ARTICLE

နိုင်ငံခြားငွေရရှိရေး ဘီလူးဆိုင်းတီးလာတဲ့ စစ်ကောင်စီ

CoverLogo
53 Views

အာဏာသိမ်း စစ်ကောင်စီချုပ်ကိုင်ထားတဲ့ အလုပ်သမားဝန်ကြီးဌာနဟာ စစ်ကောင်စီရဲ့  နိုင်ငံခြားငွေ လိုအပ်ချက် ဖြည့်တင်းရေး အသည်းအသန် ကြိုးစား အားထုတ်နေပါတယ်။

ပြည်ပမှာ သွားရောက်လုပ်ကိုင်တဲ့အလုပ်သမားတွေရဲ့လစာဝင်ငွေထဲက (၂၅) ရာခိုင်နှုန်းကို တရားဝင်ဘဏ်တွေကတစ်ဆင့် မိသားစုကို ပြန်လွှဲဖို့  အလုပ်သမားတွေကို အတင်းအကျပ် ဖိအားပေးသလို အေဂျင်စီ တွေကိုလည်း ဖိအားပေးဆိုင်းငံ့တာလုပ်ဆောင်လာပါတယ်။

အလုပ်သမားဝန်ကြီးဌာနဟာ ဒီအစီအစဉ်ကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လကတည်းက စတင်လုပ်ဆောင်တော့မယ်လို့ သတင်းဌာနတစ်ချို့မှာ  ဖြေကြားတာတွေ ရှိခဲ့ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနရဲ့ လုပ်ဆောင်ချက်တွေ ခုထိတော့ အောင်မြင်မှု မရှိသေးတာကိုတွေ့မြင်ရပါတယ်။

ပြည်ပရောက် အလုပ်သမားတွေဆီက လုပ်ခလစာရဲ့ (၂၅) ရာခိုင်နှုန်းကို တရားဝင် လွှဲပြောင်းပေးဖို့နဲ့ အခွန် ၂ ရာခိုင်နှုန်း ဆောင်ဖို့အတွက် ဖိအားပေးတာတွေကို ဆက်တိုက်လုပ်ဆောင်ရာမှာ ညွှန်ကြားချက်တိုင်း မလုပ်ဆောင်သူကို သံရုံးတွေကလုပ်ဆောင်ပေးရမယ့် လုပ်ငန်းစဉ်တွေကို မလုပ်ပေးတာနဲ့ ပြည်တွင်းကို ပြန်လည် ဝင်ရောက်လာရင် ပြည်ပထွက်ခွာဖို့ ပိတ်ပင်တာတွေ လုပ်ဆောင်မယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။  

အဆုံးဆုံးအနေနဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းမတိုးပေးတော့တာ၊ OWIC ကတ် မလုပ်ပေးတာနဲ့ ပြည်ပအလုပ်နဲ့ထွက်ခွာမှုတွေကိုပါ ပိတ်ပင်မယ်လို့ ဩဂုတ် ၂၈ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာ ကိုပါ ထုတ်ပြန်ခဲ့ပါတယ်။ 

ပြည်ပကနေ ခွင့်နဲ့ ပြန်လာတဲ့ အလုပ်သမားတွေ  အနေနဲ့လည်း ပြည်ပအလုပ်အကိုင်သက်သေခံကတ်ပြား(OWIC ) ပြုလုပ်လိုပါက ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ဝင်ငွေခွန်ပေးဆောင်ထားတဲ့ အထောက်အထား၊ မိမိလစာရဲ့ ၂၅ ရာခိုင်နှုန်း ကို မိသားစု ထံ တရားဝင် ငွေလွှဲထားတဲ့ အထောက် အထား ပါရှိ မှသာ OWIC ကတ် ထုတ်ပေးမယ်လို့လည်း  အလုပ်သမားဝန်ကြီးဌာနက အသိပေးထားပါတယ်။

ပြည်ပအလုပ်အကိုင်သက်သေခံကတ်ပြား(OWIC ) မှာ ပြည်ပကိုတရားဝင်သွားရောက် လုပ်ကိုင်သူ အားလုံး လျှောက်ထားရတဲ့ ကတ်ဖြစ်ကာ သက်တမ်းမှာ ငါးနှစ်ရှိကြောင်း  နိုင်ငံကူးလက်မှတ် PJအမျိုးအစားကိုင်ထားသူများအနေဖြင့် ပြည်ပသို အလုပ်သွားရောက်လုပ်သည့်အခါ အဆိုပါ OWICကတ် မပြနိုင်ပါက ထွက်ခွာခွင့် မပြုဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ဝန်ကြီးဌာနက ခြိမ်းခြောက်ပြောဆိုမှုတွေကို အလုပ်သမားတွေကလည်း လိုက်နာမှု မရှိသလောက် ဖြစ်နေပြီး တရားဝင်ငွေလွှဲရေး အစီအစဉ်ကလည်း အသက်မဝင်သလို ဖြစ်နေပါတယ်။

ဒါပေမယ့် အလုပ်သမားဝန်ကြီးဌာနကတော့ ပြည်ပကို အလုပ်သွားလုပ်မယ့်သူတွေကို လစာလွှဲဖို့ အသိပညာ ပေးတာ၊ လုပ်သားစေလွှတ်တဲ့ အေဂျင်စီတွေနေတစ်ဆင့် ဖိအားပေးဖို့ ပြောဆိုတာနဲ့ ပြည်ပကအလုပ်သမားတွေ ကို ခြိမ်းခြောက်တာတွေပဲ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေမှုကြောင့် ပြည်ပရွှေ့ပြောင်းလုပ်သားတွေကြား စိတ် အနှောင့်အယှက် ဖြစ်နေပါတယ်။

ပြည်ပရွှေ့ပြောင်းလုပ်သားတွေကို  ဖိအားပေး တာတွေ လုပ်ဆောင်နေပေမယ့် မအောင်မြင်တာကြောင့် လက်ရှိမှာတော့ အေဂျင်စီတွေကို ဖိအားပေးတဲ့ဘက်ကို မျှားဦးလှည့်နေပါတယ်။

ပြည်ပကို အလုပ်သမားစေလွှတ်နေတဲ့ အေဂျင်စီတွေအနေနဲ့ စေလွှတ်ထားတဲ့ အလုပ်သမားရဲ့ မိသားစုထံ လွှဲပို့ငွေ ၂၅ ရာခိုင်နှုန်း တင်ပြနိုင်ခြင်းမရှိတဲ့ အေဂျင်စီ ၁၀၀ ကျော်ကို အလုပ်ခေါ်စာအသစ် တင်ပြခွင့်ဆိုင်းငံ့ထားပါတယ်။

ပြည်ပကို လုပ်သားစေလွှတ်ထားတဲ့ အေဂျင်စီတွေအနေနဲ့ အဲဒီအလုပ်သမားတွေရဲ့ မိသားစုကို တရားဝင်ငွေလွှဲပို့တဲ့ အထောက်အထားမတင်ပြနိုင်ရင် အရေးယူခံရမယ်လို့ လည်းစစ်ကောင်စီက သတင်းထုတ်ပြန် ထားပါတယ်။

ပြည်ပနိုင်ငံတွေကို ထွက်ခွာလုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေရဲ့လစာထဲက ၂၅ ရာခိုင်နှုန်းကို မိသားစုဆီကို လွှဲပို့ပေးထားတဲ့ပြေစာနဲ့  တရားဝင်ဘဏ်တွေကနေ လွှဲပို့ထားတဲ့ အထောက်အထားတွေ ကို  စေလွှတ်လိုက်တဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက လစဉ်တင်ပြဖို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားထားတာဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ် စက်တင်ဘာလကနေ  ဒီဇင်ဘာလအထိ အလုပ်သမား အယောက် ၅၀နဲ့ အထက် စေလွှတ်ခဲ့တဲ့ အေဂျင်စီတွေဟာ အဲဒီအလုပ်သမားတွေရဲ့ မိသားစုဆီ ငွေပေးပို့ငွေစာရင်းနဲ့ ငွေလွှဲပို့တဲ့အထောက်အထား ကို ဇွန်လကစတင်ပြီး လစဉ် လဆန်း၅ရက်ထက် နောက်မကျဘဲ အလုပ်သမားဝန်ကြီးဌာနကို စာရင်းပေးပို့ဖို့ ညွှန်ကြားထားတာပါ။

၂၀၂၃ စက်တင်ဘာလထဲမှာ အေဂျင်စီ ၆၅ ခု၊ အောက်တိုဘာလထဲမှာ အေဂျင်စီ ၇၈ ခု၊ နိုဝင်ဘာလထဲမှာ အေဂျင်စီ ၈၃ ခုနဲ့ ဒီဇင်ဘာလထဲမှာ အေဂျင်စီ  ၅၆ ခုတို့ကလစဥ်အလုပ်သမား အယောက် ၅၀နဲ့အထက် စေလွှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

ဒီအေဂျင်စီတွေဟာ သူတို့စေလွှတ်ခဲ့တဲ့ အလုပ်သမားတွေရဲ့လစာကို တရားဝင်ဘဏ်တွေကတစ်ဆင့် မိသားစုကို  လွှဲပြောင်းပေးပို့တဲ့  အထောက်အထားတွေကို ဇွန် ၂၈ရက်နေ့ နောက်ဆုံးထားပေးပို့ရမှာဖြစ်သလို မပေးပို့နိုင်တဲ့ အေဂျင်စီတွေကို ပြည်ပလုပ်သားစေလွှတ်ရေးလုပ်ငန်းစဉ်တွေ ယာယီဆိုင်းငံသွားမယ်လို့ သတိပေးထားတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ (၇) ရက်က ရန်ကုန်မြို့ရှိ MELIA Yangon Hotel မှာ ကျင်းပခဲ့တဲ့ မြန်မာပြည်ပ အလုပ် အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းရဲ့ (၁၁) ကြိမ်မြောက် နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးမှာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြည်ပရောက်အလုပ်သမားတွေရဲ့ လုပ်ခလစာ ကို မိသားစုကို လွှဲပို့တဲ့အခါမှာ လုပ်ခလစာရဲ့ ၂၅ ရာခိုင်နှုန်း ကို တရားဝင်လွှဲပို့စေရေးအတွက် တာဝန်ခံစေလွှတ်ခဲ့တဲ့ အေဂျင်စီတွေက ပြည်ပရှိ အလုပ်သမားတွေရှိရာကို သွားရောက်စည်းရုံးပြီး တရားဝင်လမ်းကြောင်းက ပို့ဆောင်စေရေးဆောင်ရွက်ကြဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။

ဒီအခြေအနေဟာ လိုင်စင်ရအေဂျင်စီတွေကို ဖိအားပေးနေတာဖြစ်ပြီး ညွှန်ကြားချက်အတိုင်း လက်တွေ့ လုပ်ဆောင်ဖို့ ခက်ခဲတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ 

အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်း တွေအရတော့ အခုနှစ် ဇွန်လ (၉)ရက်အထိ  ပြည်ပကို အလုပ်သမားစေလွှတ်ခွင့်လိုင်စင် ရယူထားတဲ့ အေဂျင်စီ (၅၆၅) ခုရှိနေတာပဲ ဖြစ်ပါတယ်။

"အလုပ်သမားတွေက သူတို့လစာငွေ သူတို့ လွှဲချင်တဲ့ နေရာက လွှဲတာ။ ဒါကို သွားပြီးတော့ အေဂျင်စီက ဘယ်ကလွှဲရမယ် ဘာညာသွားပြောလို့ မရဘူး။ သူတို့လည်း လက်ခံချင်မှာ မဟုတ်ဘူးလေ။ အခုလည်း အေဂျင်စီ တွေကို ပြည်ပအထိ အလုပ်သမားတွေကိုတရားဝင်ငွေလွှဲတာ စည်းရုံးပေးဖို့ ပြောတယ် ပြည်ပသွားမယ့်စရိတ်က ဘယ်သူကပေးမှာလဲ ပြည်ပအထိ လိုက်ပြောလို့ကော အလုပ်သမားက လွှဲချင်မှ ဖြစ်တာ။ အခု ဆို အေဂျင်စီ တော်တော်များများလည်း စိတ်ညစ်နေကြတယ်။ ဌာနက သူတို့ထုတ်ပြန်တဲ့အတိုင်း မလုပ်ဘူးဆိုရင်လည်း လုပ်သားစေလွှတ်တာ ရပ်မယ်၊ အရေးယူမယ်ဆိုတော့ ရှေ့ကို ဆက်လုပ်ဖို့စဉ်းစားနေကြပြီ"လို့ လိုင်စင်ရအေဂျင်စီ တစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒါတွေဟာ လက်ရှိမှာ ပြည်ပကို လုပ်သားစေလွှတ်သူတွေအတွက် ခေါင်းကိုက်ရတဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။ ပြည်ပကို ထွက်ခွာလိုသူများလွန်းတာကြောင့် ခေတ်ကောင်းခဲ့တဲ့ အေဂျင်စီလောကဟာ စစ်ကောင်စီရဲ့ တင်းကျပ်မှုတွေကြောင့် စိတ်ဖိစီးရတဲ့ အနေအထားကို ရောက်နေပါတယ်။

“အိမ်က သမီးကတော့ အစကတည်းက သူလွှတ်တဲ့ အေဂျင်စီကို လစာလွှဲတယ်။ ကျွန်မတို့က ဖုန်းဆက်ရင် အေဂျင်စီရုံး ခန်းမှာ သွားထုတ်ရတယ်။ ကျန်တာတော့ မသိဘူး။ ဒါပေမယ့် လစာတော့ ပေါက်ဈေးအတိုင်းရတယ်”လို့ ထိုင်းနိုင်ငံရောက် အလုပ်သမားတစ်ဦးရဲ့ မိခင်က ပြောပါတယ်။

ဒါဟာ အေဂျင်စီတွေရဲ့ နိုင်ငံခြားငွေ လည်ပတ်နေတဲ့ပုံစံကို သက်သေပြနေတာပဲ ဖြစ်ပါတယ်။ 

ပြည်ပကအလုပ်သမားလေးတွေရဲ့ လုပ်ခလစာဟာ သူတို့အတွက်လည်း အကျိုးအမြတ်တွေကို ရှာဖွေပေးနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ပေါက်ဈေးအတိုင်း ကျပ်ငွေရရှိတာ၊ အချိန်စောင့် ဆိုင်းစရာ မလိုတာ၊ ငွေကြေးအတွက် ယုံကြည်စိတ်ချနိုင်တာကြောင့်လည်း အလုပ်သမားတွေကတော့ ဒီလုပ်ငန်းစဉ်ကို သဘောကျနေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ ပြည်ပမှာ အလုပ်လုပ်ကိုင်သူ အများစုဟာ ခေတ်အဆက်ဆက် အသုံးပြုလာတဲ့ တရားမဝင်ငွေလွှဲစနစ် (ဟွန်ဒီ) စနစ်ကိုပဲ အကျွမ်းတဝင် ရှိနေတာ ဖြစ်ပါတယ်။

ဒီစနစ်ဟာ နေအိမ်အရောက် ပို့ဆောင်ပေးတာ၊ သတ်မှတ်ပေါက်ဈေးအတိုင်း ရတာနဲ့ အချိန်တိုတွင်း ရရှိတာကြောင့် ပြည်ပရောက်အလုပ်သမား အများစုကတော့ တွင်တွင်ကျယ်ကျယ် အသုံးပြုပါတယ်။

“ပြီးခဲ့တဲ့ရက်တွေကလေ ဘဏ်တွေမှာ ငွေထုတ်မရတော့။ သားလစာလေး လွှဲတာသွားထုတ်တယ်။ နောက်တစ် ပတ် ပြန်ချိန်းတယ်။ တစ်ချို့ဆို မနက်ကတည်းက လာစောင့်တယ်။ သူတို့က ကြိုအသိမပေးထားဘူး။ ဒီအတိုင်းပဲ နောက်တစ်ပတ်မှ ပြန်လာပါအလွယ်ပြောတယ်။ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဒုက္ခရောက်ရတယ်။ အဲဒါကြောင့် ဘဏ်ကလွှဲဖို့ကို စိတ်အဆင်မပြေတာ”လို့ ပြည်ပကသားလုပ်သူရဲ့လစာကို ထုတ်ယူနေသူတစ်ဦးက ပြောပါတယ်။

ဒီအခြေအနေတွေဟာ ပြည်ပက လစာလွှဲလိုသူတွေအတွက် အဆင်မပြေတဲ့ အကြောင်းအရာတွေပါပဲ။ အချိန် ပေးပြီး ဘဏ်သွားရတာ၊ ပြင်ပပေါက်ဈေးအတိုင်း တွက်ချက်မပေးတာ၊ ငွေထုတ်ယူဖို့ စာရွက်စာတမ်း လိုအပ်တာ တွေအပြင် ခါတော်မှီ မူဝါဒ အမျိုးမျိုးကြောင့် ဘဏ်စနစ်နဲ့ လွှဲပြောင်းဖို့ဆိုတာ အများစုကတော့ စိတ်ဝင်စားမှု မရှိတဲ့ အခြေအနေပါပဲ။

စစ်ကောင်စီ လက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနဟာ အာဏာသိမ်းစကတည်းက ပြည်ပကို လူငယ်တွေ အလုံးအရင်းနဲ့ ထွက်ခွာနေတာကို တစ်စုံတစ်ရာ ကန့်သတ်မှု မရှိခဲ့ပါဘူး။ ဒါ့အပြင် ပြည်ပလုပ်သားစေလွှတ်ခွင့် လိုင်စင်တွေကို စနစ်တကျ စိစစ်မှု မရှိဘဲ အလွယ်တကူ ထုတ်ပေးခဲ့ပါတယ်။ 

လက်ရှိမှာတော့ ဒီလိုလုပ်ဆောင်ခဲ့ရ တဲ့ အကြောင်းအရင်းတွေ ဖုံးဖိလို့မရအောင် ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ နိုင်ငံခြားငွေ ရရှိရေးအတွက် ပြင်ဆင်ထားတဲ့ ခြေလှမ်းတွေကို ခပ်စိပ်စိပ်လုပ်ဆောင်ခဲ့ပြီး နောက်ဆက်တွဲ ဖိအားပေးတာတွေပါ ရှိနေတာပါ။

“တကယ်ဆိုလေ အေဂျင်စီတွေက ငွေပိုကောက်နေတာတွေ၊ အလိမ်ခံရတာတွေ၊ အခွင့်အရေး ချိုးဖောက်နေတာ ကျတော့ ဘာတစ်ခုမှ အရေးမယူဘူး။ သူတို့ကို လစာရဲ့ (၂၅) ရာခိုင်နှုန်း လွှဲဖို့ပဲ အတင်းပြောနေ၊ လုပ်နေတော့ အဆင်မပြေဘူးလေ။ အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကျ ရှင်းပေးမယ်မရှိဘူး။ သူတို့လိုချင်တာ တွေပဲ ပြောနေတော့ ဒီကာလကြီး ဝန်ကြီးဌာနကို တကယ်ကို စိတ်ကုန်တယ်”လို့ ပြည်ပရောက် အလုပ်သမား တစ်ဦးက ပြောပါတယ်။

အလုပ်သမားဝန်ကြီးဌာနဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အကျင့်ပျက်ခြစားမှုတွေ၊ ဥပဒေမဲ့ လုပ်ဆောင် တာတွေနဲ့ အာဏာရှင်အလိုကျ လုပ်ဆောင်နေတဲ့ ဝန်ကြီးဌာနတစ်ခု ဖြစ်နေပါတယ်။ 

အလုပ်သမားတွေ အကျိုး စီးပွားထက် အာဏာရှင်ရဲ့ သဘောထားအတိုင်း ရပ်တည်ချက်တွေဟာ ဝန်ကြီးဌာနရဲ့ ရပ်တည်မှုကို မေးခွန်းထုတ် စရာ ဖြစ်နေပါတယ်။

ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်အားကို အမြတ်ထုတ် ဂုတ်သွေးစုပ်ဖို့ကြိုးပမ်းနေတဲ့ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့လုပ်ရပ်ဟာ နိုင်ငံခြားငွေ ရရှိရေး အသည်းအသည် ကြိုးပမ်းအားထုတ်မှုသာဖြစ်ပြီး ဘီလူးဆိုင်းတီးလာတဲ့ စစ်ကောင်စီ လက်အောက်ခံဌာနတွေရဲ့ အဓမ္မလုပ်ရပ်သာဖြစ်ကြောင်း အလုပ်သမားအရေးလေ့လာစောင့်ကြည့်သူတွေက သုံးသပ်ပြောဆိုထားပါတယ်။


Related posts

Cover
အထည်ချုပ် စက်ရုံတွေမှာ သမဂ္ဂဖြိုခွဲမှု ဘာတွေ ဖြစ်နိုင်သလဲ။
Aug 30, 2024
Cover
“စစ်ရှောင်သောက”
Aug 23, 2024
Cover
အထည်ချုပ်လောက အတွင်းရေး ပေးစာ၊ ပြန်စာ ၂
Aug 19, 2024
Cover
ဆီ.. ဆီ..၊ ကုန်ဈေးနှုန်း ၊ ကျပ်တထောင်
Aug 18, 2024
Cover
အလုပ်သမားတွေ ခံစားခွင့်မရတဲ့ စာရွက်ပေါ်က ဥပဒေ
Aug 16, 2024
Cover
ရန်ကုန်မြို့ရဲ့ အလုပ်အကိုင်အခွင့်အလမ်း စိန်ခေါ်မှု
Aug 03, 2024
Cover
ခါးသီးသော နေ့ရက်များ
Jul 29, 2024
Cover
အလုပ်မဖြစ်တဲ့ အလုပ်သမားဝန်ကြီးဌာနရဲ့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့
Jul 24, 2024