ARTICLE

စစ်မှုထမ်းရှောင် ပြည်ပရောက် ဒုက္ခသားကောင်များ

CoverLogo
119 Views

ကျော်ကျော် တယောက် လက်ကိုင်ဖုန်းကို ကိုင်ထားရင်းနဲ့ စိတ်မသက်မသာဖြစ်လို့နေပါတယ်။

အင်တာနက်လိုင်းဖွင့်ထားတဲ့သူ့ဖုန်းကနေ စာတစောင်ပို့ဖို့အတွက်ကို ကျော်ကျော်ယောက် ဝေခွဲရခက်နေတာဖြစ်ပါတယ်။

နောက်ဆုံး သူစိတ်ကိုတင်းကာဆုံးဖြတ်ချက်ချလိုက်ပြီး စာတကြောင်းရိုက်က တဖက်ကအကောင့်ဆီပေးပို့လိုက်တယ်။

"ပိုက်ဆံထပ်လွှဲပေးပါဦးအမေ၊ အခန်းခပေးရတော့မယ်"

အသက် ၂၂နှစ်အရွယ်ကျော်ကျော်ဟာ  အမိမြေနဲ့နီးကပ်တဲ့ထိုင်းနိုင်ငံကို လွန်ခဲ့တဲ့ ၅လလောက်ကတည်းကရောက်နေခဲ့တာပါ။

သူငယ်ချင်းတယောက်ရဲ့အဆက်အသွယ်နဲ့ ထိုင်းနိူင်ငံကိုအောက်လမ်းကဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

"အိမ်မှာစစ်မှုထမ်းစာရင်းကောက်သွားတော့ မိဘတွေကစိုးရိမ်ပြီး တိမ်းရှောင်ဖို့ပြောရာကနေ ထိုင်းဖက်ထွက်လာခဲ့တာ"လို့ ကျော်ကျော်ကပြောပါတယ်။

စစ်မှုမထမ်းရစေရေးဆိုတဲ့ အချက်တခုတည်းနဲ့ ထိုင်းနိူင်ငံကိုအောက်လမ်းကခိုးထွက်ခဲ့တာ ကျပ်သိန်း ၄၀ လောက်ကုန်ကျခဲ့တယ်လို့ဆိုပါတယ်။

တဖက်နိူင်ငံရောက်ရင်အလုပ်တခုခုမှာဝင်လုပ်ပြီး ဘဝအသစ်ကိုရင်​ဆိုင်ဖြတ်သန်းမယ်ဆိုပြီးရည်ရွယ်ထားခဲ့ပေမယ့် တကယ့်တကယ်မှာတော့ အထင်နဲ့လက်တွေ့ကွာခြားမှုနဲ့ကြုံတွေ့စေခဲ့ပါတယ်။

"ခိုးဝင်ဖြစ်နေတော့အလုပ်ကလွယ်လွယ်မရဘူး။တခါတလေ ပုတ်ပြတ်သဘောဝင်လုပ်ရတာကလွဲလို့ ပုံသေအလုပ်မရဘူး။ရောက်ကတည်းက အလုပ်ရှာနေတာအခုထိပဲ"လို့ သူက ပြောပါတယ်။

ကျော်ကျော်အနေနဲ့ သူငယ်ချင်းဖြစ်သူရှိရာ ချင်းရိုင်ပြည်နယ်က အခန်းတခုမှာခိုကပ်နေ နေရတာဖြစ်ပြီး အခန်းလစာကိုမျှခံပေးရတယ်လို့ဆိုပါတယ်။

ဒါ့အပြင် နေ့စဥ်စားသောက်ဖို့အတွက် ငွေလိုအပ်ချက်ရှိတာကြောင့် ရောက်ရှိစဥ်ကစလို့ အခုအချိန်အထိ အိမ်ကနေ လွှဲပို့ခိုင်းနေရတာဖြစ်ပါတယ်။

ထိုင်းနိူင်ငံမှာ ဝင်ငွေမရှိဘဲနေထိုင်သူတဦးအနေနဲ့ နေစရိတ်၊ စားစရိတ်အတွက် အနည်းဆုံးကျပ် ၅ သိန်းလောက်ကုန်ကျရတယ်လို့ဆိုပါတယ်။

"အိမ်ကလည်းသိပ်အဆင်ပြေတာမဟုတ်တော့ပြန်မတောင်းချင်ဘူး။အလုပ်ကလည်းမရှိတော့ မတောင်းလို့လည်းမရဘူး။ပိုက်ဆံတောင်းရမယ့်အချိန်တိုင်းစိတ်ဆင်းရဲရတယ်"လို့ ကျော်ကျော်ကညီးညူပြောပါတယ်။

မှော်ဘီမြို့နယ်ကနေ စစ်မှုမထမ်းရအောင် တိမ်းရှောင်ရင်း ထိုင်းနိူင်ငံမဲဆောက်မြို့ရောက်ရှိနေတဲ့ အသက် ၂၀အရွယ် ကိုခန့်လည်း အလုပ်မရှိတာကြောင့် အခက်တွေ့နေရတယ်လို့ဆိုပါတယ်။

"ပိုက်ဆံလိုရင်အိမ်ကိုပဲလွှဲခိုင်းနေရတယ်။အိမ်မှာနေတုန်းကတောင်ကျွန်တော်အတွက် ကုန်ကျစရိတ်က ဒီလောက်ရှိမနေဘူး။အခုတော့ အိမ်ကလည်းကျွန်တော့်အတွက်ကြောင့်နဲ့ဝန်ထုပ်၊ ဝန်ပိုးဖြစ်နေမှာ"လို့ကိုခန့်ကပြောပါတယ်။

အဲဒီလို တဖက်နိူင်ငံကို ဝင်ရောက်ခိုလှုံရင်း မျှော်လင့်ထားတာနဲ့ထပ်တူမကျလို့ အခက်တွေ့နေရတာသူတို့ချည်းတော့မဟုတ်​ပါဘူး။

မြန်မာနိူင်ငံမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကိုအသက်သွင်းလိုက်တဲ့အချိန်ကစလို့ စစ်မှုထမ်းရဖို့အသက်အကျုံးဝင်တဲ့လူငယ်တော်တော်များများ တိမ်းရှောင်တာတွေလုပ်ခဲ့ပါတယ်။

တချို့က လက်နက်ကိုင်အဖွဲ့တွေဆီချိတ်ဆက်ဝင်ရောက်တာရှိပြီး ကျော်ကျော်တို့လိုလူငယ်တွေကတော့ အိမ်နီးချင်းနိူင်ငံတွေဆီသွားရောက်တိမ်းရှောင်ခဲ့ကြတာဖြစ်ပါတယ်။

လူငယ်တချို့အနေနဲ့ ထိုင်း၊ မလေးရှား၊ လာအိုစတဲ့ဒေသတွင်းနိူင်ငံတွေဆီ အလုံးအရင်းထွက်ခွာသွားခဲ့တာဖြစ်ပြီးအများစုက တရားမဝင်သွားရောက်ခဲ့ကြတာလို့ ရွှေ့ပြောင်းအလုပ်သမားအရေးစောင့်ကြည့်သူတွေကဆိုပါတယ်။

အဲဒီလိုတရားမဝင်သွားရောက်တဲ့သူတွေအနေနဲ့ ထိုင်းဆိုကျပ်သိန်း ၄၀နီးပါးနဲ့မလေးရှားနိူင်ငံကို ကျပ်သိန်း ၆၀ နီးပါးကုန်ကျတယ်လို့ သူတို့ကပြောပါတယ်။

"စစ်မှုထမ်းခေါင်းစဥ်အပေါ်စိုးရိမ်စိတ်နဲ့ထွက်ခဲ့တာဖြစ်လို့ တော်တော်များများကအဆင်ပြေပါ့မလားမတွေးကြဘူး။ရောက်ရင်ပြီးရောဆိုတာရဲ့နောက်မှာပြဿနာတွေပုံနေတယ်"လို့ ရွှေ့ပြောင်းအလုပ်သမားအရေးစောင့်ကြည့်သူတဦးကပြောပါတယ်။

အောက်လမ်းကနေခိုးထွက်သူတချို့မှာ လမ်းမှာတင် ဖမ်းဆီးခံရပြီး မြန်မာနိူင်ငံကိုပြန်လွှဲပို့ခံရတဲ့ဖြစ်စဥ်တွေရှိသလို ငွေလိမ်လည်ခံရပြီးလမ်းမှာတင်စွန့်ပစ်ခံရတာတွေရှိနေပါတယ်။

တဖက်နိူင်ငံရောက်ပြန်တော့လည်း အထောက်အထားမဲ့ဝင်ရောက်သူတွေဖြစ်လို့ ခိုးဝှက်နေထိုင်ရသလို အလုပ်ရဖို့ခက်တဲ့အခြေအမျိုးတွေပါရင်ဆိုင်ကြရတာဖြစ်ပါတယ်။

"စစ်မူထမ်းကိစ္စတွေပေါ်လာပြီးမှ ရောက်လာတဲ့လူငယ်တွေကအများကြီး။အလုပ်အကိုင်က အဲဒီလောက်ပေါမနေတဲ့အခါတော်တော်များများကဒုက္ခရောက်ကြတယ်။တရားမဝင်လုပ်သားတွေဖြစ်လို့အလုပ်ရရင်တောင်မှ လုပ်ခချိုးနှိမ်ခံရတယ်"လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီပေးနေတဲ့ ကိုဝင်းဘိုကပြောပါတယ်။

အဲဒီလို အခက်အခဲအကြပ်အတည်းတွေကြောင့် ဆက်မနေနိူင်တော့တဲ့လူငယ်တချို့မှာ ပြည်တွင်းပြန်လည်ဝင်ရောက်တာတွေလည်းရှိတယ်လို့ နီးစပ်သူတွေကဆိုပါတယ်။

အဲဒီလို ပြန်နိူင်ဖို့အတွက်လည်း ပွဲစားကို ကျပ်သိန်းဆယ်ဂဏန်းနီးပါးပေးရပြီး ငွေထပ်မံကုန်ကျမူတွေပါရှိစေခဲ့ပါတယ်။

"ကျွန်တော့်ညီလည်းသောင်တင်နေတာကြာနေတော့ ပြန်သာလာခဲ့တော့ဆိုပြီးခေါ်လိုက်ရတယ်။ သွားတော့လည်းကုန်၊ ပြန်ခေါ်တော့လည်းကုန်နဲ့ ပိုက်ဆံသိန်း ၇၀ လောက်ကအလကားဖြစ်ကုန်တာပေါ့"လို့ မရမ်းကုန်းမြို့နယ်မှာနေထိုင်သူတဦးကပြောပါတယ်။

အဲဒီလို စစ်မှုထမ်းရမယ့်အခြေအနေကနေရှောင်တိမ်းသူတွေမှာ ဒေသတွင်းနိူင်ငံတွေအပြင် အရှေ့အလယ်ပိုင်းနဲ့ဥရောပနိူင်ငံတွေအထိရှိနေပါတယ်။

ဒူဘိုင်းမှာလည်း မြန်မာလူငယ်တော်တော်များများမှာ ပြည်သူ့စစ်မှုထမ်းဥပဒေအသက်သွင်းလိုက်ပြီးမကြာခင်မှာ ပဲရောက်ရှိခဲ့ကြပြီး အခုအချိန်အထိသောင်တင်နေသူများစွာရှိနေတယ်လို့ ကာယကံရှင်နဲ့နီးစပ်သူတွေဆီကသိရပါတယ်။

"သူငယ်ချင်းတယောက်ရဲ့ သားနှစ်ယောက်ဆိုရင်လည်း လေဆိပ်ကထွက်ခွာတာတွေမထိန်းချုပ်ခင်ကတည်းက ဒူဘိုင်းရောက်နေတာ၊ အခုထိအလုပ်မရသေးဘူး"လို့ သင်္ဃန်းကျွန်းမြို့နယ်မှာနေထိုင်သူတဦးကပြောပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မူထမ်းဥပဒေကို ၂၀၂၄ နှစ်ဆန်းပိုင်းမှာအသက်သွင်းလိုက်တာဖြစ်ပြီး စစ်သားစုဆောင်းတာတွေကိုလည်းဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။

ကနဦးအနေနဲ့အသက် ၁၈ ကနေ ၃၅ နှစ်အတွင်းအမျိုးသားတွေကိုစစ်မှုထမ်းဖို့အသုတ်လိုက်ဆင့်ခေါ်နေတာသင်တန်းအပတ်စဥ် ၇ အထိရောက်ရှိနေပြီလည်းဖြစ်ပါတယ်။

အဲဒီလိုစစ်မူထမ်းခိုင်းစေတာ မှာ​လူငယ်တွေအပေါ်တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်နေပြီး နည်းမျိုးစုံနဲ့တိမ်းရှောင်တာ တွေရှိနေတာပဲဖြစ်ပါတယ်။

စစ်မှုထမ်းတာဟာ ဂုဏ်ယူစရာကိစ္စဟုတ်မနေဘဲ စစ်သင်တန်းပြီးတာနဲ့ရှေ့တန်းပို့နေတာဟာ သေလမ်းခရီးစေလွှတ်ခံရတာနဲ့တူနေတာကြောင့် လူငယ်တွေအဲဒီအန္တရာယ်ကရှောင်နိူင်ဖို့အသည်းအသန်ကြိုးစားနေရတာပါ။

ဒါပေမယ့်တဖက်မှာလည်း မျှော်လင့်ထားသလိုခရီးလမ်းမဖြောင့်ဖြူးလို့ စစ်မှုထမ်းအရေးရှောင်တိမ်းရင်း ပြည်ပရောက်ဒုက္ခသားကောင်တွေဖြစ်ကြရပါတယ်။

လက်ရှိကြုံနေရတဲ့အခြေအနေအပေါ်  ချင်းရိုင်ကိုရောက်နေတဲ့ ကျော်ကျော်ကတော့လက်မလျှော့သေးပါဘူး။

"အားတင်းပြီး အလုပ်ရှာမယ်။ ပြန်ပြီးစစ်မှုထမ်းဖို့တော့ လုံးဝဆန္ဒမရှိဘူး"လို့ ပြောပါတယ်။


Related posts

Cover
ကျပ်နှစ်ထောင် နောက်ကွယ်က ခါးသီးမှု
Dec 31, 2024
Cover
ပြည်ပထွက်ခွာလိုသူတွေအတွက် ရန်ကုန်လေဆိပ်ရဲ့ အိမ်မက်ဆိုး
Dec 26, 2024
Cover
စစ်မှုထမ်းအယောင်ပြ ဖမ်းဆီးငွေညှစ်မှုတွေပါ ပြုလုပ်လာ
Dec 24, 2024
Cover
အဓမ္မ စစ်မှုထမ်းခိုင်းစေရန် ပေါ်တာဆွဲမှုမှာ အကာကွယ်မဲ့နေတဲ့အလုပ်သမားထု
Dec 22, 2024
Cover
အဖြေရှာဖို့ ခက်ခဲသေးတဲ့ ကလေးလုပ်သားပုစ္ဆာ
Dec 21, 2024
Cover
ကျပ်တည်းခက်ခဲလာတဲ့ အခြေခံပြည်သူတွေရဲ့ဒုက္ခ
Nov 26, 2024
Cover
ညီမမေသူ သို့ ပြန်စာ - ၁
Nov 19, 2024
Cover
"ကိုမင်း ဈေးထဲ လမ်းလျှောက်ထွက်ခြင်း"
Nov 18, 2024