုတော့ နယ်ပြန်ဖို့က ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။
ကိုကြီးကျော်ရေ ...
အချိန်ပိုဆင်းမဆင်းရင် ဘယ်လို ခြိမ်းခြောက်ကြတယ်ဆိုတာ ကိုကြီးကျော်လို အလုပ်သမားလောကမှာ ၁၀ စုနှစ် မက ရှိနေတဲ့သူက ပိုသိမှာပေါ့။
အဲဒီမောင်နှမ နှစ်ယောက် အလုပ်လုပ်တဲ့ စက်ရုံဘက်ကတော့ ထုံစံအတိုင်း ခြိမ်းခြောက်တာပေါ့။
အလုပ်ထုတ်မယ်၊ ရက်မှန်ကြေးမပေးဘူး၊ ဒေးကြေးဖြတ်မယ်၊ ဂရိတ်အဆင့်ချမယ်၊ နောက် အိုတီတွေ ခေါ်မပေးဘူး ဆိုတာတွေပေါ့ ။
ဒေသ မအေးချမ်းတဲ့ဆီက အလုပ် လာလုပ်ကြတဲ့ အလုပ်သမားတွေဆိုတော့ အလုပ်အကိုင် မရှိမှာလည်း စိုးရိမ် ကြတယ်။ ကိုယ်ဒေသ မဟုတ်တဲ့နေရာမှာ လုပ်ကိုင်နေသူတွေရဲ့ စားသောက်နေထိုင်ရေး စိုးရိမ်းစိတ်ကို လူတိုင်း နာ’လည်ကြမှာပါ ။ ဒါနဲ့ပဲ မိဘဆွေးမျိုးတွေဆီ မပြန်ရတော့ဘူး။ အမဖြစ်သူဆို ဝမ်းနည်းလွန်းလို့ မျက်ရည်တောင် ကျပါတယ်။
အလုပ်သမားတွေ နားချိန်မရတော့ စိတ်ပိုင်းဆိုင်ရာတွေ လန်းဆန်းတက်ကြွမှုမရှိတော့ဘူး ။ ဆွေမျိုးသားချင်း အသိမိတ်ဆွေတွေနဲ့ မတွေ့ရရင် အားငယ်စိတ်တွေလည်း ဖြစ်လာတတ်ကြတယ် ကိုကြီးကျော်။ ဒီလိုတွေ ဖြစ်တတ်တာ စက်ရုံသက် ၁၆ နှစ်လောက်ရှိနေတဲ့ ညီမထက် ပိုမသိနိုင်တော့ဘူး ကိုကြီးကျော်။
ကိုကြီးကျော်ရေ..
သီတင်းကျွတ်ဆိုတာ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်ဆိုတာ နိုင်ငံခြားသားအလုပ်ရှင်တွေ လေ့လာထားဖို့လိုတယ်။ မသိဘူးဆိုရင်တော သိအောင်လုပ်ပေးဖို့ အလုပ်ရှင်နဲ့ နီးစပ်တဲ့ မြန်မာနိုင်ငံသား ဝန်ထမ်းတွေမှာ တာဝန်ရှိပါတယ်။ ဒီထက်ပိုပြီးဆောင်ရွက်ပေးဖို့ လိုအပ်တာက အလုပ်သမားဝန်ကြီးဌာနက ဝန်ထမ်းတွေ အကြီးအကဲတွေပဲ ကိုကြီးကျော် ။
လုပ်ထုံးလုပ်နည်းတွေအတိုင်းဆို အချိန်ပို လုပ်ခွင့်ကို မြို့နယ် အလုပ်သမားဝန်ကြီးဌာနကို တင်ပြရမယ်မလား။ ဒီလို တင်ပြတာနဲ့ သက်ဆိုင်ရာ အရာရှိတွေက ဘာသာရေးပိတ်ရက်တွေနဲ့ တဆက်တည်း အများပြည်သူ ပိတ်ရက် တွေမှာ အချိန်ပို လုပ်ကိုင်ခွင့်ကို ငြင်းပယ်ပေးဖို့ လိုအပ်တာပေါ့။
ဒါနဲ့ တဆက်တည်း အလုပ်သမားအရာရှိတွေကိုယ်တိုင် ဘာသာရေးအလုပ်ပိတ်ရက်တွေကို အချိန်ပို လုပ်ကိုင်ခွင့် ပြုခဲ့သလားဆိုတာတော့ မေးခွန်းတွေ ဖြစ်လာပြီ ကိုကြီးကျော်။
ဘာလို့ဆို အထည်ချုပ်စက်ရုံနဲ့ မြို့နယ်အလုပ်သမားရုံးတွေက လုံးထွေးနေတာက အပုတ်နံတွေတောင် လှိုင်နေပြီ လေ။
ကိုကြီးကျော်ရေ...
ညီမ စက်ရုံလောက်ထဲ စဝင်တော့ စာရေးမ အနေနဲ့ ဝင်ခဲ့တာ။ အဲ့တုန်းက HR ဌာနလို့တောင် သီးခြား မသတ်မှတ် ကြဘူး။ စက်ရုံစာရေးမလို့ပဲ အသိများတယ်။
အဲအချိန်တုန်းက ညီမအတွေ့အကြုံလေး တခု ကို သတိရမိတယ်။
ဌာနကတော့ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှာပဲ။ စက်ရုံက အသစ်မို့ မိတ်ဆက်အနေနဲ့ စာအိပ်တွေ၊ အရက်ခြင်းတွေနဲ့ သွားခဲ့တာ။
ရုံးရောက်တာနဲ့ ဦးစီးဌာနရဲ့ လုပ်ပိုင်ခွင့်တွေ၊ အာဏာတွေနဲ့ ခြိမ်းခြောက်သလိုလို ပြောတာပေါ့။
အချိန်ပို တနာရီလုပ်ခတွေ တွက်နည်းတွေကို တွက်ပြတယ်။ ဥပဒေမှာပါတဲ့ အချိန်ပို အကြောင်း ပြောတယ်။ ပိတ်ရက်တွေအကြောင်းတွေပြောတယ်။ ဘာကြောင့်လည်း မသိဘူး၊ အလုပ်သမားတွေက တိုင်ကြားတတ်တဲ့ အကြောင်းလည်း ပြောတယ်။ တိုင်ကြားစာတွေ ထုတ်ပြတယ်။
နောက်တော့ အများပြည်သူ ပိတ်ရက် ဘယ်နှစ်ရက်ရှိတယ် ။ အဲ့ရက်ထဲမှာ ဘယ်ရက်တွေတော့ မဖြစ်မနေ ပိတ်ပေးပါဆိုပြီး တခါတည်း မှာလိုက်တယ်။ အဲဒီ ပိတ်ရက်တွေကို မှတ်စုထဲမှာ ရေးမှတ်ထားခိုင်းခဲ့တယ်။
အဲဒီ မြို့နယ်ဦးစီးမှူးက ဖြစ်မနေ အလုပ်ပိတ်ခိုင်းတဲ့ ရက်တွေထဲမှာ သင်္ကြန်၊ ဝါဆိုလပြည့်နဲ့ သီတင်းကျွတ်လို ပိတ်ရက်တွေပါတယ်။
ကိုကြီးကျော်ရေ...
ညီမကလည်း ငယ်တဲ့ အချိန် တခုခုဆို စပ်စုချင်တဲ့ အရွယ်ဆိုတော့ ကျွန်မက တခုပြန်မေးခဲ့တယ်။
“ဆရာရယ်၊ စက်ရုံဆိုတာ အရေးကြီးရင် ကြီးသလို လုပ်ကိုင်ရတယ်မလား ၊ ဒီလို ရက်တွေ အချိန်ပို လုပ်မယ်ဆိုရင် ဘယ်လို ဆောင်ရွက်ရမလဲ” လို့ မေးလိုက်တာ။
“အဲလို ရက်တွေ အလုပ်ဖွင့်မယ်၊ အလုပ်လုပ် ချင်တယ်ဆိုရင်၊ အခုလို ပုံစံနဲ့ ရုံးကို လာပြော။ စစ်တပ်အုပ်ချုပ်တဲ့ အချိန်ဆိုတော့ တပ်မတော်နေ့ ကိုတော့ မဖြစ်မနေ ပိတ်ပေးရမယ်” လို့ အဲဒီ ဦးစီးမှူးက ပြန်ဖြေခဲ့တယ်။
အဲဒီကနေ ၁၆ နှစ်တောင် ကြာခဲ့ပြီ၊ အခုကာလနဲ့ ဆို ဘာတွေ ထူးခြားလာလဲ။
အလုပ်သမားအမည်ခံ ဌာနတွေမှာတောင် အလုပ်သမားတွေအတွက် စဉ်းစားပေးတာ အခုအထိ မရှိသေးဘူးနော် ကိုကြီးကျော်ရေ....။
ကိုကြီးကျော်ရေ..
ရန်ကုန်က သီတင်းကျွတ်ပြီဆိုတာ မိုးလေက မပြတ်သေးဘူးနော်...
ဖျားကြ နာကြတာတွေရှိ...။ အလုပ်သမားတွေအတွက် အိမ်လွမ်းနာက ပိုဆိုးကြမှာ...။
နောက်လတော့ ယုတ်မာတတ်တဲ့ HR တွေအကြောင်း ပြောပြဦးမယ်။
ကျန်းမာပါစေနော် ကိုကြီးကျော်..
ခင်ရတဲ့
မေသူ