ARTICLE

ခါးသီးသောဆုံးဖြတ်ချက်များ၏ နောက်ကွယ်

CoverLogo
121 Views

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ လူမှု စီးပွား အလုံးစုံအခြေအနေဟာ ပျက်သုဉ်းလုနီးနီးဖြစ်ပျက်ခဲ့ပါတယ်။ 

အတိအကျ ပြောရရင်တော့ အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်း စစ်တပ်ရဲ့ စစ်အာဏာရှင်စနစ်အုပ်ချုပ်ရေး အသက်သွင်းလာတဲ့ အချိန်မှာ အရာရာတိုင်းဟာ မင်းမဲ့စရိုက်အသွင်ဆန်လာပါတယ်။

ဒီအထဲမှာမှ  အကြောင်းအရာတခုကို အာရုံစိုက်ပြီးပြောရမယ်ဆိုရင်တော့ မြန်မာအမျိုးသမီး လုပ်သားထုတွေအပေါ်ကျရောက်လာတဲ့ လူကုန်ကူးဖြစ်စဉ်တွေပါ။ 

ပြည်တွင်းမှာ နေထိုင်လုပ်ကိုင်နေကြရတဲ့ မြန်မာအမျိုးသမီးတွေထဲကမှ အသက်ငယ်ရွယ်သူတွေ၊ အလုပ်အကိုင် အခွင့်အလမ်းနည်းပါးသူတွေ နဲ့ အဆမတန် မြင့်တက်နေတဲ့ ကုန်ဈေးနှုန်း ကြောင့် မိသားစု စားဝတ်နေရေး အကျပ်အတည်း ကျရောက်နေသူတွေအပေါ် အထက်ပါ လူကုန်ကူးမှုဆိုတဲ့ အရိပ်ဆိုးကြီးကျရောက်နေတာပါ။ 

သူတို့တွေကို လူကုန်ကူးပွဲစားတွေက အလျင်မြန်ဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းတွေထဲက တခုဖြစ်တဲ့ Facebook, Wechat, Telegram, TikTok  စတဲ့ လူမှုကွန်ယက်တွေကနေ  ငွေကြေးနဲ့ မက်လုံးပေးပြီး လူကုန်ကူးဖို့ မြူစွယ်တာပါ။ 

လူမှုကွန်ရက်စာမျက်နှာအသုံးပြုပြီး အငှားကိုယ်ဝန်ဆောင်ခြင်းနဲ့ တရုတ်ဇနီးမယားအဖြစ်ပြုလုပ်ရန် မက်လုံးပေးကာ လူကုန်ကူးရန်ကြိုးပမ်းသူတွေကို မန္တလေးမှာ ဖမ်းမိခဲ့ယ်လို့ လည်း ပြီးခဲ့တဲ့ရက်မှာ လူကုန်တားရဲကထုတ်ပြန်ခဲ့ပါတယ်။

"အောက်တိုဘာ ၂၄ ရက်မှာ မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ထိုင်းနိုင်ငံသို့ထွက်ခွာမဲ့ တရုတ်နိုင်ငံသားတစ်ဦးနဲ့ မြန်မာအမျိုးသမီးငယ်သုံးဦးတို့ကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် သက်ဆိုင်ရာက စစ်မေးခဲ့ရာမှ Facebook, TikTok အသုံးပြုဆက်သွယ်ကာ  တရုတ်နိုင်ငံသို့ တရုတ်မယားပြုလုပ်ရန် မက်လုံးပေး စည်းရုံးစုစည်းခေါ်ဆောင်ခံရသူများဖြစ်တယ်လို့ ပေါ်ပေါက်ခဲ့တဲ့အပြင် မန္တလေးမြို့တွင်းတစ်နေရာတွင် စုစည်းထိန်းချုပ်ခံထားရတဲ့ အမျိုးသမီးငယ် ၁၁ ဦးတို့ကိုပါထပ်မံ ဖော်ထုတ်ကယ်တင်နိုင်ခဲ့တယ်" လို့လည်း သတင်းထုတ်ပြန်ထားပါသေးတယ်။ 

မန္တလေး မြို့မှာ ရုံးခန်းသဖွယ် အဆောက်အဦတွေ ငှားရမ်းလာပြီး  အမျိုးသမီးတွေကို မက်လုံးပေး ဖြားယောင်း မြူစွယ်ကာ တရုတ်နိုင်ငံကို ပို့ဆောင်၊ တရုတ်မယား ပြုလုပ် ဖို့ အတွက် သွားရောက်ရတာပါ။ 

ဖမ်းဆီးရမိတာက အမှန်တကယ်ဖြစ်ပျက်နေတာရဲ့ မပြောပလောက်တဲ့ ပမာဏဖြစ်ပါတယ်။ အမှန်တကယ်မြေပြင်မှာ ရောက်ရှိနေသူအများအပြားရှိနေပြီး အကူအညီတောင်းသံတွေလဲ မကြာခဏထွက်ပေါ်နေပါတယ်။

ယခုနှစ်ဇွန်လက တရုတ်ပြည်က စားသောက်ဆိုင်မှာ ၀င်ရောက်လုပ်ကိုင်ဖို့ မြန်မာအမျိုးသမီးငယ်လေးဦး ရောက်ရှိလာခဲ့ကြပါတယ်။  

အဲ့ဒီမြန်မာအမျိုးသမီးတွေဟာ တရုတ်ပြည်သို့ရောက်ရှိချိန်မှာတော့ စားသောက် ဆိုင်လုပ်ငန်းမှာ ၀င်ရောက်လုပ်ကိုင်ရခြင်းမရှိဘဲ ပွဲစားရဲ့ယောက်ျားပေးစားခြင်းခံရကာ မြန်မာအမျိုးသမီးငယ် လေးဦးတို့  တစ်ယောက်တစ်နေရာစီ အဆက်သွယ်ပြတ်ပျောက်ဆုံးနေကြရတဲ့အပြင် အကူညီမဲ့ကာအခက်အခဲဖြစ်နေကြရတာပဲဖြစ်ပါတယ်။  

"တရုတ်ပြည်စားသောက်ဆိုင်မှာလုပ်ရမယ်ဆိုပြီး သူငယ်ချင်းလေးယောက်တက်တာ။  အခု ပွဲစားတွေကယောက်ကျားပေးစားပြီးအဆက်သွယ်တွေလည်းမရတော့ဘူး။  ရဲစခန်းမှာသွားအဖမ်းခံရင် ထောင်ကျမှာလည်းကြောက်လို့  သွားမတိုင်ရဲဘူး။ ခိုးပေါက်ကထွက်မယ်ဆိုတော့လည်း  ကားခကရွှေလီထိကို ၁၇၀၀၀ တဲ့။ မြန်မာပြည်မှာဒုက္ခရောက်နေလို့ တရုတ်ပြည်ကိုလာလုပ်စားပါတယ်ဆို ပိုပြီးဒုက္ခရောက်နေတယ်ဘယ်လိုလုပ်ရမယ်မသိတော့ဘူး။  အကြံဉာဏ်လေးပေးကြပါ"လို့ တရုတ်ပြည်အတွင်းရောက်ရှိနေတဲ့  မြန်မာအလုပ်သမားတစ်ဦးက  လူမှုကွန်ရက်စာမျက်နှာကနေ  အကူညီတောင်းခံထားတာဖြစ်ပါတယ်။  

တရုတ်နိုင်ငံအတွင်းသို့ရောက်ရှိလုပ်ကိုင်နေကြရတဲ့  မြန်မာအမျိုးသမီးငယ်တွေဟာ ရာခိုင်နှုန်းအားဖြင့် ၁၀၀ ရာခိုင်နှုန်းမှာ  ၈၀ ရာခိုင်နှုန်းခန့်အထိက  ပွဲစားတွေ ရဲ့လိမ်လည်ခြင်း၊ မက်လုံးပေးမြူစွယ်ခံရခြင်းနဲ့ လုပ်ငန်းအမျိုးအစားလိမ်လည်ခေါ်ဆောင်ရခြင်းတွေဖြစ်ကာ  တရုတ်ရဲ့ဇနီးမယားအဖြစ် ရောင်းစားခံရတာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်မှသာ အငှားကိုယ်၀န်ဆောင်ခြင်းနဲ့ တရုတ်ဇနီးမယားအဖြစ် တရား၀င်လက်ထပ်ပေါင်းသင်းမယ်လို့  မက်လုံးပေးခေါ်ယူတာတွေကို လူမှုကွန်ရက်စာမျက်နှာတွေကနေတစ်ဆင့် ငွေဈေးပေါ်ပေါ်တင်တင်ဖြတ်ကာ ခေါ်ယူနေကြတာတွေကို တွေ့မြင်နေရတာပါ။

ဒါ့အပြင် တရုတ်ဈေးကွက်သာမက ကိုရီးယား၊ ဂျပန် အစရှိတဲ့ နိုင်ငံတွေကပါ အငှားမယားခေါ်ယူတဲ့ ဈေးကွက်လည်း သိသိသာသာ ပေါ်ပေါက်လာပါတယ်။

မြန်မာအမျိုးသမီးတွေကို ပေါ်တင်ခေါ်ယူမှုတွေပြုလုပ်ကြတဲ့ ပွဲစားတွေဟာ တရုတ်နိုင်ငံအတွင်း အမှန်တကယ် ရောက်ရှိချိန်မှာတော့ သတ်မှတ်ထားတဲ့နှုန်းထားအတိုင်းမရတာတွေ၊  တရား၀င်လက်ထပ်ပေါင်းသင်းတာမရှိဘဲ လိင်ကျွန်သဖွယ်ပြုကျင့်စေခိုင်းတာတွေနဲ့  အဓမ္မညှင်းပန်းနှိပ်စက်ခံရတာတွေကိုသာ  မလွဲမသွေခံကြရတာမို့ မြန်မာအမျိုးသမီးတွေအနေနဲ့ ပွဲစားစကားကိုလုံး၀မယုံကြည်ဖို့နဲ့တရုတ်ဇနီးမယားအဖြစ်လုပ်ကိုင်ဖို့ကို လုံး၀မပြုလုပ်ဖို့ကို လက်ရှိတရုတ်န်ိုင်ငံအတွင်း တရုတ်ဇနီးမယားအဖြစ်ရောင်းစားခံလိုက်ရတဲ့ မြန်မာအလုပ်သမားတစ်ဦးက  သတိပေးပြောဆိုထားပါတယ်။

ဒီလိုပေါ်ပေါ်ထင်ထင် လုပ်ကိုင်ရမယ်ဆိုပြီး ဖျားယောင်းလာတာတွေ ရှိသလို စက်ရုံမှာ အလုပ်လုပ်ရမယ်ဆိုပြီး လိမ်ညာခေါ်ယူကာ ရောင်းစားခဲ့တဲ့ အဖြစ်အပျက်တွေလည်းများစွာရှိနေပါတယ်။

"သမီးကို စက်ရုံအလုပ်လုပ်ရမယ်ဆိုပြီးခေါ်တာ အခုရောက်တော့ အဆက်အသွယ်ဖြတ်သွားတယ်"လို့ တရုတ်နိုင်ငံ ကိုရောက်ရှိနေတဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကပြောပါတယ်။

အဆိုပါ အမျိုးသမီးငယ်ဟာ အဖော်ဖြစ်သူ အမျိုးသမီး ၂ ဦးနဲ့ အတူ ပွဲစားရဲ့ မက်လုံးပေးမှုကြောင့် တရုတ်နိုင်ငံကို အလုပ်သွားဖို့ ဆုံးဖြတ်ခဲ့တာပါ။ 

ရောက်ရှိချိန်မှာတော့ တရုတ်အမျိုးသားနဲ့ လက်ထပ်ရမယ်ဆိုပြီး ပြောလို့ အခက်အခဲတွေ တွေ့ခဲ့ရပါတယ်။ အဖော်ဖြစ်သူ အမျိုးသမီး ၂ ဦးနဲ့လည်း အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။

အမျိုးသမီးငယ်အနေနဲ့ မြန်မာနိုင်ငံက  လူကုန်တားရဲကို ဆက်သွယ်ပေမယ့် မိုင်ထောင်ချီ ဝေးလံတာကြောင့် ဝင်ကယ်လို့ မရဘူး"လို့သာ ရဲက အကြောင်းပြန်ခဲ့ပါတယ်။

လက်ရှိ ရောက်ရှိနေတဲ့ နေရာမှာ ထိန်းသိမ်းထားသူတွေ သူမကို ဖုန်းပေးကိုင်ဖို့ လက်တဖက်ကို  ဓားနဲ့ မွှန်းထားရပါတယ်။

"အရှေ့မှာ ရောက်နေတဲ့အမတွေပြောတာတော့ အရင်ဆုံး တရုတ်နဲ့ယူရမယ် ၆ လလောက်နေရင် ထွက်ပြေး ၊ အဲ့ကျမှ သူတို့ဘက်က ရဲက ဖမ်းမိရင် ထောင်ကျမယ်  ထောင်ကျခံပြီးရင် မြန်မာပြည်ပြန်ပို့တယ် အဲ့လိုနည်းနဲ့ပဲ ပြန်လို့ရမယ်ပြောတယ်။ သမီးက သားအိမ်ခေါင်းကင်ဆာဖြစ်နေတာ ယောက်ျားယူလို့ မရဘူးပြောတော့ဆေးတွေ တိုက်တယ်၊ ဘယ်လိုမှ  ငြင်းလို့မရဘူး"လို့ အမျိုးသမီးငယ်ကပြောပါတယ်။

သူမဟာရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ်တခုမှာ နေထိုင်သူဖြစ်ပြီး မိဘဖြစ်သူတွေနဲ့ ချစ်သူကို ဒီအကြောင်းဖွင့်ပြောဖို့ အခက်အခဲတွေရှိနေပြီး အထည်ချုပ်မှာ အဆင်ပြေနေတယ်ဆိုတဲ့အကြောင်းသာ အသိပေးထားပါတယ်။ 

ဒီလိုနည်းနဲ့ တရုတ်နိုင်ငံရဲ့  အနယ်နယ်အရပ်ရပ်မှာ မျှော်လင့်ချက် ကင်းမဲ့နေရတဲ့ အမျိုးသမီးငယ်များစွာရှိနေတာပါ။ 

မြန်မာနိုင်ငံရဲ့ လက်ရှိတိုင်းပြည်အခြေအနေ၊ ဆင်းရဲနွမ်းပါးမှုနဲ့  အလုပ်အကိုင်အခွင့်အလမ်းနည်းပါး မှုစတာ တွေကြောင့် တစ်ဖက်နိုင်ငံကို ပေါ်ပေါ်တင်တင်ရောင်းစားမှုတွေပြုလုပ်လာကြတာဖြစ်သလို လူကုန်ကူးသူတွေက တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာများအရ Facebook, Wechat, Telegram, TikTok တွေ အသုံးပြုပြီး လူကုန်ကူးမှုများ၊ တရားမဝင်လူစုဆောင်းခြင်းများ၊ လိမ်လည်မှုများ ပြုလုပ်ကာ လူသားအချင်းချင်းအပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ အဓမ္မခိုင်းစေခြင်း၊ အဓမ္မလက်ထပ်ခိုင်းစေခြင်းနဲ့ အဓမ္မအငှားကိုယ်ဝန်ဆောင်စေခြင်းစတာတွေကို ပြုလုပ်လာကြတာဖြစ်ပါတယ်။

"ဒါမျိုးတွေကအရင်က အောက်လမ်းကနေခိုးထွက် ခိုးပို့ကြတာ။ခုနောက်ပိုင်း ပေါ်တင်ခေါ်လာတယ်။ တရား၀င်လမ်းကြောင်းကနေကိုထွက်ကြတာ။ ခေါ်တာကလည်း ပေါ်တင်ခေါ်တယ်။ တရုတ်ဇနီးမယားအဖြစ် နေရမယ်။ တရား၀င် လက်ထပ်ပေးမှာ ပေးထားတဲ့နှုန်းထားအပြင်မိသားစုကိုလည်း စောင့်ရှောက်ပေး မယ်ဆိုတာမျိုး မက်လုံးပေးတယ်။ အဲလိုပေါ်တင်ပြောခေါ်လာတာက မြန်မာနိုင်ငံရဲ့တိုင်းပြည်အခြေအနေတွေ စီးပွားရေးအခြေအနေတွေကို ကြည့်ပြီးအခွင့်အရေးတစ်ခုလိုအသုံးချလာတာလို့ထင်ပါတယ်။ ဒါကသူတို့မိတယ်ဆိုတာလောက်ပဲပေါ့ တစ်ကယ်ကသွားကြည့်ပါ ကိုယ့်မြန်မာမိန်းကလေးတွေ သောင်းချီပြီးကိုရောက်နေကြပါပြီ"လို့ လူကုန်ကူးမှုနဲ့ပတ်သက်တဲ့  မြန်မာအလုပ်သမားအရေးဆောင်ရွက်သူတစ်ဦးကဆိုပါတယ်။

တရုတ်ရဲ့ဇနီးမယားအဖြစ် ဝယ်ယူရန်နဲ့ အငှားကိုယ်၀န်ဆောင်စေရန်တို့အတွက် အထက်ပါလူမှုကွန်ရက်များ ပေါ်မှ ကြော်ငြာများဖြင့်ခေါ်ယူမှု အများအပြားရှိနေပြီး "ငွေကြေးပမာဏများပြားစွာပေးမည်၊ တရားဝင်လက်ထပ်ယူမည်" စသည့် မက်လုံးများပေးကာ ဆွဲဆောင်စည်းရုံးကြပြီး လက်ခံလုပ်ကိုင်လိုသူအမျိုးသမီးတွေဟာလည်း များပြားလာတယ်လို့ သိရပါတယ်။ 

"ကျွန်မကိုယ်တိုင်တောင်သွားဖို့စိတ်ကူးလိုက်သေးတယ်။ စစ်ဘေးကလည်းခဏခဏရှောင်နေရတယ်ဆိုတော့ သွားမယ်ပေါ့။ သွားခါနီးမှာအမေဆုံးသွားတော့ ကလေးတစ်ယောက်တည်းဖြစ်သွားလို့ မသွားဖြစ်တာ။ ကျွန်မကို သိန်း ၁၅၀ ပေးထားမယ်။ ဟိုဘက်ရောက်လို့စာချုပ်ပြီးလက်ထပ်ပြီးရင် သိန်း ၂၀၀ ထပ်ပေးမယ်လို့ပြောတယ်။ ဒါကလက်ရှိအခြေအနေတွေအရ မက်လောက်စရာလည်းဖြစ်တယ်လေ။ သွားချင်ကြမှာပဲ ဘာမှန်းမသိသေဖို့ စောင့်နေရတာထက်တော့ သွားချင်ကြမယ်လို့ထင်ပါတယ်"လို့ ဗန်းမော်ဒေသခံအမျိုးသမီးတစ်ဦးက သူ့အခြေအနေကို ပြောပါတယ်။ 

အချို့သောအမျိုးသမီးငယ်လေးတွေဟာ အလုပ်ကောင်းကောင်းရမည်ဟု လိမ်ညာခေါ်ဆောင်သွားပြီးမှ တစ်ဖက်နိုင်ငံ ပွဲစားမှတစ်ဆင့် လိမ်လည်ရောင်းစားကြခြင်းဖြစ်ပြီး အချို့မြန်မာအမျိုးသမီးတွေဟာ မိုင်ထောင်ချီဝေးကွာတဲ့ တရုတ်နိုင်ငံအတွင်းပိုင်းဒေသများအထိ လူကုန်ကူးခံကြရတာဖြစ်ပါတယ်။

အဆိုပါအမျိုးသမီးငယ်တွေဟာ တရုတ်ဇနီးမယားအဖြစ်သွားရောက်ကြသူတွေဖြစ်တယ်လို့ စစ်ကောင်စီရဲ့ သတင်းတွေမှာဖော်ပြထားပါသေးတယ်။ 

မြန်မာနိုင်ငံရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ လူကုန်ကူးမှုပြုလုပ်သူတွေအများအပြားရှိနေပြီး ၎င်းတို့က လူအသုံးများတဲ့ လူမှုကွန်ရက်တို့မှတစ်ဆင့် အမျိုးသမီးငယ်များကိုရှာဖွေကာ မိမိနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊ ဝင်ငွေနည်းပါးခြင်းစတာ တွေကြောင့်အခက်အခဲများသာရှိနေပြီး မိသားစုကို ပိုမိုထောက်ပံ့ပေးနိုင်ရန်၊ ကြွေးမြီများပေးဆပ်နိုင်ရန်အတွက် မက်လုံးပေးစည်းရုံးမှုတွေပြုလုပ်ကြပြီး ၊ မြူဆွယ်ကာခေါ်ယူစုဆောင်းနေကြခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။ 

"တရုတ်ကိုလူကုန်ကူးတဲ့ ကေစ့်တွေက အရင်ကတည်းက ရှိတယ် သတင်းသမားတွေလည်း အများကြီးရေးဖူးတယ် ဒါပေမယ့် အရင်တုန်းကကျတော့ လူကုန်ကူးမှု တားဆီးရေးအဖွဲ့တွေရော တခြားအဖွဲ့တွေ ဗော်လန်တီယာအဖွဲ့အစည်းတွေ ဌာနဆိုင်ရာတွေ အားလုံးပေါင်းပြီးတော့ ကာဗာလုပ်တဲ့အပိုင်း ကိုလုပ်တယ် အရေးယူတဲ့အပိုင်း နောက်ဆက်တွဲ ပြန်လည်ထူထောင်ရေးပေါ့ အဲ့လိုအစဉ်အဆက် လုပ်တယ် အခု စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လူကုန်ကူးမှုကိုအရေးယူတဲ့အခြေအနေကလည်း သတင်းတွေလည်းထွက်မလာတော့ဘူး အသိပညာပေးတာ ထိရောက်စွာပူးပေါင်းဖြေရှင်းတာ တွေ နောက်ဆက်တွဲ တာဝန်ယူမှုတွေလည်း ဌာနဆိုင်ရာက မရှိတော့ဘူး မရှိသလောက်ဖြစ်သွားတယ် ၊ ဒီဟာကျတော့ ပြည်တွင်းက ဆင်းရဲမွဲတေမှု ပေါ့ အရင်တုန်းက သွားတဲ့နှုန်းထားတခုရှိတယ် လူတိုင်းစိတ်ဝင်စားတဲ့အရာမဟုတ်ဘူး အခုကျတော့ ပြည်တွင်းမှာ အရမ်းခက်ခဲ လာတဲ့အခါကျတော့ ဒါက ထွက်ပေါက်တစ်ခု လိုဖြစ်သွားတယ် အရေးယူမှုနည်းလာတော့ ကွန်ယက်က ပိုကြီးလာတယ် ခေတ်ကာလ အရ အရေးယူမှုအားနည်းသွားတဲ့အပိုင်းရော လူတွေရဲ့ဆင်းရဲမွဲတေမှုကြောင့် ဒီအခြေအနေကပိုဆိုးလာတယ်"လို့ အလုပ်သမား ရေးရာ ကိစ္စရပ်တွေကို အထူးပြုရေးသားနေတဲ့ သတင်းသမား အမျိုးသမီးတစ်ဦး ကပြောပါတယ်။

လူကုန်ကူးသူတွေဟာ  အွန်လိုင်းပလက်ဖောင်းတွေက တစ်ဆင့် အမျိုးသမီးအချင်းချင်း စည်းရုံးမြူဆွယ်မှုပြုလုပ်ပြီး တရားဝင်လမ်းကြောင်းက တစ်ဆင့် ပြည်ပသို့ ထွက်ခွာတဲ့ ပုံစံသို့ ပြောင်းလဲဆောင်ရွက်လာကြတာပါ။

ယခင်ကတော့ ပညာအရည်အချင်းနိမ့်ပါးသူများသာ လူကုန်ကူးခံရခြင်း ပြဿနာများ ပေါ်ပေါက်ခဲ့ပေမယ့် ယခုကာလမှာ  ပညာတတ်တွေပါ လူကုန်ကူးခံရတဲ့  ဖြစ်စဉ်တွေမှာ  ပါဝင်နေတယ်လို့လည်း သိရပါတယ်။

တရုတ်ဇနီးမယားအဖြစ် တရား၀င်လက်ထပ်ယူပေးခြင်းနဲ့ ကိုယ်၀န်ဆောင်ခြင်းလုပ်ငန်းများအတွက် "ယောကျားကောင်းရမည်၊ လုပ်အကိုင်ကောင်းကောင်းရမည်၊ ဝင်ငွေကောင်းကောင်းရမည်၊ ငွေကြေးပမာဏ အမြောက်အမြားရမည်၊ ချမ်းချမ်းသာသာနေရမည်" စသည်ဖြင့် လိမ်ညာမက်လုံးပေးမှုများရဲ့ နောက်ကွယ်မှာတော့ လူလူချင်းခေါင်းပုံဖြတ်အမြတ်ထုတ်မှု၊ ကျေးကျွန်သဖွယ် အဓမ္မခိုင်းစေမှုတို့နဲ့ ညှင်းပန်းနှိပ်စက်ခံရမှုတွေကိုသာ ပြုကျင့်ခံရတာဖြစ်တယ်လို့ လည်း အချက်အလက်တွေအရ တွေ့မြင်နေရပါတယ်။

"တရုတ်ပြည်မှာ ဇနီးမယား သွားလုပ်တာနဲ့ ကိစ္စတွေက အဆင်ပြေသွားမှာမဟုတ်ဘူး ဆိုတာပြောချင်တယ်" လို့  အမျိုးသမီး သတင်းသမားက ပြောပါတယ်။

 


Related posts

Cover
အဖြေရှာဖို့ ခက်ခဲသေးတဲ့ ကလေးလုပ်သားပုစ္ဆာ
Dec 21, 2024
Cover
ကျပ်တည်းခက်ခဲလာတဲ့ အခြေခံပြည်သူတွေရဲ့ဒုက္ခ
Nov 26, 2024
Cover
ညီမမေသူ သို့ ပြန်စာ - ၁
Nov 19, 2024
Cover
"ကိုမင်း ဈေးထဲ လမ်းလျှောက်ထွက်ခြင်း"
Nov 18, 2024
Cover
"ဝေးကွာလာသည့် ပြည်ပအိမ်မက်များ”
Nov 17, 2024
Cover
ပြောပြရဦးမယ် လူမှုဖူလုံရေးတွေအကြောင်း
Nov 17, 2024
Cover
စစ်မှုထမ်းရှောင် ပြည်ပရောက် ဒုက္ခသားကောင်များ
Nov 03, 2024
Cover
ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ခံနေရသော မြန်မာ့အလုပ်သမားအရေး လှုပ်ရှားမှု
Oct 25, 2024