ဆရာကောင်းတပည့် ပန်းကောင်းပန်လို့ပဲ ပြောရမလား၊ ဆရာထက် တပည့်က လက်စောင်းထက်တယ်လို့ပဲ ဆိုရမလားမသိတော့ပါ။ ဒီကနေ့ မြန်မာပြည်သူတွေဟာ မတရားမှုကို ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ကြတဲ့ အဓမ္မဝါဒီ စစ်အာဏာရှင်တွေကို ရင်ဆိုင်ရတဲ့အခါ ကြောက်ရွံ့ခြင်းမှ ကင်းဝေးခြင်းနဲ့ပတ်သက်ရင် ကမ္ဘာက စံထားရတဲ့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ထက်ကို ပိုမိုရဲရင့်စွာ သေမင်းတမန်ကျည်ဆန်တွေ ထွက်လာနေတဲ့ မောင်းပြန်သေနတ်ပြောင်းဝတွေ ရှေ့ကို ရဲရဲရင့်ရင့် တိုးဝင်လို့ ဒီမိုကရေစီမကိုဋ်ပန်းကို လှမ်းဆွတ်ချူနေကြပါပြီ။
မြန်မာပြည်သူတို့ရဲ့ အရဲရင့်ဆုံးခေါင်းဆောင်ကောင်းတဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှန်တရားကို စောင့်ရှောက်ရာမှာ၊ အဖိနှိပ်ခံပြည်သူတွေဘက်က ရပ်တည်ရာမှာ ဘယ်သောအခါမှ အဓမ္မဝါဒီအကြမ်းဖက် ဖက်ဆစ်စစ်အခွင့်ထူးခံ ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံရင်ဆိုင်ရာမှာ ၁၉၈၈ ခုနှစ်ကစပြီး အခုအချိန်ထိ ဘယ်သောအခါမှ အလျှော့မပေး ဦးမညွှတ်၊ လက်မမြှောက် ဒူးမထောက်ခဲ့တာ မြန်မာသာမက ကမ္ဘာကပါ သိကြပါတယ်။
ပြီးခဲ့တဲ့ အတိတ်သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ၁၉၈၈ ခုနှစ် မတ်လကုန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့မိခင် ဒေါ်ခင်ကြည်မှာ လေဖြတ်ရောဂါ ခံစားနေတာကို ပြုစုဖို့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။
အဲဒီအချိန်မှာ ဆိုရှယ်လစ်မျက်နှာဖုံးစွပ်ထားတဲ့ စစ်အာဏာရှင်စနစ်ကို မြန်မာပြည်သူလူထုက ဆန့်ကျင်တော်လှန်လာမှုနဲ့ အချိန်ကိုက်ဖြစ်လာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဟာလည်း နိုင်ငံရေးသမားတွေ ပြည်သူတွေ အားကိုးတကြီး ဝင်ထွက်သွားလာ စုဝေးရာနေရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ စက်တင်ဘာ ၁၈ ရက်မှာ ရက်ပေါင်း ၄၀ ကျော်ကြာမြင့်ခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးကို စစ်တပ်က လက်နက်နဲ့ အကြမ်းဖက် ဖြိုခွင်းပြီး စစ်အာဏာသိမ်းယူခဲ့ပါတယ်။
နာမကျန်းတဲ့ မိခင်ကြီးကို ပြုစုကျေးဇူးဆပ်ဖို့ မြန်ုမာနိုင်ငံကို ပြန်လာခဲ့ရင်း ပြည်သူလူထု ခါးသီးစွာ ခံစားနေရတဲ့ ဒုက္ခဆင်းရဲနဲ့ စစ်အာဏာရှင်တွေရဲ့ ဆိုးဝါးယုတ်မာမှုတွေ မျက်ဝါးထင်ထင် တွေ့ရတဲ့အခါမှာတော့ လက်သည်းဆိတ်တော့ လက်ထိပ်နာဆိုသလို ပြည်သူတွေနဲ့အတူ လက်တွဲရုန်းကန်ဖို့ မြန်မာ့နိုင်ငံရေးမှာ ခြေစုံပစ်ဝင်ပြီး စစ်မိစ္ဆာအာဏာရှင် ပင်လယ်မည်းထဲကို ခုန်ချလို့ ဒီမိုကရစီကမ်းခြေရောက်ဖို့ ပြည်သူတွေနဲ့အတူ စတင်ကူးခတ်ခဲ့ပါတော့တယ်။
၁၉၈၈ ခုနှစ် စက်တင်ဘာ ၂၇ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တခြားသော နိုင်ငံရေးအစဥ်အလာရှိတဲ့ပုဂ္ဂိုလ် ၁၁ ဦးနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်က အထွေထွေအတွင်းရေးမှူးအဖြစ် ပါဝင်ခဲ့ပြီး စတင်ဖွဲ့စည်းခဲ့ပါတယ်။ စက်တင်ဘာ ၃၀ ရက်မှာ ပါတီကို ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ခဲ့ပြီးတဲ့နောက် အောက်တိုဘာ ၃ ရက်မှာ ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်အမှတ် (၃) နဲ့ နိုင်ငံရေးပါတီအဖြစ် အတည်ပြု ကြေညာခဲ့ပါတယ်။
၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချစ်လှစွာသော မိခင်ကြီး မဟာသီရိသုဓမ္မဒေါ်ခင်ကြည်ဟာ ရန်ကုန်မြို့က တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ မှာ ကွယ်လွန်ခဲ့ပါတယ်။
၁၉၈၉ ခုနှစ် ဇူလိုင် ၂၀ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (န၀တ) အမည်ခံစစ်အစိုးရက နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေ ပုဒ်မ ၁၀(ခ) ကို အသုံးချလို့ နေအိမ်မှာ တားဆီးမိန့်ထုတ်ပြန်ပြီး ချုပ်နှောင်ခဲ့ပါတယ်။
ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရစဉ် အတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ကြေညာခဲ့ပါတယ်။
ဒါပေမဲ့လည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တဖြစ်လဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို ကိုယ်စားပြုတဲ့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်ဖို့ အဆိုပြုထားခြင်းခံရသူ ဦးလဘန်ဂရောင်ကနေ ကန့်ကွက်လွှာ တင်သွင်းခဲ့တာကြောင့် ရန်ကုန်တိုင်း ရွေးချယ်တင်မြောက်ပွဲကျင်းပရေးကော်မရှင်က လက်ခံစစ်ဆေးပြီး ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀(င) ဖြင့် ငြိစွန်းတယ်လို့ဆိုပြီး အမည်စာရင်း တင်သွင်းလွှာကို ပယ်ချခဲ့တာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရခဲ့ပါဘူး။
သူ့ကို နိုင်ငံတွင်းမှ ထွက်ခွာမယ်ဆိုရင် နေအိမ်အချုပ်အနှောင်မှ လွတ်မြောက်ခွင့်ပေးမယ်လို့ စစ်အစိုးရက ကမ်းလှမ်းခဲ့ပေမဲ့လည်း မြန်မာပြည်သို့ ပြန်လည်နေထိုင်ခွင့် မရမှာကို သိတဲ့ ဒေါ်အောင်ဆန်းစုကြည်က ငြင်းပယ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေကို စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ဖို့ နိုင်ငံရေး လှုပ်ရှားမှုတွေ ကြောင့် ၂၁ နှစ်အတွင်းမှာ ၁၅ နှစ်အထိ နေအိမ်အကျယ်ချုပ် ကျခံခဲ့ရပါတယ်။
နေအိမ် အကျယ်ချုပ်ကာလအတွင်းမှာ စစ်အစိုးရထံကနေ စားနပ်ရိက္ခာနဲ့ တခြားထောက်ပံ့မှုတွေကို လုံးဝ လက်မခံခဲ့ပါဘူး။၊ ဒေါ်အောင်ဆန်းစုကြည်မှာ ပိုက်ဆံအနည်းငယ်သာ ရှိတာကြောင့် ကိုယ်ပိုင်ပရိဘောဂတွေကို ရောင်းချလို့ရတဲ့ ငွေကြေးကို အသုံးပြုခဲ့ရပါတယ်။ အစားအသောက် မလုံလောက်တဲ့အချိန်တွေလည်း ရှိခဲ့ပြီး ဆံပင်တွေကျွတ်၊ အိပ်ရာမှပင်မထနိုင်ဘဲ အင်အားချို့တဲ့ခဲ့ရတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။
၁၉၉၇ ခုနှစ်မှာ ဆီးကျိတ်ရောဂါနဲ့ စတင်နာမကျန်းဖြစ်ခဲ့ပြီး၊ ကုသမရတဲ့အဆင့်ကို ရောက်ရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခင်ပွန်း ဒေါက်တာမိုက်ကယ်အဲရစ်ကို မြန်မာစစ်အစိုးရက ပြည်ဝင်ခွင့်ဗီဇာ မပေးခဲ့ပါဘူး။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်နေတဲ့အချိန် ဖြစ်တာကြောင့် ခင်ပွန်းရှိရာ အင်္ဂလန်ကို သွားရောက်တွေ့ဆုံနိုင်ပေမဲ့လည်း၊ စစ်အစိုးရက သူ မြန်မာနိုင်ငံက ထွက်ခွာရင် ပြန်လည်ဝင်ရောက်ခွင့်မပြုဘူးလို့ အကြပ်ကိုင်ထားခဲ့တာမို့ ခင်ပွန်း ဆုံးပါးခဲ့တာတောင် မသွားရောက်နိုင်ခဲ့ပါဘူး။
ဒီဆောင်းပါးမှာ အဓိကပြောချင်တာက လူထုခေါင်းဆောင်ဟာ နိုင်ငံနဲ့ ပြည်သူအတွက် အမှန်တရားကို စောင့်ရှောက်ရာမှာ၊ စစ်အာဏာရှင်တွေပေးတဲ့ လူသားချင်းစာနာစိတ် ကင်းမဲ့စွာ အငြိုးတကြီး နှိပ်ကွပ်ရက်စက်မှုတွေ၊ ခါးသီးတဲ့ ဆင်းရဲဒုက္ခမျိုးစုံကို ခါးစည်းခံခဲ့ရပေမဲ့ ဘယ်သောအခါမှ အလျှော့မပေးခဲ့၊ မတရားအနိုင်ကျင့်တဲ့ စစ်ဗိုလ်ချုပ်တွေကို ဒူးမထောက်၊ လက်မမြှောက် အသနားမခံခဲ့ဘဲ ယုံကြည်ရာကို ပြတ်ပြတ်သားသား ဆက်လျှောက်ခဲ့တာကို ပြောချင်တာပါ။
အဂတိတရား ၄ ပါးက ကင်းမဲ့ပြီး ကြောက်ရွံ့ခြင်းက ကင်းဝေးရေးနဲ့ပတ်သက်ရင် ကမ္ဘာက စံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း တခါတုန်းက ပြောခဲ့ပါတယ်။ “ကျွန်မခန္ဓာကိုယ်ရဲ့ အကောင်းဆုံးအစိတ်အပိုင်းက ဒူးနှစ်ဘက်ပါဘဲ။ ဘယ်တော့မှ မထောက်ဘူး” ဆိုတဲ့စကားဟာ သူ့ရဲ့ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ လက်တွေ့ ကိုက်ညီတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒီကနေ့ ကမ္ဘာမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ရမ်းကားရက်စက်စွာ ကြောက်မက်ဖွယ် ကျူးလွန်နေတဲ့ ဖက်ဆစ်စစ်ဘီလူးတွေရဲ့ လက်ရဲဇက်ရဲ ဖမ်းဆီးညှဉ်းပန်း ပစ်ခတ် သတ်ဖြတ်တာကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူလူထုဟာလည်း ရှေ့ဆောင်လမ်းပြတဲ့ သူတို့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လိုပဲ စစ်အာဏာရှင်တွေရဲ့ ဘယ်လောက် ရက်စက်ယုတ်မာမှုတွေနဲ့ကြုံကြုံ အလျှော့မပေးခဲ့ကြပါဘူး။
ဖေဖော်ဝါရီ ၁ ရက်နေ့က စရေတွက်ရင် ပြည်သူအလိုမတူဘဲ စစ်ဘီလူးတွေ နိုင်ငံတော်အာဏာ လုယူခဲ့တာ ရက်ပေါင်း ၃၀၀ ကျော်ခဲ့ပေမဲ့ ဘယ်တော့မှ အုပ်ချုပ်လို့ မရစေရလို့ ရဲရဲရင့်ရင့်ကြွေးကြော်ပြီး တစ်ရက်တောင်မပျက်ကွက်ဘဲ ဆက်လက်ဆန့်ကျင်နေကြတာဟာ ကမ္ဘာမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။
ဒါကြောင့် ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် နိုင်ငံသူနိုင်ငံသားတွေရဲ့ ဦးခေါင်း ကိုတည့်တည့်ချိန်ပစ်၊ မနက်လာဖမ်း ညနေ အလောင်းလာယူခိုင်း၊ နိုင်ငံရေးမှာ လှုပ်ရှားသူတွေဆိုရင် အိမ်တွေ မီးရှို့ ချိပ်ပိတ်၊ ဘဝတွေ ဖျက်ဆီးလို့ ကမ်းကုန်အောင် ရက်စက်ယုတ်မာနေကြတဲ့ ဖက်ဆစ်မိစ္ဆာ စစ်အာဏာရူးတအုပ်ကို နည်းနည်းမှ နောက်မတွန့်ကြဘဲ ရဲရင့်စွာ ဆန့်ကျင်တော်လှန်နေကြတဲ့ မြန်မာပြည်သူတွေမှာ သူတို့ ချစ်ခင်လေးစားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မကွေးညွှတ်တဲ့ ဒူးတစ်စုံဟာ ကူးထုံသွားခဲ့ပြီလို့ တိတိကျကျ ဆိုနိုင်ပါတယ်။
ရှေ့သွားနောက်လိုက်ညီတဲ့ လူထုခေါင်းဆောင်နဲ့ နောက်လိုက် ပြည်သူတွေရှိတဲ့ မြန်မာနိုင်ငံမှာ မီးစာကုန်ဆီခန်းနေတဲ့ စစ်အာဏာရှင်စနစ် ရှင်သန်နိုင်စရာ အကြောင်းလုံးဝမရှိတော့တာမို့ ဖက်ဒရယ်ပြည်ထောင်စုဒီမိုကရေစီနိုင်ငံတော်သစ်ဟာ မကြာခင် ပေါ်ထွန်းကမ္ပည်းထိုးတော့မှာ မုချ ဖြစ်ပါကြောင်း။
မင်းကောင်းချစ်