ဗျော့ကြီး မုန့်ရောင်းတဲ့ အချိန်က ဘာမှ သိပ်မကြာလိုက် ……..
စုစုပေါင်း ၅ လခန့်သာ ရောင်းလိုက်ရပါတယ်။
ကုန်ဈေးနှုန်းတွေ ကြီးမြင့်တာက ဗျော့ကြီးတို့လို တပိုင်တနိုင် လုပ်ကိုင်သူတွေ ပျောက်ကွယ်စေခဲ့တာပါ။
ဒီလို အခြေအနေက အလုပ်သမားတွေ မနက်ခင်းစာအတွက် ဈေးပေါပေါနဲ့ ရောင်းချတဲ့ မုန့်ဈေးဆိုင်ငယ်တွေ ဆက်မရောင်း နိုင်တော့ ဘဲ ရပ်တန့်ခဲ့ရပါတယ်။
တရားဝင် အိမ်ခြေ ငါးရာဝန်းကျင် ရှိတဲ့ ရပ်ကွက်ထဲမှာပဲ ဗျော့ကြီး မုန့်ရောင်းခဲ့တာပါ။ အိမ်ခြေ ငါးရာ ရှိတယ် ဆိုတာလည်း ဗျော့ကြီးက အမြဲ ဧည်စာရင်းတိုင်ရတော့ ရပ်ကွက်ရုံးက နံရံမှာ ချိတ်ထားတဲ့ ရပ်ကွက် မြေပုံကနေ သိခဲ့တာပါ။
တကယ်ဆို အိမ်ခြေလည်း အဲ့ထက် ဆယ်ဆမက၊ အဆောင်တွေလည်း အများအပြားရှိလို့ လူဦးရေ ထူထူထပ်ထပ် ရှိတဲ့ ရပ်ကွက်မှာ ဗျော့ကြီးတို့ နေတာပါ။ ဒီရပ်ကွက်မှာပဲ နေခဲ့တာ ၅ နှစ်ကျော် ရှိပြီ၊ လွန်ခဲ့တဲ့ သုံးလေးနှစ် ဗျော့ကြီး ခပ်ငယ်ငယ်အရွယ်ကဆို
ဧည်စာရင်းမတိုင်ခဲ့ရ၊ ရုံးလည်း မရောက်ခဲ့ ရဘူး။
ဗျော့ကြီးတို့ မိသားစု ၅ နှစ်အကြာနေနေတဲ့ ရပ်ကွက်က ရန်ကုန်မြို့က စက်မှုဇုန်တခု အနီးမှာပါ ။
စက်မှုဇုန် အနီးဆိုပေမဲ့ ကိုယ်ပိုင်အိမ်နဲ့တော့ မဟုတ်ပါ။ ၁၅ ပေ ပတ်လည် အခန်းကျယ်အရွယ် ခပ်ယိုင်ယိုင် သစ်ဝါးစပ် အိမ်ငယ်မှာ ကြပါတယ်။
အိမ်က မြေကွက်လွတ်ပေါ်မှာ ဖြစ်သလို ဆောက်ထားတဲ့ အိမ်ငယ်ပါ။
ရွာခံ (ဒေသခံ) တွေက လယ်ယာ လျှော်ကြေး မရကြတော့၊ အကွက် ရိုက်ထားတဲ့ မြေကွက်အလွတ်တွေမှာ ကျူးကျော်တဲတွေ ဆောက်ပြီး ဗျော့ကြီးတို့လို့ ရွှေ့ပြောင်းမိသားစုတွေကို ငှားရမ်းကြတာပါ။ အိမ်ထဲမှာ မိသားစုသုံးဦး အိပ်ဖို့ အိပ်စရာနေရာနဲ့ ပစ္စည်း အနည်းငယ်ထားလို့တော့ရပါတယ်။
တန်ဖိုးအကြီးဆုံး ပိုင်ဆိုင်မှုက ညီအငယ်နဲ့ သူ့အမေတို့ အသုံးပြုတဲ့ စက်ဘီးနှစ်စီးလည်း သူ့တို့ အိပ်စက်တဲ့ ခြေရင်းနေရာမှာ ထားပါတယ်။
အပေါ့အပါးသွားတဲ့နေရာက အမိုးမရှိဘူးလို့ ပြောနိုင်တဲ့ ခပ်ကျည်းကျဉ်းနေရာတခု ၊ အိမ်ရှေ့လမ်းပေါ် မှာပဲ ရေချိုး၊ ထမင်းချက်။ ညစာကို မိသားစုစုံပြီး ညစာစားတော့ သူတို့ အိပ်စက်မဲ့ နေရာမှာပါ။
ဗျော့ကြီး အသက်က ၁၄ နှစ်ကျော်၊ အရပ်က ၅ ပေ ၈ လက်မခန့်၊ အရပ်က ရှည်ရှည်။
ဆံပင်ချောင်းတွေက မဲနက် သန်ပြီးမာတော့ ခေါင်းပေါ်မှာ စူးချောင်းတွေထောင် နေလိုပါပဲ။
သူ့ဆံပင်နဲ့တူတာကတော့ သူမျက်ခုံး ကလည်း ဗျက်ကြီးကြီးနဲ့ မဲနက်နေပါတယ်။ အရပ်အမောင်းနဲ့ မျက်နှာသွင်ပြင်က ဆွဲဆောင်မှုရှိတဲ့ ဗျော့ကြီးရဲ့ အားနည်းချက်က မွေးရာပါ အကြော အားနည်းတဲ့ ရောဂါသည် တဦး ဖြစ်ပါတယ်။
ဒါပေမဲ့ ဗျော့ကြီးက သူကိုယ်တိုင် ရောဂါသည်လို့ မထင်ပါ။
လမ်းလျှောက်တိုင်း ခန္ဓာကိုယ်က ညာဘက်အခြမ်း လုံး အကြောဆွဲနေပြီး စောင်းနေပေမဲ့ သူ့က မနက်ပိုင်း တပိုင်း မုန့်ရောင်း ပါတယ်။ သာမာန်လူတွေလိုပဲ မိသားစုဝင်လို အိမ်မှုကိစ္စတွေမှာပါဝင် ကူညီသူပါ။
ဈေးမရောင်းခင်ကဆို မနက် ခပ်စောစော စားဆီအတွက် တန်းစီ ၊ တန်းစီပြီး နောက်မှာ တန်းစီသူ တချို့ရောက် လာရင် နေရာကို အပ်ထား၊ အိမ်ပြန်ကို ခဏ ပြန်လာ ပါတယ်။
အလုပ်သမား ဝန်ထမ်းတွေ ဖြစ်တဲ့ အမေ နဲ့ ညီ ဖြစ်သူအတွက် ထမင်းချက်ပေးပြီးမှ ၊ ဆီတန်းတဲ့ဆီ သူပြန်သွားပါတယ်။ ပြန်လာမှပဲ သူ့ရဲ့ ဝေရာဝစ္စ လုပ်ပါတယ်။
ဗုဒ္ဓဘာသာဝင် ဗျော့ကြီးအတွက ဝေရာဝစ္စဆိုတာက ထူးထူးခြားခြားမဟုတ်။ ကိုယ်လက် သန့်စင်ပြီး မနက်တိုင်း ဘုရားရှိခိုးပါတယ်။ နေ့လယ်ပိုင်း ထမင်းစားပြီးတိုင်း ရပ်ကွက်ထဲက ဘုန်းတော်ကြီးကျောင်းထဲ သွားထိုင်ပါတယ် ။
ဘုန်းတော်ကြီးတွေအတွက် ဝေရာဝစ္စတွေ လိုအပ်ရင် လုပ်ကိုင်ပေး ပါတယ်။
စားအုန်းဆီအတွက် နေ့တိုင်းတန်းစီတော့ ဗျော့ကြီး အသိသူငယ်ချင်းတွေ ရလာပါတယ်။ အဲဒီကနေ သူ ဈေးရောင်းဖို့ ဖြစ်လာတာပါ။
အခုနှစ် လပိုင်းမှာ မုန့်ဖက်ထုတ်ရောင်းဖို့ အသိတွေက တဆင့် သူ့ အဆက်အသွယ်ရပါတယ်။ မုန့်ဖက်ထုတ်ကို ကိုယ်တိုင် မလုပ်တတ် မလုပ်နိုင်တော့၊ အရန်သင့်ရောင်းဖို့ ထုတ်ပေးတဲ့သူတွေဆီက ဖောက်သည် ယူပါတယ်။
စစယူချင်း တထုတ်ကို ကျပ် ၂၀၀ နဲ့ ဖောက်သည်ယူပါတယ်။ မုန့်ဖက်ထုတ်ကို အိမ်ရှေ့အရောက် လာပို့ပါတယ်။ ရပ်ကွက်ထဲမှာ တမနက်ခင်းလောက် ဗျော့ကြီး မုန့် လိုက်ရောင်းပါတယ်။
ဗျော့ကြီးက မုန့်ဖက်ထုတ်ရောက်မလာခင် ဗျော့ကြီး အိပ်ယာထနေပါပြီ။ မနက် ၄ နာဆို သူ အိမ်ပြင်ထွက် သူဈေးလိုက်ရောင်းမဲ့ လမ်းကြောင်းတလျှောက် မေတ္တာသုတ် ရွက်ပါတယ်။ အိမ်အပြန်မှာ သူ့ဖောက်သည် ယူတဲ့ မုန်ဖက်ထုတ်က ရောက်ပါပြီ။
ဒီမှာ ဗျော့ကြီး ဈေးစရောင်းပါတယ်။
“မုန့်ဖတ်ထုတ် ပူပူလေး”
ဗျော့ကြီး အသံကလည်း အသံဩဇာ ကောင်းသူပါ။
လမ်းဖြတ်ထိပ်ကနေ အော်လိုက်တဲ့ မုန့်ဖက်ထုတ်ဆိုတဲ့ အသံက လမ်းအဆုံး အိမ်က ကြားနေရပါတယ်။ ကြော အားနည်းတဲ့ ခန္ဓာကိုယ် မသန်စွမ်းသူရဲ့အသံက သာမာန်လူလို မဟုတ်ပေမဲ့ ဗျော့ကြီး အသံကတော့ ရပ်ကွက်သူ ရပ်ကွက်သားတွေ နားလည်ပါတယ်။
အဖမဲ့ မိသားစု ၊ ယောက်ျားသားဆိုလို့ နှစ်ဦးတည်း ရှိတဲ့ မိသားစု ဖြစ်ပေမဲ့ သူတို့ မိသားစုက မျက်နှာမငယ်ကြပါ။ ဗျော့ကြီးက အလုပ်အတည်တကျမဟုတ်ပေမဲ့ ဈေးရောင်းတော့ ဝင်ငွေရှိပါတယ်။
ဗျော့ကြီး စားနိုင်သောက်နိုင်ပါတယ်။
သူ့ အိမ်အနီးအနားနဲ့ ဆီတန်းဖော် တန်းဖက်တွေထဲက မုန်းရောင်သူတွေက ဗျော့ကြီး ဖောက်သည်တွေပါ။
ဗျော့ကြီး ဈေးရောင်းပုံလည်း ကြည့်ပါ။
စစချင်း တရက်ကို မုန့်ဖက်ထုတ် ၂၀ စယူပါတယ်။ အဲ့ဒါတုန်းက ဖောက်သည်ဈေးက ၂၀၀ ပါ။ သူက ၃၀၀ ရောင်းပါတယ်။ ဈေးရောင်းအမြတ်က တရက် တထောင် ဗျော့ကြီးရပါတယ်။
ရတဲ့ နှစ်ထောင်နဲ့ မုန့်ဟင်းခါး၊ အကြော်၊ မုန့်အချိုတွေ စားနိုင်ခဲ့ပါတယ်။ ညနေ ဘုန်းတော်ကြီးကျောင်းက အပြန်မှာလည်း အစားအသောက် တချို့ စားသောက်နိုင်တယ်။
ဗျော့ကြီးက တပေခွဲလောက် ရှိတဲ့ ပလပ်စတစ် ဈေးခြင်းတောင်းငယ် ကိုင် ၊ အထဲမှာ မုန့်ဖက်ထုတ်တွေကို ပိတ်အဖြူနဲ့ သေချာ ထုတ်ပိုးထား၊ ဝယ်သူရှိပြီဆိုတာနဲ့ အထုတ်ဖြည်၊ အငွေ့တထောင်းထောင်းနဲ့ ပူပူနွေး မုန့်ဖက်ထုတ်တွေကို လူကြိုက်များ ဝယ်စားကြပါတယ်။ ဗျော့ကြီး အသံကြောင့်လည်း ဈေးသည် ကျော်သွားမှာ လည်း ရက်ကွက်သူ ရက်ကွက်သားများ မပူကြပါ ။
ဗျော့ကြီးအချိန်ဆိုပြီးတောင် ရပ်ကွက်ထဲက အလုပ်သမားတွေကြား ပြောကြတာရှိသေးတယ်။ ဗျော့ကြီးအချိန် ဆိုတာ မနက် ၅ နာရီနဲ့ ၆ နာရီကြားကို ပြောကြတာပါ။
ဗျော့ကြီး မေတ္တာသုတ်ရွက်လို့ ဈေးရောင်းကောင်းတာလား မသိ၊ အချိန်တိုအတွင်း မုန့်ဖက်ထုတ် တွေ အကုန်မြန် လို့ ၂၅ ထုတ်အထိ တိုးယူရပါတယ်။ ဒီနောက် ၃၀ က တနေ့ ၅၀ အထိ ရောင်းလာရတယ်။
ရပ်ကွက်သူရက်ကွက်သားတွေလည်း ဗျော့ကြီးကို အားပေးကြတယ်၊ ချစ်ကြပါတယ်။ ဗျော့ကြီး သက်တောင့် သက်သာ ရောင်းချနိုင်ဖို့ အလှူအတန်းအတွက် မုန့်ဖက်ထုတ်ကို အများအပြားမှာယူ အားပေးကြပါတယ်။
ဒီလိုနေ့ရက်တွေဆို ပုံမှန်ရောင်းချတဲ့ မုန့်ဖက်ထုတ်အရေအတွက် ဗျော့ကြီးက လျှော့မမှာပါ။ ပုံမှန်ရောင်းတဲ့ အရေအတွက်အတိုင်း ဗျော့ကြီး ရောင်းပါတယ်။
သူ့အနေနဲ့ တနေ့ အထုတ်တရာဝန်းကျင် ရောင်းလိုတာပါ။
မုန့်ဖက်ထုတ်တွေ အများအပြားရောင်းရသလို ဖောက်သည်ဈေးကလည်း တဖြည်းဖြည်း တက်လာတယ်။ ၂၀၀ ကနေ ၂၅၀ အထိ ဖြစ်လာတယ်။ အမြတ်က တထုတ်အတွက် ၅၀ လျော့သွားပါတယ်။ ဒါပေမဲ့ အရေအတွက် တိုးရောင်းရလာလို့ အမြတ် မထိခိုက်ခဲ့ပါ။
ဝင်ငွေတွေရှိတဲ့ ဗျော့ကြီးလည်း အမေနဲ့ ညီကို အပြန်ကို စောင့်မျှော်ရင်း တခြားမုန့်တွေ စိတ်ကြိုက် စားနိုင်ခဲ့ ပါတယ်။ ဒါ့အပြင် ထမင်းဟင်းတချို့ကို အမေနဲ့ ညီ တို့အတွက် ဝယ်ထားပေးနိုင်ပါတယ်။
ဒီလို အခြေအနေကနေ ပြီးခဲ့တဲ့ နှစ်လလောက်ကစပြီး အခြေအနေတွေက ပြောင်းပြန်တွေ ဖြစ်လာပါတယ်။ စားသောက်ကုန်မှန်သမျှ ဈေးတွေမြင့်တက်လာ။ ဆီဈေး ဆန်ဈေးသာမက ၊ မုန့်ဖက်ထုတ်မှာ ပါဝင်တဲ့ ကောက်ညှင်း၊ အုန်းသီး၊ သာကူ၊ သကြား ထက်ဝက်ခေါက်ချိုးမက မြင့်တက်လာပါတယ်။ ဒီအခြေအနေတွေ ဖြစ်လာတော့ မုန့်ဖက်ထုတ်ဖောက်သည်ဈေးက ၃၀၀ ကျပ်အထိ တိုးတောင်းပါတော့တယ်။
ဗျော့ကြီးအတွက် အခက်အခဲ ဖြစ်လာပါပြီ။
ဗျော့ကြီးက အမြတ်အနည်းအငယ်နဲ့ အင်အားစိုက်ထုတ် ရောင်းချသူပါ။ သူရောင်းတဲ့ မုန့်ဖက်ထုတ်မျိုး ကိုယ်တိုင် မလုပ်နိုင်တဲ့ အခြေအနေပါ။ ခန္ဓာကိုယ်မသန်စွမ်းသူအတွက် ပစ္စည်းထုတ်လုပ်ဖို့ဆိုတာ အခက်အခဲတွေရှိပါတယ်။ မိသားစုကလည်း ပုံမှန်ဝင်ငွေအတွက် ဗျော့ကြီးကို မကူညီနိုင်၊ အရင်းအနှီးလည်းများများ မရှိခဲ့ပါ။
တောင်းတဲ့ ဖောက်သည်ဈေးနဲ့ ဆို မုန့်ဖက်ထုတ် တထုတ်ကို ကျပ် ၃၅၀ ရောင်းရမှာ။ မုန့်ဖက်ထုတ်ဖောက်သည် ကလည်း ဈေးလျှော့ဖို့ မဖြစ်နိုင်။ အရည်သွေးလျှော့လည်း ကောင်းမှာ မဟုတ် ၊ အရွယ်အစားလျှော့ဖို့လည်း စရောင်းတည်းက ခပ်ငယ်ငယ်အရွယ်မို့ ဘယ်လိုမှမဖြစ်နိုင်။
ဗျော့ကြီးရောင်းမဲ့ မုန်ဖက်ထုတ်ဈေးကလည်း အလုပ်သမားတွေ၊ ရက်ကွက်သူ ရက်ကွက်သားတွေ စားဖို့လည်း အခက်အခဲတွေရှိနေ ပြန်တယ်။
ပဲပြုတ် တထုတ် ၅၀၀၊ အကြော်တခု ၃၀၀၊ မုန့်ဟင်းခါးတပွဲ ၁၃၀၀၊ အသုတ်တပွဲ ၁၀၀၀ ၊ ပလာတာ ၈၀၀၊ စမူဆာ တခု ၃၀၀၊ အီကြာကွေးနဲ့ နံပြားက ၅၀၀ ဆိုတာတွေလည်း မိသားစုတွေအတွက် ရွေးချယ်ခွင့်တွေ နည်းပါးလာပါတယ်။
မိသားစုတွေကတော့ အများ စားနိုင်တဲ့ မနက်စာကိုပဲ ရွေးချယ်နေရတဲ့ အခြေအနေ ဖြစ်လာပါတယ်။
အများက ဗျော့ကြီးရဲ့ မုန့်ဖက်ထုတ် ဘက်ကို မလှည့်နိုင်တော့၊ ဗျော့ကြီး ဈေးရောင်းဖို့ ခက်လာ ပါတယ်။
ဗျော့ကြီး မုန့်ဖက်ထုတ် ၂၀ ကို ကျပ် ၃၅၀ နဲ့ စမ်းရောင်းပါတယ်။ ဝယ်သူလည်း နည်းနည်း လာပါတယ်။ ဗျော့ကြီးလည်း အိမ်ကို မနက် ၉ နာရီမှ ပြန်ရောက်ပါတယ်။
တရက်လည်း မဟုတ် ၊ နှစ်ရက်လည်း မဟုတ်တော့ပါ။ ဝင်ငွေပါ ထိခိုက်လာ၊ ဖောက်သည်အတွက် အိပ်စိုက်ရ ဈေးရောင်းပေးရသလို ဖြစ်လာပါတယ်။
မိုးရေထဲ မိုးမိလေမိနဲ့ မို့၊ ကျန်းမာရေးပါ ထိခိုက်လာပါတယ်။
နောက်ဆုံး ဈေးမရောင်းရေး ဗျော့ကြီးအမေကပဲ ဆုံးဖြတ်ပေးလိုက်ပါတယ်။
မေးသူတိုင်းကို ဗျော့ကြီး ဖြေရတာက...။
ဗျော့ကြီး မုန့်မရောင်းတော့ပါဗျား ...။