အလုပ်သမား ကဏ္ဍသည် အလုပ်ရှင် အလုပ်သမားပြဿနာ အများဆုံး ဖြစ်သည်။
နစ်နာမှု အရှိဆုံးမှာလည်း အလုပ်သမားများသာ ဖြစ်ကြသည်။
မြန်မာများသည် သံယောဇဉ် အင်မတန်ကြီးလွန်းသည့် အမျိုးများ ဖြစ်ကြသည်။ အလုပ်တခုတည်းတွင် သံယောဇဉ် ကြီးကြီးနှင့် နှစ်ပေါင်းများစွာ လုပ်ကိုင်တတ်ကြသည်။
ဘာမှမတတ်ခင်ကတည်းက လုပ်ကိုင်ထား၍ အတွေ့အကြုံရလို့ တက်လမ်းအတွက် အလုပ်ထွက်ခဲ့သော် သင့်တော်ပါ့မလား ဆိုသည့် အတွေးလည်း တွေးတတ်ကြသည်။
ယဉ်ကျေးမှုစံနှုန်းများတွင်လည်း ကျေးဇူးတရား ဆိုသည်က ပါသည်။ ဒီစံနှုန်းတွေကြောင့်ပဲ အလုပ်သမားသမားများဘဝ နစ်မွန်းကြရသည်။
အလုပ်ရှင်အများစုသည် မြန်မာဓလေ့နှင့် မြန်မာနိုင်ငံသားများအကြောင်း ကောင်းကောင်းသိသည်။ မသိပါ ကလည်း သင်ပေးမည့် အုပ်ချုပ်ရေးစီမံခန့်ခွဲသူ မြန်မာများက အရန်သင့်ရှိသည်။ ဓလေ့တွေကို မကျွမ်းကျင်၊ မသိပါကပါကလည်း သိတတ်၊ ကျွမ်းကျင်အောင် သည်လူများက သင်ပေးကြသည်။
သည်လူတို့က လစာကောင်း ရကြသည်။
အလုပ်သမားများအား ဖိနှိပ်သည့်ထဲတွင်လည်း သည်လူများလည်း ပါဝင်သည်။ လုပ်ငန်းခွင်တွင် ယင်းတို့အသံသည်၊ အလုပ်မလုပ်ဘဲ ကျွမ်းကျင်သယောင် ရှိသည်။ အပြောအဆို၊ အချဉ်းအကပ် ကျွမ်းကျင်သည်။
"စက်ရုံလုပ်ငန်းများသည် ထမင်းကျွေးသည့် အလုပ်"ဟုလည်း မကြာမကြာ ပြောသည်။ "အလုပ်ရှင်များ ကျေးဇူးရှင်များသဖွယ်" သတ်မှတ်ပြောဆိုသည်။
သည်လူများမှ တဆင့် အလုပ်ရှင်များ မြန်မာ့ဓလေ့နှင့် အကျွမ်းဝင်လာသည်။ နောက်တော့ အစဉ်အလာ ဖြစ်လာသည်။
အစဉ်အလာကို ဖျက်ရန် ခက်သည့် မြန်မာလုပ်သားများ၏ အခွင့်အရေးများ ဆုံးရှုံးတော့သည်။
တောင်ဒဂုံတွင် မိသားစုတစု နေထိုင်သည်။ သားအမိ သားအဖ ၄ ဦး ရှိသည်။
မိသားစု ဦးစီး အဖေဖြစ်သူသည် ပုဂ္ဂလိက စက်ရုံတွင် ငယ်မွေးခြံပေါက် ။ လခစားလည်း မဟုတ်။ တနေ့ ကျပ် တစ်သောင်းနှစ်ထောင်သာ ရသည့် နေ့စားလုပ်သား တဦး ဖြစ်သည် ။
ဒီပမာဏအား လွန်ခဲ့သည့် လပိုင်းမှ စရသည်။
ငယ်မွေးခြံပေါက်ဖြစ်လို့ သူ့အား အလုပ်ပိုင်မှ စက်ရုံအတွင်း နေထိုင်ခွင့်ပေးသည်ဟုဆိုသည်။ စက်ရုံတွင် လုံခြုံရေး ဝန်ထမ်း သီးခြား ခန့်အပ်ထားခြင်း မရှိခဲ့ပါ။
ခြံစောင့် တဖက် အလုပ်သမားတဖက် ကြောင့် အလုပ်ချိန်တွင် စက်ရုံအတွင်း သားကျောင်းပို့၊ သမီးကျောင်းကြို လုပ်မရ။
နေ့လယ် သတ်မှတ်နေရာတွင် ထမင်းစားရသည်။ သတ်မှတ်နေရာထဲတွင် တဲသာသာ မိသားစုနေအိမ် မပါပါ။
ဌာနတခုတွင် ကြီးကြပ်ရာထူး သတ်မှတ်ထားလို့ အလုပ်ချိန် မနက် ၈ နာရီစနိုင်အောင် သူက ဆော်ဩရသည်။ ည ၅ နာရီမှ အလုပ်ဆင်းသည်။ အလုပ်သမားများအတွက် အလုပ်ချိန် ၈ နာရီဆိုသည်မှာ သူတို့အတွက် မဟုတ်။
စက်ရုံထုတ်ကုန်က ရာသီထုတ်ကုန်ဖြစ်သည့်အတွက် တနှစ်တွင် ၆ လခန့် အချိန်ပို လုပ်ရသည်။တနင်္ဂနွေနေ့ပါ ဆင်းရသည်။
အချိန်ပိုရာသီ ရောက်သည်နှင့် ည ၈ နာရီအထိ လုပ်ကိုင်ရသည်။ အချိန်ပိုခ မရပါ။
အချိန်ပို အတွက် အစားအသောက်တမျိုးမျိုးတော့ စားရသည်။ ဗိုက်ဝသည် မဝသည် မဟုတ်၊ ဗိုက်ဝရန်အတွက် အိမ်အပြန်မှ စားရသည်။
အလုပ်ချိန်အတွင်း သတ်မှတ် အလုပ်မဟုတ်သည် များအားလည်း လုပ်ရသည်၊ အလေးအပင် အထမ်းအပိုး ၊ အန္တရာယ်ရှိ အလုပ်မျိုး စုံလင်အောင် လုပ်ရသည်။ ဒါအတွက် "အခကြေးငွေ" မရပါ။
တနင်္ဂနွေနေ့များတွင် စက်ရုံ အလုပ်ရှိပါက မည်သူမှ မပါဘူး လုပ်ရသည်။ အခကြေးငွေမရ အလကားမတ်တင်း လုပ်ကိုင်ပေးရသည် ။ အချိန်ပိုခမရှိ ၊ လုပ်အားခ မပေးပါ။
စက်ရုံ သန့်ရှင်းရေး လုပ်ကိုင်ရန်ပါ မကြာခဏ ပြောသည်။အလုပ်ရှင်မှလည်း ကျေးဇူးစကားများ အတော်ပြောသည်။
အလုပ်သမားများ ရှိ၍ လုပ်ကိုင်နေဆဲ အလုပ်ကို မပိတ်သိမ်းဟု ပြောသည်။ ဒီအတွက် ကျေးဇူးတင်ဖို့လည်း အကြိမ်ကြိမ် ပြောသည်။
စက်ရုံထဲအတွင် နေထိုင်ရသည့် မိသားစုက ပို၍ ကျေးဇူးစကား ပြောခံရသည်။
မြို့နယ်အတွင်း လက်ရှိ အိမ်လခ ပေါက်ဈေးကို မကြာခဏ မေးသည်။ မိသားစုဝင်တွေကို သိဖို့ မကြာခဏ မေးသည်။ ကျော တခင်းစာသည် အရေးကြီးကြောင်းလည်း ပြောသည်။
စက်ရုံ ခြံ စောင့်ရှောက်ခအကြောင်း မပြောပါ၊ တနင်္ဂနွေနေ့နှင့် အချိန်ပို လုပ်ကိုင်ခ အတွက် မပြောပါ။ ရန်သူမျိုးငါးပါးကို စောင့်ရှောက်နေသည့်အတွက် ကျေးဇူးတင်စကားလည်း မဆိုပါ။
ငယ်မွေး ခြံပေါက်ဖြစ်သည့်အတွက် သားငယ်၊ သမီးငယ်အတွက်နှင့် ဆန်အနည်းငယ် ဆီအနည်းငယ် ထောက်ပံ့မဲ့ အကြောင်းမပြောပါ ။
ကျေးဇူးက ကြီးမားလှပါသည်။
တချို့လုပ်ငန်းရှင်များက အလှူအတန်း ရက်ရောကြသည်။
တရားအလှူကိုလည်း လှူသည်၊ လက်အောက်ငယ်သားများလည်း ပေးကမ်းသည်။ ပိုက်ဆံထုတ်ပေးပြီး ကန့်တော့ ခံသည်။စာနယ်ဇင်း ၊ ရုပ်သံအထိ အကုန်အကျခံ ပျံ့နှံ့အောင် လုပ်သည်။
အဓိက ရည်ရွယ်ချက်သည် ချွေရံသင်ပင်း ပေါများကြောင်း ပြသလိုသည်။
လက်အောက်ခံ အလုပ်သမားများမှာတော့ ခေတ်ကာလနှင့် လျှော်ညီသည့် လုပ်ခလစာတော့ မပေး။ ဥပဒေပါ အခွင့်အရေးကို အသိမခံ။
နိုင်ငံအတွက် အခွန်ဘယ်လောက်ပေးလဲ မသိရသလို၊ ကုမ္ပဏီအမြတ် ဘယ်လောက် ဘယ်ရွေ့ဆိုတာ ဒါရိုက်တာအဖွဲဝင်တချို့ပင် သိခွင့်မရ။
ဌာနအကြီးအကဲဆိုပြီး ငွေကြေးလစာ မြင့်မားစွာပေးထားပြီး ၊ အောက်ခြေ ပြိုင်ဆိုင်မှု ဖြစ်အောင် စနစ်တကျ စီမံထားသည်။
အောက်ခြေလုပ်သားများ ရသည့် လုပ်ခလစာကို လောက်ငှဖို့ အတော် ကြိုးစားရသည်။ ရာထူးရှိပြီးသူများ၏ ဖိနှိပ်မှု၊ အလုပ်ဖိအားများနှင့် ရင်ဆိုင်ရသည် ။
ရည်မှန်းချက်တွက် သည်းခံရသည်၊ အချိန်ကုန်ခံရသည်။ လုပ်ငန်းခွင်မုန်းတီးသည်အထိ စိတ်ဒဏ်ရာ ရကြပြီး အနာဂတ်ပျောက်ရသည်။
အချိန်ကြာလာသည့်နှင့်အမျှ အသိပညာ၊ အတက်ပညာ ချို့တဲ့လာသည်။
လုပ်ခသက်သာရေး အလုပ်ရှင်မှ အကောင်အထည်ဖော် လိုသည်။ ဖော်ဆောင်ပေးမည့်သူများမှာလည်း အရန်သင့်ရှိသည်။
အလုပ်သမားများ နစ်နာမှု ကြုံတွေ့လာသည်နှင့် ၊ လုပ်ငန်းခွင်အတွင်း ခြိမ်းခြောက်သည့် အသံများလွှင့်သည်။
ဟိုဝန်ကြီးနှင့် ပိုင်သည် ၊ ဟိုအာဏာပိုင်အထိ ပေါက်ရောက်သည်။ ငွေ၏ အင်အားနှင့်လည်း ခြိမ်းခြောက်သည်။
“တိုင်ရင် တိုင်မည့်သူက ဘာလုပ်နိုင်မလဲ၊ ပိုင်ရှင်က ငွေရှိတာ” ဆိုသည့် စကားသည်မှာ လုပ်ငန်းခွင်တွင် ကြားကြရသည်။
လုပ်ငန်းခွင်တွင် နစ်မွန်းနေသည့် အလုပ်သမားများသည် ခြိမ်းခြောက်မှုအား ခြိမ်းခြောက်မှုဟု မမြင်တော့။ ဖြစ်နေကျ သဘာဝ လို ဖြစ်နေသည်။
ဥပဒေ အကြောင်းအရာနှင့် ပြဿနာ၊ ခွဲခြားမှု၊ ခြိမ်းခြောက်မှုကို ချိတ်ဆက်မှု ဆောင်ရွက် မနိုင်အောင် ဖြစ်နေသည်။
လုပ်ငန်းရှင်နှင့် လုပ်ငန်းခွင် အာဏာပိုင်များ၏ လက်ထဲ ပြုသမျှ နုရသည့် ဘဝ ရောက်ပါတော့သည်။
တချို့ဆို လက်လွန်နေသည့် အခြေအနေ။
မြန်မာနိုင်ငံမှာ အလုပ်ရှင် အလုပ်သမားများအတွက် ဥပဒေကို ပြဌာန်းသတ်မှတ်ထားသည်။ စုစုပေါင်း ဥပဒေ ၁၅ ခုကျော် ရှိသည်။
အသုံးချဖို့ လိုအပ်သည်။
ဥပဒေ အကူအညီနှင့် ငုံ့မခံဖို့ အထူးလိုအပ်သည်။
လိုအပ်လျင်လည်း အကူအညီပေးမဲ့ အဖွဲ့အစည်းများ ရှိသည်။ ပုဂ္ဂိုလ်များလည်း ရှိသည်။ နိုင်ငံတကာ အဖွဲ့အစည်း ဆိုလျှင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ယန္တယားများလည်း ရှိသည်။
ဆောင်ရွက်မှု မရှိသေးဘဲ အဖြေမထုတ်သင့်။
ဥပဒေအား မည်သည့် အရာ၊ ပုဂ္ဂိုလ်မှ လွှမ်းမိုးမရပါ။ လွှမ်းမိုးကျော်လွန်ပါက သမိုင်းစာမျက်နှာတွင် တင် ကျန်ရစ်မည်။
မြန်မာနိုင်ငံအတွင် ဥပဒေကျော်လွန် လုပ်ဆောင်သူ အယုတ်အလတ်မရွေး ဆိုးရွားသည့် သမိုင်းစာမျက်နှာတွင် တင်ကျန်နေသည်။ သမိုင်းအဆိုးကောင်းသည် သားစဉ်မြေးဆက် ဆက်ခံရသည်။
ဥပဒေကို ငွေ၊ အာဏာ၊ ပုဂ္ဂိုလ်ရေးများကြောင့်နှင့် ကျော်လွန်ဖို့ ကြိုးစားကြသည်။
အလုပ်သမားများ အတွက် ကြောက်လန့်ဖို့ မလိုရန် တိုက်တွန်းလိုသည်။
မြန်မာဥပဒေ၏ သဘောမှာ တိုင်ကြားရန်လိုသည်။
မြန်မာနိုင်ငံမှ မည့်သည့် အာဏာပိုင်မဆို ပြည်သူ ပြည်သား နစ်နာမှုအတွက် မည်သည့်အခါမှ စုံစမ်းစစ်ဆေးသည် မရှိပါ။
ဒါကြောင့် နစ်နာမှုအတွက် ကိုယ်တိုင် တိုင်ကြား၍ ဥပဒေပါ အခွင့်အရေးအတွက် ကြိုစားကြရန် လိုအပ်ကြောင်း တင်ပြပါသည်။