စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေဟာ အထွေအထွေအကြပ်အတည်းကြောင့် နီးစပ်ရာ ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ကြိုးစားနေကြပါတယ်။ ဒီလို သွားရောက်တဲ့အခါမှာ တရားမဝင်သွားရောက်မှုတွေကြောင့် ဖမ်းဆီး နေရပ်ပြန်ပို့ခံရတာနဲ့ မလိုလားအပ်တဲ့ ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့ရင်ဆိုင်နေရပါတယ်။ဒါတွေကို ရှောင်ရှားနိုင်ဖို့ အတွက် ရွှေ့ပြောင်းအရေး လှုပ်ရှားဆောင်ရွက်သူတစ်ဉီးဖြစ်တဲ့ ဦးထူးချစ် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED )ကို Myanmar Labour News ကတွေ့ဆုံမေးမြန်းထားပါတယ်။
MLN - မြန်မာနိုင်ငံက တရားမဝင်ရွေ့ပြောင်းအလုပ်သမားတွေက ထိုင်းနဲ့မလေးရှားနိုင်ငံကို အဓိက သွားကြတယ်လို့ သိရပါတယ်။ သူတို့ဟာ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါသလဲ။
ဦးထူးချစ် - ကျွန်တော်ရွေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်တာ နှစ်ပေါင်း (၂၀)ကျော်ပါပြီ။ ဒီနှစ်ပေါင်း (၂၀)ကျော်ထဲမှာ အုံနဲ့ကျင်းနဲ့ ထောင်နဲ့ သောင်းနဲ့ချီပြီးတော့ ရွေ့ပြောင်းတွေ ဝင်လာတာ ဒါဟာ ပထမဆုံးလို့ ပြောလို့ ရတယ်။ ခုဆိုလို့ရှိရင် နယ်စပ်ကနေ ထိုင်းနိုင်ငံထဲက ကိုယ်သွားချင်တဲ့ မြို့တွေကို မူတည်ပြီးတော့ အနည်းဆုံးဘတ်ငွေ တစ်သောင်းခွဲ (၁၅၀၀၀)ကနေ သုံးသောင်းလောက်အထိ ရှိနေတယ်။
တချို့ကြတော့ ထိထိရောက်ရောက်နဲ့ ပို့ပေးတာ ရှိသလို၊ တချို့ကလည်း ကျွန်တော်တို့ တွေ့ပါလိမ့်မယ်။ ပြီးခဲ့တဲ့ လေး၊ ငါး၊ ခြောက်လကဆိုရင် နေတိုင်းရာနဲ့ရှိပြီးတော့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေဟာ အဖမ်းခံနေရရပါတယ်။ ဘာအခက်အခဲတွေ ရှိလာလည်းဆိုရင် အမျိုးသမီးငယ်တွေ လူအခွင့်အရေးချိုးဖောက်ခံရတာတွေ၊ မုဒိန်းကျင့်ခံရတာတွေ့ ရှိတယ်။ နောင်လည်း ဒီလိုကိစ္စတွေ ဖြစ်လာမှာကို စိုးရိမ်ပါတယ်။ လူကုန်းကူးမှုပြသာနာတွေလည်း ရင်ဆိုင်ရနိုင်တယ်။ ရင်ဆိုင်နေရတာလည်း ရှိတယ်။ တချို့က ရိုးရိုးသားသားလုပ်ချင်တဲ့ လုပ်ငန်းတွေဆီ ပို့တာ မဟုတ်ဘဲနဲ့ အဓိကအားဖြင့် ပင်လယ်ငါးဖမ်းလုပ်ငန်းတွေမှာ ကျေးကျွန်သဖွယ်လုပ်ဖို့ ပို့တာတွေ ခံရနိုင်ပါတယ်။ အဖမ်းခံထိရင်တော့ မြန်မာပြည်ကို ပြန်ပို့ခံရမှာဖြစ်တယ်။
MLN – ဟုတ်ကဲ့ဆရာ ဆက်ပြောပါဦး။
ဦးထူးချစ် - အရင်ကဆိုရင် မိဘတွေက လုပ်ကိုင်စားသောက်လို့ရတယ်ဆိုရင် သားသမီးကို နိုင်ငံခြားကို မသွားစေချင်ဘူး။ အခုက ဘာဖြစ်လာသလဲဆိုရင် အစီရင်ခံစာလုပ်နေတဲ့ တွေ့ရှိချက်အရဆိုရင် သူတို့ကိုယ်တိုင်းက တွန်းအားပေးတယ်။ မရှိ၊ ရှိတာ ခြံရောင်း၊ အိမ်ရောင်း၊ ခြံပေါင်၊ အိမ်ပေါင်နဲ့ပါ အတင်းသွားခိုင်းတာရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်လက်မဲ့နဲ့ အလုပ်အကိုင်ရှားပါးမှု၊ နေ့စားလုပ်အားခနည်းမှုက အဓိက ပြဿနာမဟုတ်ဘူး။ အခုကျတော့ နိုင်ငံရေးအရ ဖမ်းတယ်၊ ဆီးတယ်၊ ထောင်ချတယ်။ ဒါကြောင့်မို့လို သူတို့ရဲ့ မိဘတွေက စိုးရိမ်တယ်။ ဒါတွေဟာ နိုင်ငံခြားကို သွားလုပ်ဖို့ မိဘတွေရဲ့ တွန်းအားတွေဖြစ်တယ်။
MLN - လက်ရှိမြန်မာအာဏာပိုင်တွေအနေနဲ့ ဘာတွေဆောင်ရွက်ပေးသင့်ပါသလဲ။
ဦးထူးချစ် - အဓိက ဆောင်ရွက်ရမှာက မြန်မာနိုင်ငံဟာ ရွေ့ပြောင်းအလုပ်သမားတွေ အများကြီးသွားတယ်။ အရင်က သတ်မှတ်ချက်ဆိုရင် နိုင်ငံတကာကို ရောက်နေတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားအနည်းဆုံး (၁၀)သန်း ဝန်ကျင်ခန့်လို့ ခန့်မှန်းထားတယ်။ သုတေသနလုပ်ထားတာတော့ မရှိဘူး။ အခုဆိုရင် ပိုများလာဖို့ပဲ ရှိတယ်။ ဘယ်အစိုးရပဲဖြစ်ဖြစ် လုပ်သင့်တာက ရွေ့ပြောင်းအလုပ်သမားတွေ နိုင်ငံခြားထွက်တော့မယ်ဆိုရင် သူတို့ကို အသိပညာပေးတဲ့ လုပ်ငန်းတွေ လုပ်ရမယ်။ ကိုယ်သွားမယ့်နိုင်ငံရဲ့ ဥပဒေ၊ ကျင့်သုံးနေတဲ့ အလုပ်သမားအခွင့်အရေးတွေ၊ လျော်ကြေးရပိုင်ခွင့်တွေ၊ လူမှုဖူလုံရေးအကျိုးခံစားခွင့်တွေ သူတို့ သိကို သိရမယ်။ အစိုးရဟာ ကြပ်ကြပ်မတ်မတ်ပညာပေးလုပ်ငန်းတွေ လုပ်ရမယ်။ ပြည်ပကို အလုပ်သမားပို့နေတဲ့ အေဂျင်စီတွေကိုလည်း စနစ်တကျနဲ့ ကြပ်မတ်သင့်ပါတယ်။ ကိုယ့်နိုင်ငံသားတွေ ရှိတဲ့ နိုင်ငံမှာ အလုပ်သမားသံအရာရှိတွေကိုလည်း တစ်စုံတစ်ရာလုပ်ပိုင်ခွင့် ပေးပြီးတော့ ကွင်းဆင်းပြီးတော့ အလုပ်သမားတွေရဲ့ အခက်အခဲတွေ ဘာတွေ ရှိလဲဆိုတာဆောင်ရွက်ပေးသင့်တယ်။
MLN - ဒီကာလက အုံနဲ့ကျင်းနဲ့ တရားမဝင်သွားနေကြတာဆိုတော့ ထိုင်းနိုင်ငံမှာ တရားမဝင်ရွေ့ပြောင်း အလုပ်သမား တွေ ဘယ်လောက်ရှိပါသလဲ။
ဦးထူးချစ် - အထောက်အထားတွေနဲ့ တရားဝင်နေထိုင်တဲ့ သူတွေ အဒါကတော့ ၂ သန်းခန့် ရှိတယ်လို့ ပြောတယ်။ အထောက်အထားမဲ့ရွေ့ပြောင်းအလုပ်သမားတွေကလည်း ၂သန်း ပတ်ချာလည်လောက်ရှိတယ်လို့ ကျွန်တော်တို့ ဒီဘက်မှာ လုပ်တဲ့ အဖွဲ့အစည်းတွေက ခန့်မှန်းထားတယ်။အခုဆိုရင်တော့ ဒီထက်ပိုများပြီလို့ သတ်မှတ်လို့ရတယ်။ ပြီးခဲ့တဲ့နှစ်က ထိုင်းအစိုးရက ပြန်ဖမ်းပို့တဲ့ ခြုံပြောထားတာက တရားမဝင်နိုင်ငံခြားရွေ့ပြောင်းအလုပ်သမား ၉၀ရာခိုင်နှုန်းကျော်၊ ရှစ်သောင်းနီးပါးကက မြန်မာတွေဖြစ်တယ်။ ဖမ်းမိတယ်ဆိုတာကလည်း ဆယ်ဆ တစ်ဆလောက်ပဲ ဖမ်းမိမယ် ထင်ပါတယ်။ ဒီတော့ အထောက်အထားတော့ မရှိဘူး။ တရားမဝင်လာနေတာကတော့ အရမ်းပိုများလာတယ်လို့ ပြောလို့ရတယ်။
MLN - ဒီတော့ ထိုင်းနိုင်ငံကို တရားမဝင်လာရောက်လုပ်ကိုင်နေကြတဲ့ ပြည်သူတွေကို ဘာများ ပြောချင်ပါသလဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ လာသင့်တယ်လို့ အကြံပြုချင်ပါလဲ၊
ဦးထူးချစ် - မြန်မာနိုင်ငံက လူငယ်လူရွယ်တွေဟာ အရင်ကထက် ပိုပြီးတော့ ထွက်လာကြဦးမယ်။ အများဆုံးက ထိုင်းကို လာကြတယ်။ ထိုင်းကို လာမယ်ဆိုရင် ပထမတစ်ချက် ပုံစံတစ်ခုနဲ့ တရားဝင်လာနိုင်အောင် ကြိုးစားပါ။ ရှေ့လဆိုရင် MoU နဲ့ တရားဝင်ဖွင့်တော့မယ် ကြားတယ်။ တရားဝင်အေဂျင်စီတွေနဲ့ ဆက်သွယ်ပြီး လာသင့်တယ်။ ပြီရင် ကိုယ်ဝါသနာပါရာကို ရွေးချယ်ပြီး လာနိုင်အောင် ကြိုးစားပါ။ ရေရှည်မှာ မြန်မာနိုင်ငံမှာ ပြန်လုပ်စားလို့ဖြစ်မယ့် အလုပ်မျိုးကို ပညာတစ်ခုခုနဲ့ ငွေကြေးရတာမျိုုးလုပ်စေချင်တယ်။ ထိုင်းနိုင်ငံရဲ့ ယဉ်းကျေးမှုကိုလည်း ကြိုလေ့လာစေချင်ပါတယ်။ အခက်အခဲတစ်စုံတစ်ရာရှိလာရင်လည်း ဘယ်လူ၊ ဘယ်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်ရမယ်ဆိုတာကို ကြိုလုပ်ထားကြပါ။
MLN - မြန်မာရွေ့ပြောင်းအလုပ်သမားတွေ တရားဝင်ရော၊ တရားမဝင်ရော သွားရောက်လုပ်ကိုင်ခြင်းခံရတဲ့ ထိုင်းနိုင်ငံအနေနဲ့ရော ဘာတွေ ပြုပြင်ဖို့ လိုအပ်ပါသလဲ။
ဦးထူးချင် - ထိုင်းအစိုးရဘက်ကတော့ မြန်မာနိုင်ငံက အစိုးရဌာနတွေထက် အလုပ်များကြီး ပိုလုပ်ပါတယ်။ တချို့အရာတွေ အလုပ်သမားအခွင့်အရေးကိစ္စတွေ၊ လူမှုဖူလုံးရေးကိစ္စတွေ ဒါတွေက ဆောင်ရွက်နေတယ်။ ဒါပေမဲ့ ထိုင်းအစိုးရအနေနဲ့ လုပ်သင့်တာက သူတို့ ချမှတ်ထားတဲ့ ပေါ်လစီတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို သက်ဆိုင်ရာ ဌာနဆိုင်ရာနဲ့ လုပ်ငန်းရှင်တွေကို လိုက်နာလား၊ မလိုက်နာလားဆိုတာ စောင့်ကြည့်အပြစ်ပေး၊ အရေးယူမှုတွေ လုပ်သင့်တယ်။
MLN - မြန်မာနိုင်ငံကနေ ထိုင်းကို သွားရောက်မှုတွေမှာ ဈေးနှုန်းတက်သွားတယ်ဆိုတော့ ဘယ်လိုတက်သွားလဲ ရှင်းပြပေးပါ။
ဦးထူးချစ် - အရင်ဆိုရင် မြဝတီကနေ မဲဆောက်ဆိုရင် ၅၀၀ ထက်ပိုပေးခဲ့ရတယ်လို့ မရှိခဲ့ဘူး။ အခုက အနည်းဆုံး ၃၀၀၀၊ ၄၀၀၀ ပေးရတယ်။ ဒါတွေက တရားမဝင် ဝင်ရောက်လာသူတွေ ပေးရတာကို ပြောတာပါ။ ကော့သောင်းကနေ ရနောင်ဘက်ကို ကူးတာ အရင်တုန်းကဆိုရင် ၁၀၀၀ ထက် မပိုဘူး။ အခုက အနည်းဆုံး ၅၀၀၀။ အရင်ကဆိုရင် နယ်စပ်ကနေ တရားမဝင်လာကြတဲ့ သူတွေဟာ ကိုယ်သွားမယ့် နယ်ပေါ် မူတည်ပြီးတော့ ဘတ် တစ်သောင်း၊ တစ်သောင်းခွဲထက် မပိုဖူးဘူး။ အခုဆိုရင်တော့ ကိုယ်သွားချင်တဲ့ နယ်ကို မူတည်ပြီးတော့ အနည်းဆုံး ဘတ် ၁၅၀၀၀ ကနေ ၃၀၀၀၀ အထိကို ပေးနေရတာ တွေ့ပါတယ်။
MLN - မြန်မာနိုင်ငံရဲ့ လက်ရှိ ရွေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ။
ဦးထူးချစ် - တိုင်းပြည်ရဲ့ အခြေအနေကြောင့် ရွေ့ပြောင်းအလုပ်သမားတွေဟာ နိုင်ငံခြားထွက်ပြီးတော့ လုပ်ကိုင်စားသောက်ရမှာဖြစ်တယ်။ ဒါကြောင့် ရွေ့ပြောင်းအလုပ်သမားတွေအနေနဲ့ မိမိသွားမယ့် နိုင်ငံ၊ မိမိလုပ်ရမယ့် အလုပ်အပေါ်မှာ တကယ်စိတ်ဝင်စားတဲ့ အလုပ်ကို ရွေးချယ်ပြီး မိမိအတွက် အသက်မွေးဝမ်းကျောင်းဖြစ်နိုင်တဲ့ နောင်လည်း ရေရှည်မှာ အသုံးပြုနိုင်တဲ့ လုပ်ငန်းတွေကို ရွေးချယ်ပြီးတော့ လုပ်ကိုင်သင့်တယ်လို့ ပြောချင်ပါတယ်။
MLN -ကျေးဇူးတင်ပါတယ်ခင်ဗျာ။