ပူပြင်းလှတဲ့ နွေ မနက်ပိုင်း နေရောင်ခြည်အောက်မှာ ဒေါ်သန်းလှ ဟာ စက္ကူပန်းအကြွေတွေကို စုလိုက်ပြီး တငွေ့ငွေ့လောင်နေတဲ့ မီးပုံထဲကို ကို တမြတ်စည်းနဲ့ လှဲစုလိုက်ပါတယ်။
ခဏနေတော့ မီးက အရှိန်နဲ့ ထိုးတက်လာလို့ အပူရှိန်ကြောင့် နောက်အနည်းဆုတ်လိုက်ပြီး သူ့သားကြီး အိမ်ပြန်လာနေကျ လမ်းမကြီး မြောက်ဘက်ကို မျှော်ကြည့်လိုက်ပါတယ်။
ဒီရက်ပိုင်းအတွင်း သူမရင်ထဲမှာ တောက်လောက်နေတဲ့ မီးအရှိန်က၊ နွေ ဥတုထက် ပိုပြီး ပူလောင်နေတာ ၂ လ နီးနီး ရှိနေပါပြီ။
အရက် နည်းနည်း မူးနေတဲ့ သားဖြစ်သူကို “ငွေ သိန်းငါးဆယ် ပေးမယ် ၊ စစ်တပ်ရဲ့ လူသစ်စုဆောင်းမှုထဲ လိုက်ရမယ်” လို့ ပြောလိုက်သူကိုလည်း ဒေါ်သန်းလှ အံဩမိ ။
ဒီလူတွေက တရွာတည်းမှာ နေ ၊ တရေတည်းသောက်နေတာ မျိုးဆက် သုံးလေးငါးဆက်မကတော့။
“ရက်စက်လိုက်ကြတာ” လို့ တွေးပြီး ရေရွတ်မိပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကို တော်လှန်တိုက်ခိုက်ခဲ့လို့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီး နိုင်ငံအတွင်းက လူငယ်တွေကို စစ်မှုထမ်းခိုင်းခဲ့တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေရဲ့ အကျိုးသက်ရောက်မှုပါ ။ ဒေါ်သန်းလှတို့ သားအမိ အဖြစ်ကလည်း မြန်မာနိုင်ငံအတွင်းမှာ ရပ်ကွက်တိုင်းမှာ တရွာတပုဒ်ဆန်း အဓမ္မ ခြိမ်းခြောက် မြူဆွယ်လိမ်လည်ပြီး စစ်အင်အားစုဆောင်းခံရတဲ့ အဖြစ်အပျက်တခုလည်း ဖြစ်ပါတယ်။
သားဖြစ်သူက လယ်လုပ်ကိုင်းလုပ် လုပ်ကိုင်ပေမဲ့ ပိန်ပိန် ခပ်သေးသေး။ အလုပ်ကိုင်က နည်းနည်း ကြမ်းသလို ရှိတော့ အသောက်အစားနဲ့မို့ စိတ်မချခဲ့တာ။ ခိုက်ရန်ဖြစ်တာ မရှိပေမဲ့ တခါတရံ အမေကို မတိုင်ပင်ပဲ လုပ်ကိုင် တတ်လို့ပဲ ဒေါ်သန်းလှ အမြဲစိတ်ပူခဲ့ရတာပါ။
“စိတ်ပူတဲ့အတိုင်းဘဲ၊ အခု အုပ်ကြီး(အုပ်ချုပ်ရေးမှူး) က သိန်းငါဆယ်နဲ့ မြူဆွယ် သိမ်းသွင်းသွားတယ်” လို့ ဆက်ပြော ပါတယ်။
သားဖြစ်သူ စစ်အင်အားစုဆောင်းတဲ့အထဲ လိုက်သွားပြီး ဘယ်မှာ ရောက်နေတယ်။ ဘယ်လိုနေလည်း ဆိုတာ မသိခဲ့ရပါ။ အဆက်သွယ်လည်း မရပါ။
သားဖြစ်သူ အခြေအနေကို သိရဖို့ အုပ်ကြီးဆီ ဒေါ်သန်းလှ မေးမြန်းပါတယ်။ “ကျွန်တော်လည်း မသိဘူး၊ ဆက်သွယ်လို့ရရင် ပြောမယ်”လို့ မသေချာ မရေရာတဲ့ စကားအသံသာ ပြန်ကြားခဲ့ ရပါတယ်။
ဒေါ်သန်းလှတို့ ရွာက ခေတ်နဲ့ အဆက်ပြတ်နေတဲ့ ရွာမဟုတ်ပါ။ ရန်ကုန်မြို့အနီးက စက်မှုဇုန်တွေနဲ့ မနီးမဝေးက ကျေးရွာ ပါ။
သတင်းတွေနဲ့ အဆက်မပြတ် လို့ နိုင်ငံသား အမျိုးသားတွေ စစ်မှုထမ်းရမဲ့ အကြောင်းလည်း ညတွင်းချင်း သိခဲ့ရ တာပါ။
အဲဒီအချိန်ကတည်းက သားဖြစ်သူကို သတိပေးခဲ့ပါတယ်။
စက်မှုဇုန် လုပ်သားတွေ ပေါ်တာဆွဲသလို ဖမ်းဆီးခံရတဲ့ သတင်းတွေလည်း ကြားခဲ့ပါတယ်။
“ဟုတ်တယ်၊ မဟုတ်ဘူး အသာထားဦး။ အသောက်အစား ရှိတဲ့ သားမို့ စိတ်ပူခဲ့တယ်” လို့ ဒေါ်သန်းလှက သက်ပြင်း ချပြီး ပြောလိုက်ပါတယ်။
စစ်ကောင်စီက အသက်သွင်းခဲ့တဲ့ ပြည့်သူစစ်မှုထမ်းဥပဒေထဲမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ် အထိ အသက်အရွယ်ရှိသူတွေ စစ်မှုထမ်းရမယ်လို့ ပြဌာန်းထားပါတယ်။ သင်တန်းအမှတ်စဉ် တခုကိုအင်အား ၅၀၀၀ နှုန်းနဲ့ လစဉ် ခေါ် ယူသွားမယ်လို့လည်း စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီက ဖွင့်လှစ်တဲ့ စစ်သင်တန်း အမှတ်စဉ် ၂ စစ်အင်အားစုဆောင်းရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူး (အုပ်ကြီး)က ဒေါ်သန်းလှသားကို ထည့်ပေးလိုက်တာပါ။
ဒေါ်သန်းလှ သားဖြစ်သူက ကျပ်သိန်းငါးဆယ် ရမယ်ဆိုလို့ ကျေးရွာအတွက် စစ်သားစုဆောင်းရေးဆီ အငှားလိုက် ခဲ့တာပါ။ အဲဒီ ကျပ်သိန်းငါးဆယ်ကို အိမ်ခြေ တထောင် ဝန်းကျင်ရှိတဲ့ ကျေးရွာထဲက အိမ်ထောင်စုတွေဆီကနေ ကောက်ခံရယူခဲ့တယ်လို့ ဒေါ်သန်းလှက ပြောပါတယ်။
ဒီလို ကောက်ခံခဲ့တာတောင် တလခွဲ ကျော်ရှိလာပေမဲ့ အုပ်ကြီးပေမဲ့ သိန်းငါးဆယ်က ဒေါ်သန်းလှ လက်ထဲ မရောက် ခဲ့ပါဘူး။
ဒီလို ရက်ကွက်ထဲက အိမ်ထောင်စုတွေဆီက စစ်မှုထမ်းသူတွေကို ထောက်ပံ့တဲ့ အစီအစဉ်တွေက ပဲခူးတိုင်းထဲမှာ စတင်ခဲ့တာ ဖြစ်ပါတယ်။
“စစ်တပ်က ဥပဒေနဲ့ စစ်သားစုဖို့မလုပ်မီ ၊ ပြည်သူ့စစ် ဆိုပြီး စလုပ်တော့ သင်တန်းတက်ရမဲ့သူတွေကို ရွာထဲကလူတွေကိုထောက်ပံ့ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက စပြောခဲ့တာပဲ” လို့ ပဲခူးတိုင်းအရှေ့ခြမ်းမှာ နေထိုင်သူ အမျိုးသမီးက ပြောပါတယ်။
လက်ရှိမှာလည်း ရပ်ကွက် အိမ်ထောင်စုတွေဆီက ကျပ်တစ်သောင်းကနေ နှစ်သောင်းလောက်အထိ ကောက်ခံနေတာတွေ ရှိနေတယ်လို့ မြန်မာနိုင်ငံတောင်းပိုင်းက မြို့တမြို့ မှာ နေထိုင်သူ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
“တနေ့က ရပ်ကွက်အုပ်ချုပ်ရေးရုံးကလူတွေ၊ တအိမ်တသောင်းဆိုပြီး လာကောက်သွားတယ်။ လူငှားပြီး စစ်သင်းတန်း လိုက်ခိုင်းမယ်ပြောတယ်။ တချို့လည်း တသောင်းခွဲ၊ တချို့ရက်ကွက်တွေမှာတော့ နှစ်သောင်း လောက်အထိ ကောက်တယ်။ “ အဲ့ဒီ အမျိုးသမီးက ပြောပါတယ်။
သားဖြစ်သူ စစ်သားစုဆောင်းခံရလို့ ရမယ်ဆိုတဲ့ သိန်းငါးဆယ်ထက် သားဖြစ်သူနဲ့ အဆက်အသွယ်ရဖို့ ဒေါ်သန်းလှ အုပ်ကြီးဆီ သွားခဲ့ပါတယ်။ “သူတို့လည်း ကျွန်မသား ဘယ်ရောက်နေလဲ မသိဘူး။ စုံစမ်းပေးမယ်လို့ ပြောခဲ့တာပါ” လို့ ပြောပါတယ်။
အုပ်ကြီးဆီက သားဖြစ်သူရဲ့ သတင်း ဘာမှမကြားရပေမဲ့ သင်တန်းတက်နေတဲ့ သားဆီက အဆက်အသွယ် ဒေါ်သန်းလှ ရပါတယ်။
“ သား ကိုယ်တိုင် ဆက်သွယ်လာတာပဲ ။ သူသင်တန်းတက်နေတယ်ဆိုတာ ။ အုပ်ကြီး သိန်းငါးဆယ်ပေးပြီးလား ဆိုတာကို မေးတယ်” လို့ ဒေါ်သန်းလှက ပြောပါတယ်။
ဒီအချိန်ကြမှ သိန်းငါးဆယ်ကိစ္စ အုပ်ကြီးကို ဒေါ်သန်းလှ မေးမြန်းနိုင်ခဲ့တာပါ။
“ သင်တန်းက ထွက်မပြေးမှတို့၊ စစ်သား ကိုယ်ပိုင် နံပါတ်ရမှ အဲ့ဒီသိန်းငါးဆယ် ပေးမယ်လို့ ပြောတယ်” လို့ ဒေါ်သန်းလှက ပြောပါတယ်။
ဒီလို ပြောတာကို သားဖြစ်သူကို ပြန်ပြောတော့ သားဖြစ်သူက ကိုယ်ပိုင်အမှတ် ၊ စစ်သင်တန်းတက်နေတဲ့ ဓါတ်ပုံတွေပါ ပြန်ပို့ပေးလို့ သက်သေ အနေနဲ့ ပြခဲ့ပါတယ်။
ဒီတခါ အုပ်ကြီးပြောပုံက။
“ကျွန်တော် ပေးပါ့မယ်တဲ့”
ကျပ်သိန်းငါးဆယ်နဲ့ သားဖြစ်သူကို ဒေါ်သန်းလှ မလဲနိုင်ပါဘူး။ အုပ်ကြီးဆိုတာကလည်း ကျေးရွာသားဆိုတော့ ဆွေမျိုးသားချင်းတွေ။ သားဖြစ်သူရဲ့ ဆန္ဒအရသာ ဒီငွေကို တောင်းပေးနေရတာပါ။ ငွေကိစ္စ ထပ်မပြောချင်တော့ပါ ။
သားဖြစ်သူ ထွက်သွားတာ ၂ လနီးနီးရှိပေမဲ့ အုပ်ကြီးကတာ့ “ ပြောထားတဲ့ သိန်းငါးဆယ် ပေးမှာပါ” လို့ ထပ်ပြောပါတယ် ။ စစ်ကောင်စီက စစ်သင်တန်း အပတ်စဉ် ၃ ခေါ်မဲ့ အကြောင်း သတင်းစာတွေက ရေးသားတာတွေ ကြားရပါတယ် ။ ဒီချိန်အထိ အုပ်ကြီးဆီက ကျပ်သိန်း ငါးဆယ် မရသေးပါဘူး။
လစာ တလစာကို သားဖြစ်သူက ဒေါ်သန်းလှဆီ လွှဲပေးထားပါတယ်။
သားဖြစ်သူ သင်တန်းက ရတယ်ဆိုတဲ့ လစာ ကျပ်တစ်သိန်းခွဲကို လည်း ဒေါ်သန်းလှ မလိုချင်ပါဘူး ။ သားဖြစ်သူ ပြန်ရောက်စေချင်တာက ဒေါ်သန်းလှအတွက် အဓိကပါ။
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ဝါဒဖြန့် လက်ကမ်းစာစောင်မှာတော့ မိအိုဖိအို လုပ်ကျွေးနေသူကို စစ်မှုထမ်းခွင့် ယာယီရွှေ့ပေးမယ်လို့ ရေးသားထားပါတယ်။ နိုင်ငံသားဖြစ်ပေမဲ့ ဒေါ်သန်းလှတို့ သားအမိ အဲ့ဒီ ဥပဒေရဲ့ အကျိုး မခံစားခဲ့ ရပါဘူး ။
သားနဲ့ ပြန်တွေ့နိုင်ဖို့ ဒေါ်သန်းလှ စိတ်ပူတာ ရှိပါသေးတယ်။
စစ်မှုထမ်းဥပဒေမှာ ပြည်သူ့စစ်မှုထမ်းကာလကို ၂၄ လ ( ၂ နှစ်) လို့ သတ်မှတ်ထားပါတယ်။ ဒါ့အပြင် နိုင်ငံတော် အရေးပေါ်ကာလဆို ၅ နှစ်အထိ တိုးမြှင့်နိုင်တယ်လည်း ပြဌာန်းထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေတွေဟာ ပုံမှန်ပြန်လည် မရောက်ရှိသေးတဲ့အတွက်ဆိုပြီး အရေးပေါ် အခြေအနေကို နောက်ထပ် ၆ လ တိုးအုပ်ချုပ်ဖို့ ပြီးခဲ့ ဇန်နဝါရီ ၃၁ ရက်မှာ ကြေညာထားပါတယ်။ အာဏာသိမ်း စစ်ကောင်စီက ဒီလို ကြေညာတာ ၅ ကြိမ်ရှိပါပြီ ။
အခုတော့ ဇွန်လရဲ့ မိုးကောင်းကင်ကြီးက အုံ့မှိုင်းလို့နေပါတယ်။ မဲမှောင်နေတဲ့ တိမ်ထူထူတွေကနေ ထစ်ချုန်းမိုးတွေရွာချလိုက် တခါတခါ မိုးဖွဲဖွဲလေးတွေ တဖျောက်ဖျောက်ကျလိုက် နဲ့ တမြေ့မြေ့လောင်ကျွမ်းနေတဲ့ သူမရင်ထဲကိုတော့ အေးချမ်းမှုမပေးစွမ်းနိုင်ပါ။
ဒီအတိုင်းဆို သားဖြစ်သူ ပြန်တွေ့ဖို့ ခက်ခဲဦးမှာလား၊ သိပ်မကြာမီ ပြန်ဆုံရမလားဆိုတာ ဒေါ်သန်းလှ ကံကြမ္မာ ကိုပဲ ရိုးမယ်ဖွဲ့ရမလို ဖြစ်နေပါတယ်။
ဒေါ်သန်းလှ မြောက်ဘက် လမ်းမကို မျှော်ကြည့်ပြီး
“အမျိုး အချင်းချင်း ကျပ်သိန်းငါးဆယ်နဲ့ မြူဆွယ်တာကို စိတ်ဆိုးမိတာ၊ ပါသွားပြီဆိုတော့ ကျန်းမာပြီး အန္တရာယ်ကင်းဖို့ပဲ ဆုတောင်းပေးရတယ်၊ ဒါက စစ်တိုက်နေတာလေ” လို့ ပြောလိုက်ပါတယ်။