စစ်တပ်က တရားမဝင်အာဏာသိမ်းပြီးနောက် နိုင်ငံရေးပဋိပက္ခတွေအတွင်း သန်းချီသော ကျောင်းသူ/သားတွေသည် အခြေခံပညာသင်ယူရာတွင် အမျိုးသားညီညွှတ်ရေးအစိုးရက ဖွင့်လှစ်သည့် ကြားကာလ ပညာသင်ကြားရေးအစီအစဉ်နှင့် စစ်တပ်က ဖွင့်လှစ်နေသည့် အစိုးရကျောင်းတွေမှာ တက်ရောက်နေကြပါတယ်။
ပြည်ပနိုင်တွင် သွားရောက်လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားတွေ၏ သားသမီးတွေလည်း ရွှေ့ပြောင်းမြန်မာကျောင်းတွေမှာ ပညာသင်ယူနေကြပါတယ်။
အမျိုးသားညီညွှတ်ရေးအစိုးရက ဖွင့်လှစ်ထားသည့် ကြားကာလ ပညာသင်ယူနိုင်ရေး အစီအစဉ်တွင် မြေပြင်ပညာရေး၊ Online ပညာရေးနှင့် နေအိမ်အခြေပြုပညာရေး ဟူ၍ နည်းလမ်းသုံးသွယ်ဖြင့် ပညာသင်ကြားနေတာပါ။
အာဏာသိမ်းစစ်ကောင်စီ၏ အစိုးရကျောင်းတွေတွင် ယခုပညာသင်နှစ်မှာ အခြေခံပညာကျောင်းသူ/သား ၄.၅ သန်းကျော် ကျောင်းတက်ရောက်နေပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ တစ်နိုင်ငံအတိုင်းအတာနှင့် အခြေခံပညာသင်ယူသူ ၁၀ သန်းကျော်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ရွှေ့ပြောင်းမြန်မာကျောင်းတွေမှာလည်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ထိုင်းပညာရေးဌာနက ပညာသင်ကြားခွင့် ပြန်လည်ခွင့်ပြုလိုက်သည့်အတွက် ကျောင်းတွေ ဖွင့်နေပါပြီ။ မြန်မာအလုပ်သမား (၄)သန်းနီးပါးရှိသည့် ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ၏ သားသမီးတွေ ပညာသင်ယူနိုင်မှုနှင့် စိန်ခေါ်မှုတွေကို ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေရှင်း(FED) က ဦးထူးချစ်နှင့် Myanmar Labour News က ဆက်သွယ်မေးမြန်းထားပါတယ်။
MLN - ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား အလုပ်သမား တရားဝင်၊ တရားမဝင်ရော ၄ သန်းနီးပါးရှိတယ်ဆိုပြီး ခန့်မှန်းကြပါတယ်။ တချို့မိဘတွေရဲ့ သားသမီးတွေက မြန်မာနိုင်ငံမှာ ကျောင်းထားပေးမဲ့၊ တချို့မိဘတွေရဲ့ သားသမီးတွေက ထိုင်းနိုင်ငံထဲမှာ ရှိနေကြပါတယ်။ သူတို့ရဲ့ ပညာသင်ယူနိုင်မှု အခြေအနေကို သိချင်ပါတယ်။
ဦးထူးချစ်- ထိုင်းနိုင်ငံမှာ ၂၀၀၆ ခုနှစ် “Education for all” မူဝါဒအရ ထိုင်းနိုင်ငံတွင်းမှာရှိတဲ့ ကလေးတိုင်း (မိဘက တရားဝင်လက်မှတ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ) ထိုင်းအစိုးရ ကျောင်းတွေမှာ တက်ခွင့်ရှိပါတယ်။ တချို့အစိုးရ မဟုတ်တဲ့အဖွဲ့အစည်းတွေ ဖွင့်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမားကလေးတွေရဲ့ စာသင်ကျောင်းတွေလည်း ရှိပါတယ်။ မိဘတွေနဲ့ ကျောင်းသားတွေ ကိုယ်တိုင်က စိတ်ဝင်စားမယ်ဆိုရင် ထိုင်းနိုင်ငံတွင်းမှာ မြန်မာကလေးတွေအတွက် စာသင်ကြားခွင့် အခွင့်အရေးတွေ ရှိပါတယ်။
MLN - ထိုင်းမှာ ကျောင်းတက်ချင်တဲ့ မြန်မာကလေးငယ်တွေဟာ ဘယ်လိုအခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရပါသလဲ။
ဦးထူးချစ် - မိဘတွေအနေနဲ့ ထိုင်းဘာသာစကားမတတ်လို့ ထိုင်းကျောင်းတွေကို သွားအပ်ဖို့ အခက်အခဲရှိနိုင်သလို၊ မိမိတို့ လုပ်ကိုင်နေတဲ့ လုပ်ငန်းခွင့်အနီးတစ်ဝိုက်မှာ ကျောင်းတွေ မရှိတာလည်း ဖြစ်နိုင်ပါတယ်။ စနစ်တကျ ဆက်သွယ်ဆောင်ရွက်ကြမယ်ဆိုရင်တော့ အခက်အခဲတွေ မရှိလောက်ပါဘူး။
MLN- လက်ရှိအခြေအနေက ထောင်သောင်းချီတဲ့ မြန်မာနိုင်ငံသားတွေ နေ့စဉ်နဲ့အမျှ ထိုင်းနိုင်ငံထဲကို တရားဝင်ရော၊ တရားမဝင်ပါ ဝင်ရောက်နေကြပါတယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ မိဘတွေရဲ့ သားသမီးတွေဟာလည်း နယ်စပ်တွေမှာ ရောက်နေကြပါတယ်။ သူတို့နဲ့အတူ ကျောင်းနေအရွယ် သားသမီးတွေလည်း ရှိနေတော့ ဘယ်လိုလုပ်သင့်ပါသလဲခင်ဗျာ။
ဦးထူးချစ်- အခုဆိုရင် ထိုင်းနိုင်ငံတွင်းမှာ ဖွင့်ထားတဲ့ မြန်မာစာသင်ကျောင်းတိုင်း ကျောင်းသားဦးရေတိုးနေပါတယ်။ အဓိက အားဖြင့် နယ်စပ်က ကျောင်းတွေဆိုရင် ပိုပြီးသိသာပါတယ်။ ကျွန်တော်တို့ ကျောင်းတွေမှာတောင် ခါတိုင်းဆို ကျောင်းသား (၃၀၀) ကျော်လောက်ရှိတာ အခုနှစ်မှာ ကျောင်းသား/သူ ဦးရေ (၅၀၀) လောက် လက်ခံထားရပါတယ်။ ခါတိုင်းဆို ကျနော်တို့ ကျောင်းက မြန်မာပြည်မှာ ကျောင်းပြန်တက်မဲ့ ကျောင်းသားဦးရေ (၅၀)ခန့်ကို ကျောင်းထွက်လက်မှတ်ထုတ်ပေးနေရပေမဲ့ အခုဆိုရင် မြန်မာပြည်ကို ပြန်ပြီး ကျောင်းပြန်တက်မဲ့ ကလေးက မရှိသလောက် ဖြစ်နေပါတယ်။ တချို့ မိဘတွေကလည်း အရင်က ကလေးတွေကို မြန်မာပြည်မှာ ချန်ထားခဲ့ပြီး ကျောင်းတက်ခိုင်းပေမဲ့ အခုတော့ မြန်မာပြည်က ကလေးတွေကို ပြန်ခေါ်ပြီး ထိုင်းမှာ ကျောင်းတက်ခိုင်းနေတာတွေ တွေ့နေရတယ်။ အဓိကကတော့ ထိုင်းမှာ ရောက်နေတဲ့ ပရဟိတအသင်းတွေနဲ့ စုပေါင်းပြီး ကလေးတွေအတွက် ယာယီစာသင်ကျောင်းလေးတွေ တည်ဆောက်သင့်သလို၊ ထိုင်းအစိုးရ ကျောင်းတွေကိုလည်း ပို့ဖို့ လိုအပ်ပါတယ်။
MLN - ရွှေ့ပြောင်းမိသားစုဝင်တွေရဲ့ သားသမီးတွေကို ဘယ်နှစ်ရာခိုင်နှုန်းလောက်ကပဲ ကျောင်းတက်ရောက်နိုင်ပါသလဲ။
ဦးထူးချစ် - အတိအကျ ပြောဖို့ ခက်ခဲပေမဲ့ ထိုင်းထဲမှာ ရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မိမိတို့ရဲ့ ကလေးတွေကို ထိုင်းအစိုးရ ကျောင်းတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ထောင်ထားတဲ့ ကျောင်းတွေမှာ ကျောင်းထားကြတာကို တွေ့ရပါတယ်။
MLN - ရွှေ့ပြောင်းအလုပ်သမားကလေးတွေ ကျောင်းတက်ရောက်ခွင့်ရရှိဖို့ မြန်မာအာဏာပိုင်တွေအနေနဲ့ ဘာလုပ်သင့်ပါသလဲ။ တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ရော ဘာတွေ လုပ်နိုင်ပါသလဲ။
ဦးထူးချစ် - ထိုင်းနိုင်ငံက ကျောင်းအများစုကတော့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေကို ကျောင်းအပ်လက်ခံနေပါတယ်။ မြန်မာအစိုးရအာဏာပိုင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မြန်မာအလုပ်သမားတွေရဲ့ ကလေးတွေကို ကျောင်းတွေကို ရောက်အောင် ဆောင်ရွက်ပေးသင့်ပါတယ်။ လိုအပ်တဲ့ ကုန်ကျစရိတ်နဲ့ ကျောင်းနဲ့ ကျောင်းသားမိဘတွေကြား စနစ်ကျတဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေ လုပ်နိုင်ရန် ကောင်းမယ်လို့ မျှော်လင့်ပါတယ်။
MLN - ရွှေ့ပြောင်းကလေးတွေ ကျောင်းတက်နိုင်ဖို့ မိဘတွေကို ဘာများပြောချင်ပါသလဲ၊ မိဘတွေ ဘာတွေ သိသင့်ပါသလဲ။
ဦးထူးချစ် - ထိုင်းနိုင်ငံအတွင်း ရောက်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ကိုယ်အလုပ်၊ လုပ်ကိုင်နေတဲ့ နေရာအနီးတဝိုက်မှာ မြန်မာစာသင်ကျောင်းတွေ ရှိလား လေ့လာစုံစမ်းသင့်ပါတယ်။ မြန်မာစာသင်ကျောင်းတွေ မရှိဘူးဆိုရင်တော့ ထိုင်းအစိုးရ ကျောင်းတွေမှာ မိမိတို့ ကလေးတွေကို ကျောင်းအပ်နိုင်ဖို့ ကြိုးစားသင့်ပါတယ်။ ထိုင်းနိုင်ငံမှာက ကလေးတိုင်း ကျောင်းတက်ဖို့ အခွင့်အရေး ရှိပါတယ်။ မိဘတွေအနေနဲ့ ကျောင်းနေအရွယ်ကလေးတွေကို အလုပ်ခိုင်းစေမယ်ဆိုရင်လည်း ထိုင်းနိုင်ငံက ပြဌာန်းထားတဲ့ ကလေးအခွင့်အရေး ဥပဒေအရ အရေးယူလို့ ရပါတယ်။ မြန်မာအလုပ်သမားတွေအနေနဲ့ မိမိတို့ရဲ့ သားသမီးတွေကို ထိုင်းကျောင်း (သို့မဟုတ်) မြန်မာကျောင်းတွေကို ဖြစ်တဲ့နည်းနဲ့ ပို့ကြပါလို့ ပြောချင်ပါတယ်။
MLN - ပညာရေးနဲ့ ဖွဲ့ဖြိုးတိုးတက်ရေးဖောင်ဒေရှင်း (FED) အနေနနဲ့ ရွှေ့ပြောင်းကလေးတွေရဲ့ ပညာရေးအတွက် ဘယ်လိုမျိုး ဆောင်ရွက်ပေးနေပါသလဲ။
ဦးထူးချစ် - ပညာရေးနဲ့ ဖွဲ့ဖြိုးတိုးတက်ရေးဖောင်ဒေရှင်း (FED) အနေနဲ့ ထိုင်းနိုင်ငံတောင်ပိုင်းတွင် ၂၀၀၅- ခုနှစ်က စတင်လို့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးငယ်တွေအတွက် စာသင်ကျောင်းတွေ ဖွင့်လှစ်ခဲ့ပါတယ်။ မူကြိုကနေ (၈)တန်းအထိကို ၂၀၂၁ ခုနှစ်အထိ ဖွင့်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်က စတင်လို့ မူကြိုမှ စနစ်သစ် (၁၀)တန်းအထိ ဖွင့်ထားပါတယ်။ ကျောင်းစတင်ဖွင့်လှစ်တဲ့ အချိန်က စတင်လို့ ကျောင်းသားဦးရေး ခုနှစ်ထောင်ကျော် ပညာသင်ယူခဲ့ပြီးဖြစ်ပါတယ်။ FED အနေနဲ့ ဖန်ငခရိုင်အတွင်းရှိ ထိုင်းအစိုးရ ကျောင်း (၃၅) ကျောင်းတွင် မြန်မာကျောင်းသား သုံးထောင်ကျော်ကို (၁၀) နှစ်ကျော်အတွင်းမှာ ကျောင်းအပ်ပေးနိုင်ခဲ့ပါတယ်။ လက်ရှိအခြေအနေတွင် FED အနေနဲ့ ဖန်ငခရိုင်၊ တကွာပါမြို့နယ်နဲ့ ကူလပူရီမြို့နယ်မှာ ရွှေ့ပြောင်းအလုပ်သမားကလေးတွေအတွက် စာသင်ကျောင်း (၂) ကျောင်း တည်ထောင်ထားပြီး ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းသားဦးရေ (၆၀၀) ကျော်ကို စာရင်းလက်ခံရရှိထားပါတယ်။
MLN- မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးတွေ ပညာသင်ယူနိုင်ရေးနဲ့ ပတ်သက်လို့ ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။
ဦးထူးချစ် - မြန်မာနိုင်ငံလို ရွှေ့ပြောင်းအလုပ်သမား သန်းနဲ့ချီပြီး နိုင်ငံခြားတိုင်းပြည်တွေမှာ သွားရောက်လုပ်ကိုင်စား သောက်နေရတဲ့ နိုင်ငံအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ သူတို့ရဲ့ ကလေးငယ်တွေအတွက် ပညာရေးလုပ်ငန်းတွေကို အစိုးရတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံတွေနဲ့ တရားဝင်ညှိနှိုင်းပြီး ပညာရေးလုပ်ငန်းတွေကို စနစ်တကျ ဆောင်ရွက်သင့်ပါတယ်။
အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ။