ကိုကြီးကျော်ရေ...
ရေဘေးတွေကြောင့် အလုပ်သမားတွေ အကြောင်းတွေတောင် မတွေးဖြစ်ဘူး ။ အလုပ်သမားတွေမှာလည်း အခက်အခဲတွေအများကြီးနဲ့ ပဲ ကိုကြီးကျော် ။
ရတဲ့ တရက်လုပ်ခ လုံလောက်ဖို့ အရေး မနက်ဆို ၄ နာရီခွဲ ၅ နာရီထ၊ စက်ရုံ ကြိုဖို့ယာဉ် မှီဖို့ အရေး သတ်မှတ် နေရာကို ၆ နာရီခွဲလောက် အရောက်သွား ၊ တနာရီလောက် ကြိုပို့ ယာဉ်စီး စက်ရုံမှာ အလုပ်စတော့ ၈ နာရီ။ ညနေဆို ၆ နာရီ အစောဆုံး၊ နောက်ကျရင် ၉ နာရီအထိ ဆိုတော့ အသိအမြင်တွေ ရဖို့လည်း ခက်ခဲကြတယ် လေ။
မိုးလင်းမိုးချုပ် လုပ်ငန်းခွင်ထဲမှာပဲ အလုပ်လုပ်၊ ကိုယ်ရေးကိုယ်တာနဲ့ မိသားစု လုံခြုံရေးတွေကြောင့် သတင်း အချက်အလက်တွေ မသိရ၊ အဆိုးဆုံးက အလုပ်သမားတွေကိုယ်တိုင် စားသုံးတဲ့ ဈေးထဲက ဟင်းသီးဟင်းရွက် ဈေးက ဘယ်လောက်၊ သားဈေး ငါးဈေး ဘယ်လောက် ဆိုတာမျိုးမသိရနဲ့၊ ဆန်ဈေး ဆီဈေး အတက်အကျလည်း သိခွင့်ရတဲ့ အခြေအနေမျိုးတွေလည်း ဖြစ်မနေဘူး ။
ဘာကြောင့်လဲဆို အလုပ်သမားတွေမှာလေ မနက်မှာလည်း နေမမြင် ၊ ည အိမ်အပြန်လည်း နေမတွေ့ရဆိုတဲ့ ဆိုတဲ့ လူသားတွေ ဖြစ်နေတာက ကြာနေပါပြီ။
ကိုကြီးကျော်ရေ.....
တနိုင်ငံလုံး၊ တကမ္ဘာလုံး သိနေတဲ့ မြန်မာနိုင်ငံက ရေကြီးပြီး လူသေဆုံးတွေ ရှိနေတာကိုလေ အလုပ်သမား တွေက သူတို့ စက်ရုံရှေ့မှာ ဒူးလောက်နက်တဲ့ ရေတွေထဲ ဖြတ်သွားရမှပဲ ၊ တနိုင်ငံလုံး ရေတွေကြီး ရေမြှုပ် နေတယ် ဆိုတာ သိကြရတယ်။
မန္တလေး- ရန်ကုန် အဝေးပြေးလမ်း၊ ပဲခူး ၊ ရှမ်းမြောက်၊ ရှမ်းတောင်၊ ကရင်နီ ဒေတွေ၊ နောက်ဆုံး ရေကြီးဘေးကို ကြိုတင်ကာကွယ် တည်ဆောက်ထားတယ်ဆိုတဲ့ နေပြည်တော် ဒေသတွေပါ ရေတွေမြုပ်တယ်ဆို သတင်းတွေ ပြန်ဖတ်ကြမှပဲ အလုပ်သမားတွေ သိရတာ။
လူဆိုတာ သတင်းစားသုံးသူတွေ မဟုတ်လား၊ အလုပ်သမားတွေလည်း လူသားတွေပဲလေ ကိုကြီးကျော်..
သူတို့လည်း သတင်းတွေ သိလို၊ မြင်လို စိတ် ရှိကြတာပဲလေ..
ဒါပေမဲ့ အဲ့လို အခွင့်အရေးတွေ မြန်မာနိုင်ငံက အထည်ချုပ်သမားတွေ မရကြဘူး ...။ ဒီထက်ဆိုးတာက စက်ရုံအလုပ်ရုံတွေက အလုပ်သမားတွေရဲ့ လက်ကိုင်ဖုန်းတွေကို သိမ်းဆည်းတော့ သတင်းအချက်တွေရဖို့ ပိုခက်ခဲတာပေါ့ ကိုကြီးကျော်ရေ...
အဲလို စက်ရုံတွေက ညီမတို့ မိတ်ဆွေစက်ရုံတွေမှာလည်း ရှိတယ်။ ဒီလို လက်ကိုင်ဖုန်းသိမ်းထားတယ်ဆိုရင် အလုပ်သမားတွေရဲ့ ကိုယ်ရေးကိုယ်တာတွေ၊ ကျန်းမာရေး ၊ လူမှုရေးကိစ္စတွေ အတွက် ဘယ်လောက် ခက်ခဲမလဲ။ ဝမ်းနည်းစရာ ကိစ္စတွေ ဖြစ်တာတောင် ရှိမယ်ထင်တယ် ကိုကြီးကျော်။
စားသောက်ရေး၊ နေထိုင်ရေး ဆိုတာတွေက အရေးကြီးတော့ အဲဒီဘက်တွေပဲ အာရုံစိုက်နေရတဲ့ အခြေအနေတွေနဲ့ သတင်းအချက်အလက်တွေကို တားဆီးပိတ်ပင်တဲ့ အခြေအနေတွေကြောင့် နောက်ဆက်တွဲ အကြောက်တရားတွေ ဖြစ်အောင် ဖန်တီးထားသလိုပဲ ။
ကိုကြီးကျော်ရေ..
ကုန်စိမ်းဈေးတွေတက်လာတာက ကြောက်မခန်းလိလိ နောက်.. ဂေါ်ဖီထုပ်တောင် တစ်သောင်းပေးဆိုပြီး ပြောကြ တယ်။ အဲလောက်ဈေးနဲ့ ပေးဝယ်ရမယ်ဆိုတာတောင် စားဖို့ ဂေါ်ဖီက မရှိဘူး ။ တခြား ကုန်စိမ်းတွေဆို လည်း အလားတူပဲ ဈေးပဲရှိတယ် ရှာလို့မရဘူးလို့ ဈေးသည်တွေက ပြောတယ်။
ဈေးတွေတက်တာလည်း မပြောနဲ့ နိုင်ငံရဲ့ ကုန်းမြင့်ဒေသတွေကနေ မိုးရေတွေက မြေပြန့်ကို အရှိန်အဟုန်နဲ့ စီးလာတော့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ ပေါ် လွှမ်းမိုးကုန်ရော။ အဲ့မှာ သယ်ဖို့ရှိတဲ့ ပစ္စည်းတွေ လည်း သယ်မရ၊ သယ်လည်းမရရော မြို့ပေါ်မှာ ကုန်ပစ္စည်းတွေ ပြတ်လပ်တာတွေ ဖြစ်တာပဲ။
အင်းလေးဒေသက ခူးထားတဲ့ ခရမ်းချဉ်သီးတွေဆို ရေတွေထဲ မျှောပါတာတွေ တွေ့ပါရဲ့ ။
နောက်တခုက ရေလွှမ်း ခံရတဲ့ နေပြည်တော်ဒေသဆိုတာ ကုန်စိမ်း အကြီးအကျယ် စိုက်တဲ့ ဒေသတွေလေ။ အဲဒီကနေ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီအစိမ်း၊ မုန်လာထုပ်၊ မုန်လာဥ ၊ မီးဖိုချောင် သီးနှံတွေဖြစ်တဲ့ ငရုပ်သီး၊ ခရမ်းသီး၊ ခရမ်းချဉ်၊ မြေပဲ စတာတွေ ထွက်တယ်။
မြန်မာနိုင်ငံမှာ အဓိက မီးဖိုချောင်သုံး ကုန်ပစ္စည်း ကြက်သွန်ဆိုရင် တံတားဦး၊ ကျောက်ဆည်ဘက်မှာ စိုက်ပျိုး တော့ အများအပြား ထွက်တယ်။ သိသလောက်ဆိုရင် ကျောက်ဆည်ဒေသက မြန်မာကြက်သွန် အကြီးအကျယ် ထွက်တဲ့ ဒေသ သုံးခုထဲမှာ တခုပဲ၊ အခုတော့ ရေလွှမ်းခံရပြီ နော်။
ဒါတင်မဟုတ်သေးဘူး ..... ဒေသတွင်းနိုင်ငံတွေမှာလည်း မိုးသည်းပြီး ရေကြီးတာတွေ ဖြစ်ကြတာပဲ။ ကောက်ပဲ သီးနှံတွေ ပျက်စီး ဆုံးရှုံးကြတယ်လို့ သတင်းတွေမှာ တွေ့ရတယ် ကိုကြီးကျော်ရေ..
သတင်းတွေထဲမှာ ကြက်သွန်နီ ထိပ်တန်းတင်ပို့တဲ့ နိုင်ငံ အိန္ဒိယမှာလည်း ကြက်သွန် ထုတ်ကုန် ၂၀ ရာခိုင်းနှုန်း အထိ လျော့ကျမယ်လို့ ခန့်မှန်းထားတယ်။သတင်းဆိုးက သူတို့အစိုးရက ပြည်ပ တင်ပို့ခွင့် ပိတ်ပင်မယ် ဆိုတာ ပဲ။
အလုပ်သမားတွေ လုပ်ခလစာတိုးပေးတိုင်း ကြက်သွန်ဈေးတွေ ကြီးမြင့်နေတာကတော့ တိုက်တိုက်ဆိုင်ဆိုင် ပဲလား မသိဘူးနော်...။
တခုတော့ စိုးရိမ်တယ် .... ကိုကြီးကျော်ရေ....
နောက်လာမဲ့ လတွေမှာ အိမ်ရှင်မတွေရဲ့ မီးဖိုချောင်သုံးသီးနှံတွေ ဈေးတွေမြှင့်တက်လာမလား ဆိုတာလေ။
ကြက်သွန်ဖြူနဲ့ အားလူးစိုက်တဲ့ ရှမ်းပြည်မှာလည်း ရေတွေကြီး မြေတွေပြို၊ စစ်ဖြစ်တဲ့ ဒဏ်နဲ့ ။ တရုတ်ကလာတဲ့ ကြူကုတ် ကြက်သွန်ဖြူကလည်း တိုက်ပွဲတွေကြောင့် လာတဲ့ လမ်းကြောင်းတွေ ပိတ်နေတယ်။
ကြက်သွန်နီလည်း ဒီလိုပဲ ကျောက်ဆည်မြစ်သားဘက်က စိုက်ခင်းတွေ ပျက်ဆီးခဲ့မယ်ဆိုရင်၊ အဓိကကျန်တာက မုံရွာနဲ့ ပခုက္ကူ ဘက်ကပဲ ထွက်ဖို့ရှိတယ်။ ဒီဒေသတွေကရော အေးအေးချမ်းချမ်း ဖြောင့်ဖြောင့်တန်းတန်း ရောက်ရဲ့လား။ ခေါင်းတွေပူပါတယ် ကိုကြီးကျော်။
ဒီမီးဖိုချောင် သုံး သီးနှံတွေက အလုပ်သမားတွေအတွက် ဝန်ထုတ်ဝန်ပိုးတွေ ဖြစ်လာမှာ စိုးရိမ်မိတယ်။
နိုင်ငံကတော့ မြွေပူရာ ကင်းမှောင့် ဆိုသလိုပဲ ဆေးဝါးတွေ၊ ဆေးကုသ စာရိတ်တွေဆိုလည်း မြင့်နေတာ။ အလုပ်သမား တဦး တရက်ကနေ နှစ်ရက် နာမကျန်းဖြစ်ပြီဆိုရင် လေးငါးသောင်းကုန်ကြတယ်။ မကုန်ဘူး ဆိုရင်တောင် အနည်းလေး သုံးသောင်းပဲ။ ဆရာဝန်တွေက ကိုယ်ချင်းစာတရားနဲ့ လျှော့ယူကြပါတယ်။
ဒါပေမဲ့ လျှပ်စစ် မီတာခ၊ သယ်ယူပို့ဆောင်ခ၊ ရေ၊ ဆေးခန်းနေရာဆိုတဲ့ ကုန်ကျစာရိတ်တွေကတော့ လျှော့မယူ ကြဘူးလေ။ ပြောမယ်ဆိုလည်း ကုန်ကျစာရိတ်ဆိုတာက မုန့်လုံးစက္ကူကပ်လေ ၊ စက်ဝိုင်းလိုပဲ အစရှာ မရ တော့ဘူး။
အလုပ်သမားတွေကတော့ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်လို့ အပြစ်မတင်ကြပါဘူး။ အပြစ်တင်ချိန်လည်း မရှိကြဘူးလေ... ကိုကြီးကျော်
ပါရာစီတမော ၊ ဒီကိုဂျင် ၊ ဘိုင်အိုဂျပ်ဆစ်၊ အနာကပ် ပလာစတာ၊ ခေါင်းကပ်ပလာစတာ ၊ဓါတ်ဆား၊ အဲအေ့စ် လို လေဆေးတွေနဲ့ မြန်မာဆေးတွေက စက်ရုံထဲမှာ အသုံးများကြတယ် ကိုကြီးကျော်။ အိမ်သုံးဆေးတချို့ကတော့ အလုပ်သမားတွေရဲ့ တနာရီလုပ်ခလစာ ထက်ပိုများတယ်။ အနောက်တိုင်းဆေးတွေက ဈေးများတယ်ဆိုတော့ မြန်မာဆေးတွေကရောလို့ မေးဦးမလား၊ အဲ့ ဆေးဈေးလည်း သုံးပုံတပုံလောက် ဈေးတက် နေတာပဲ။
စက်ရုံထဲက မြန်မာဆေးပဲ သုံးနေတဲ့ ကလေးမလေး မောတတ်တယ်။ သူဆေး အရင်က ၆၀၀ ပဲ ပေးရတယ်ပြောတယ်။ အခုတော့ ထောင့်သုံးရာ ပေးရတယ်တဲ့ ကိုကြီးကျော်ရေ...။
တလောက ဝန်ကြီးက အလုပ်သမားဆေးရုံသွားတာတွေ့လိုက်ရတယ်။ အဲဒီမှာ ကျောက်ကပ်ဆေးစက်တွေ အကြောင်း သတင်းတွေ့ရတယ် ကိုကြီးကျော် ....
တိုက်တိုက်ဆိုင်ဆိုင်ပဲ စံချိန်တွေမတရားတောင်းကြတာရဲ့ နောက်ဆက်တွဲ ကျောက်ကပ်ဆေး လိုက်ရဆိုတဲ့ အလုပ်သမား အမျိုးသမီးလေး အကြောင်း ညီမ ကြားမိတယ်။ အခု အခြေအနေမှာ သူ့ကိုလည်း အဆင်ပြေပါစေ လို့ ဆုတောင်းပေးပါတယ်။ ဘာလို့ ဆို နာတာရှည်ရောဂါသည်တွေအတွက် လက်ရှိ ဆေးဈေးနှုန်းတွေက အဆင်ပြေတဲ့ အချိန်မဟုတ်တော့ဘူး ကိုကြီးကျော်ရေ.....
အခုလို ကာလမှာ နာတာရှည် ကျောက်ကပ်သမားတွေ၊ ကျောက်ကပ်ဆေးရတဲ့ လူနာတွေမှာ ကုန်ကျစာရိတ် မသေးလှဘူး။
ကျောက်ကပ်တု တခုပဲ ကျပ် ခုနှစ်သောင်းလောက်ကျတယ်၊ ဒါက ဆေးခမပါသေးဘူး။ ကျောက်ဆေးခက လက်ရှိ အနည်းဆုံးက ကျပ် ခြောက်သောင်း။ ဆေးနေအချိန်မှာ ထိုးပေးရတဲ့ ဆေးတွေနဲ့ဆို တစ်သိန်း သုံးသောင်း ကျော်ကုန်ကျတယ်။
အခုရတဲ့ တရက်လုပ်အားခ၊ တလ လုပ်ခလစာနဲ့ နှိုင်းယှဉ်တွက်ကြည့်တော့ ကိုကြီးကျော်။
ဒါက ၂၀၂၁ ခုနှစ်က ထက် သုံးဆကျော် မြင့်တက်လာတဲ့ ဈေးနှုန်း တွေ။
ပြီးတော့ ကျောက်ကပ်ဆေးတဲ့အချိန်မှာ ကုန်ကျစာရိတ်တွေ။ ဆေးရုံအလိုက် ဝန်ဆောင်မှုအလိုက် ကုန်ကျ စာရိတ်တွေ ကွာတယ်။ တလအတွက် သောက်ရတဲ့ဆေးတွေရဲ့ ကုန်ကျစာရိတ်နဲ့ဆို အနည်း ကျပ် သိန်းနှစ်ဆယ် နီးပါး ကုန်ကြမယ်။
အထည်ချုပ်စက်ရုံတွေမှာက စံချိန်တောင်းတယ်ဆိုတာက သာမန်လို ဖြစ်နေပြီ ကိုကြီးကျော်ရေ။ တယောက် ထွက်ရင် တယောက် လာမယ်ဆိုပြီး ပြောတဲ့ ပိုင်ရှင်တွေ၊ အုပ်ချုပ်ရေးဝန်ထမ်းတွေ၊ မန်နေဂျာ၊ အောစူပါ၊ စူပါတွေကြောင့် အလုပ်သမားတွေ ထိခိုက်နစ်နာကြရတယ်။
ဖိအားပေး ခြိမ်းခြောက်ပြီး စံချိန်တောင်းတာတွေရဲ့ နောက်ဆက်တွဲ လူမှုရေး၊ ကျန်းမာရေးတွေ အများကြီး ထိခိုက်နေတယ်ဆိုတာကို သေချာလည်း ဖော်ထုတ်ပေးဖို့ လိုနေပြီ ကိုကြီးကျော်။
ကိုကြီးကျော်ရေ...
ပြီးခဲ့လက ပြောထားသေးတယ်နော်။ ထောက်ပံကြေးတွေ တိုးပေးရင် စက်ရုံတိုင်း တိုးပေးပါ့မလားဆိုတာလေ။
ကိုကြီးကျော်တို့ သတင်းရေးထားတာကို တွေ့မိတယ်။ ညွှန်ကြားစာအရဆိုရင် ဩဂုတ်လအတွက်ပါ ထောက်ပံ့ငွေ ပေးရမှာ ပါ။
ကျွန်မတို့ စက်ရုံကို အလုပ်သမားရုံးတွေက အဲ့ဒီညွှန်ကြားစာတွေ ပို့ပါတယ်။ စက်ရုံတိုင်းလည်း ပို့တယ်လို့ ကြားပါတယ်။
နောက် မီဒီယာတွေမှာလည်း ဖော်ပြကြတာပဲလေ။
ဒီလို အသိပေးတာတွေရှိပေမဲ့ တချို့အထည်ချုပ်စက်ရုံတွေက မပေးကြဘူး ။ ဒါတွေက တကယ်ပဲ။ ကျွန်မတို့ဆီ ပြောင်းလာတဲ့ အလုပ်သမားတွေ ပြောပြလို့ သိရတာပဲ ကိုကြီးကျော်။
ကျွန်မ သိသလောက်ဆို အထည်ချုပ်စက်ရုံတွေ မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံတယ်ဆိုရင် တာဝန်ယူမှု တာဝန်ခံမှု ရှိဖို့ကို လိုက်နာကြရမယ်။
ဒီလိုပါပဲ အဲဒီအထည်ချုပ်စက်ရုံတွေကို အပ်နှံတဲ့ Brand လို့ခေါ်တဲ့ ကုန်အမှတ်တံဆိပ်တွေကလည်း လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ ပတ်ဝန်းကျင်ရေးရာတွေ လိုက်နာတဲ့ စက်ရုံတွေဖြစ်ဖို့ တွန်းအားပေးကြတယ်၊ လိုက်နာကြရတယ်။
ဒါပေမဲ့ တာဝန်မဲ့တဲ့ စက်ရုံတွေနဲ့ အခွင့်အရေး လက်ကုန်နှိုက်နေတဲ့ ကုန်အမှတ်တံဆိပ်တွေကြောင့် မြန်မာ အထည်ချုပ်လုပ်သားတွေကတော့ တိုက်တန်တဲ့ လုပ်ခ လစမရတဲ့အပြင် သတ်မှတ် ထောက်ပံ့ကြေးကို အပြည့်ဝ မရကြဘူး ကိုကြီးကျော်ရေ...
မြန်မာ အထည်ချုပ် အလုပ်သမားတွေက တကယ်ကို အဖိအနှိပ်ခံတွေပါ။ အရေအတွက်၊ အရည်အသွေး အားလုံးတူတူတောင် သူများနိုင်ငံတွေထက် လစာ ၁၀ ပုံ ၂ ပုံပဲ ရတာကတော့ ရင်နာစရာပဲ နော်...။
ကိုကြီးကျော် ကျန်းမာရေး ဂရုစိုက်ဦးနော်၊ ရာသီဥတုက မိုးရွာလိုက်၊ နေပူလိုက်မို့ တုတ်ကွေးတွေ ထပ်ဖြစ်ဦးမယ်။
အေးချမ်းပါစေ ကိုကြီးကျော်ရေ...
မေသူ