ARTICLE

ကျပ်တည်းခက်ခဲလာတဲ့ အခြေခံပြည်သူတွေရဲ့ဒုက္ခ

CoverLogo
46 Views

စစ်အာဏာသိမ်းထားတဲ့ သက်တမ်းကြာရှည်လာတာနဲ့အမျှ  ပဋိပက္ခတွေကြား ရပ်တည်ရှင်သန်နိုင်ရေး လုံးပန်းနေရင်းကနေကျပ်တည်းနေရတဲ့ အခြေခံလူတန်းစား အရေအတွက်ဟာ နေ့စဉ်ဆိုသလို တိုးလာနေပါတယ်။ 

ပြည်တွင်းမှာ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေမှုကြောင့် စားဝတ်နေရေးအတွက် ခက်ခဲကြီးစွာ ရုန်းကန်နေရတဲ့ အခြေအနေတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း အချက်အလက်တွေ ထုတ်ပြန်နေပေမယ့် အုပ်ချုပ်ရေး လူတန်းစားကတော့ ထည့်သွင်းစဉ်းစားဟန် မရှိသေးပါဘူး။

စစ်တပ် အုပ်ချုပ်ရေး ပိုင်းကနေ ရေတို ဖြေရှင်းချက်တွေ၊ လက်တွေ့မကျတဲ့ မူဝါဒတွေ၊ ထင်တိုင်းကြဲတဲ့ သတ်မှတ်ချက်တွေကြောင့် တစ်တိုင်းပြည်လုံး ပုံမှန်စနစ်တကျ လည်ပတ်စီးဆင်းနေတဲ့ ယန္တရားဆိုတာ မရှိသလောက်ကို ဖြစ်နေပါတယ်။ 

ဒီလို အခြေအနေတိုင်း ရဲ့ သက်ရောက်မှုတွေကို ခါးစည်းခံရတာကတော့ အောက်ခြေလူတန်းစားပြည်သူတွေပါပဲ။

အလုပ်လုပ်ရင်း အငတ်ဘေးဆိုက်နေရတဲ့  အခြေအနေတွေ၊ လှေလှော်ရင်း တက်ကျိုးရတော့မယ့် အဖြစ်တွေကို အခြေခံလူတန်းစားတွေ စတင်ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ 

ဒီဖြစ်ရပ်တွေအတွက် တာဝန်ယူဖြေရှင်းပေးမယ့် အဖွဲ့အစည်း ၊ လူပုဂ္ဂိုလ် တဦးတလေလည်း ရှိမနေပါဘူး။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ အောက်တိုဘာ ၃၁ ရက်နေ့ သတင်းထုတ်ပြန်ချက်အရဆိုရင် မြန်မာနိုင်ငံလူဦးရေရဲ့ လေးပုံတစ်ပုံနှုန်းဖြစ်တဲ့ လူဦိးရေစုစုပေါင်း ၁၃ ဒဿမ ၃ သန်း စားနပ်ရိက္ခာအခက်အခဲ ကြုံနေကြရပြီး အဲဒီလိုအခက်အခဲ ဖြစ်နေသူတွေထဲက လူဦးရေ ၂ ဒဿမ ၇ သန်းကတော့ စားနပ်ရိက္ခာ အခက်အခဲ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေကြရတယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။ 

“အခက်အခဲမျိုးစုံ၊ ရိုက်ခတ်မှုမျိုးစုံ၊ ကြုံတွေ့နေရသူတွေများလာတာကြောင့် စားနပ်ရိက္ခာဖူလုံမှုအခြေအနေဟာ မြန်မာနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ တစ်ခါမှ ဒီလောက်ထိ ဆိုးရွားတာမျိုး မရှိခဲ့ဖူးပါဘူး” လို့ WFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Paolo Mattei က ပြောထားပါတယ်။

ဒါ့အပြင် ပြည်တွင်းက အခြေခံစားသောက်ကုန် ဈေးနှုန်းတွေကလည်း မနှစ်ကနဲ့ နှိုင်းယှဉ်ကြည့်ရင် ၅၀ ရာခိုင်နှုန်း တိုးလာတယ်လို့လည်း ဖော်ပြထားပါတယ်။ 

ဒီအခြေအနေဟာ သမာအာဇီဝကျကျ ရုန်းကန်စားသောက်နေထိုင်သူတိုင်းကို ထိထိမိမိ ရိုက်ခတ်နေတဲ့ ပြင်းထန်တဲ့လှိုင်းလုံးတွေဖြစ်ပါတယ်။ 

ဒီလိုရိုက်ခတ်မှုတွေကို အခြေခံလူတန်းစားတွေ ဘယ်လောက်ထိ တောင့်ခံနိုင်မလဲဆိုတာတော့ ရေရာတဲ့အဖြေ ရှိမနေပါဘူး။ 

လက်ရှိမှာကိုက စစ်အုပ်စုရဲ့ မူဝါဒအမျိုးမျိုးကြားမှာ  ပုံမှန်ရုန်းကန်လှုပ်ရှားနေရသူတွေကို ဖိအားတွေ နည်းမျိုးစုံနဲ့ပေးနေတာပဲ ဖြစ်ပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီအုပ်ချုပ်ရေး နယ်မြေတွေမှာနေထိုင်ကြတဲ့ ပြည်သူတွေဟာ ဥပဒေချိုးဖောက်ကျူးလွန်သူတွေအဖြစ် အချိန်မရွေးတံဆိပ်ကပ်ပြီး ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်ကိုပါ ရင်ဆိုင်နေရ သေးတာလည်းဖြစ်ပါတယ်။

လက်လုပ်လက်စား အခြေခံလူတန်းစားတွေဟာလည်း စစ်ကောင်စီလက်ထက်မှာ စားဝတ်နေ ရေး ပိုမိုခက်ခဲလာသလို စစ်ကောင်စီ လက်အောက်ခံတွေရဲ့ မူဝါဒအမျိုးမျိုး ချမှတ်ပြီး ငွေရပေါက်ရလမ်းသဖွယ် အသုံးပြုနေတာကိုလည်း လည်စင်းခံနေရပါတယ်။ 

“တစ်လမှ သုံးသိန်းကျော်လောက်ရတဲ့ အခြေခံဝန်ထမ်းမိသားစုလေးတွေကို အုပ်ချုပ်ရေးအဖွဲ့တွေက တစ်ပတ် တစ်ခါ ဧည့်စာရင်းတိုင်ခိုင်းရတာနဲ့ ကင်းကြေးကောက်ရတာနဲ့၊ အလုပ်လေးလျှောက်ဖို့ ထောက်ခံစာလေး လုပ်ချင် ရင် သူတို့ကအရင်မိုက်ကြေးခွဲသလို တောင်းနေတာနဲ့။ သူတို့အတွက်ငွေရပေါက်ရလမ်းက အခြေခံပြည်သူတွေပဲ။ အခုက စားဖို့သောက်ဖို့ ခက်ခဲတာအပြင် အပိုစရိတ်တွေကလည်း တက်လာတာ”လို့ ရန်ကုန်၊ ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ အမည်မဖော်လိုတဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

ဒီလိုအခြေခံ လူတန်းစားတွေကို ဆက်ကြေး အမျိုးမျိုး တောင်းခံနေတာတွေအပြင် တစ်နိုင်တစ်ပိုင်လုပ်ငန်း လုပ် ကိုင်သူတွေနဲ့ လက်လုပ်လက်စားပြည်သူတွေကို အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက မူဝါဒအမျိုးမျိုးနဲ့ ဖိအားပေးပြီး ငွေကြေးတောင်းခံတာတွေလည်း လုပ်ဆောင်နေပါတယ်။

“ဆိုင်ဖွင့်ဖို့အတွက် လိုင်စင်စလုပ်ကတည်းက တောင်းလိုက်တဲ့ပိုက်ဆံဆိုတာလေ ဆိုင်ကိုကွင်းဆင်းလည်း ပေးရတယ်။ နောက်လိုင်စင်လာထုတ်လို့ရရင် အလှူငွေ ဘယ်လောက်ထပ်ထည့်ပါဆိုလည်း ပေးရတယ်။ တွက်ကြည့်ရင် အပို ပေးရတဲ့ပိုက်ဆံက တရားဝင်သွင်းရတဲ့ငွေထက် များတယ်။ ဒါပေမယ့် ကျွန်မတို့မှာ ငြင်းပိုင်ခွင့်မရှိဘူး။ လိုင်စင် ကလည်း လုပ်ချင်လွန်းလို့ လုပ်တာမဟုတ်ဘူး။ လိုင်စင်မလုပ်တော့ စည်ပင်က စာပို့တယ်။ စာသုံးကြိမ်ပို့လို့မှ လာမတွေ့ရင်၊ လိုင်စင်မလုပ်ရင် ဆိုင်ပိတ်ရတယ်ပြောတယ်။ ပြောမယ်ဆို သပ်သပ် အနိုင်ကျင့်ခံရတယ်လို့ ခံစားမိတယ်။ ဒီကာလမှာ အရောင်းအဝယ်က မှန်းမရဘူး။ အဲဒါကို မတရားကို လုပ်နေတာာလို့ ခံစားရတယ်။ တရားဝင်သွင်းရတဲ့ အခွန်အခထက် ပိုတောင်းတယ်။ စေတနာရှိသလောက်ပေးရတာတောင် မဟုတ်ဘူး။ ဘယ်လောက်ပေးဆိုပြီး ထုတ်တောင်းတာ”လို့ လုပ်ငန်းလိုင်စင် လျှောက်ထားတဲ့ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
 
ဒါဟာ လမ်းဘေးဆိုင်ဖွင့်လှစ်ရောင်းချဖို့ ကြိုးစားနေရတဲ့ အသေးစား လုပ်ငန်းတခုစီတိုင်းရင်ဆိုင်နေရတဲ့ အခြေအနေဖြစ်ပါတယ်။

အသေးစား ဆိုင်လုပ်ငန်းတွေသာမက အောက်ခြေမှာ နည်းလမ်းအမျိုးမျိုးနဲ့ လုပ်ကိုင်စားသောက်နေရတဲ့ အခြေခံပြည်သူတွေကိုထပ်မံ ဖိအားပေးပြီး ငွေကြေးတောင်းခံနေတာပါ။ 

အဲ့ဒီအတွက် စစ်ကောင်စီလက်အောက်ခံ ယန္တရားအသီးသီးမှာလည်ပတ်နေတဲ့ အစိုးရဝန်ထမ်းတွေကို  တရားဝင်လိုင်စင် လုပ်ပြီး အပိုငွေကြေး ပေးနေရသလို လိုင်စင်မတတ်နိုင်သူတစ်ချို့ကလည်း တစ်နှစ်စာအတွက် ငွေကျပ်သိန်းဂဏန်းကို အသုံးပြုပြီး လိုင်းကြေးသဘော ပေးဆောင်ရပါတယ်။

“ကုန်စုံဆိုင်လေးတွေ၊ ကွမ်းဆိုင်လေးတွေ၊ အပ်ချုပ်ဆိုင်လေးတွေ အဲဒီလိုအသေးလေးတွေကျတော့ တစ်လကို ဘယ်နှစ်ထောင်သဘောမျိုး ပေးရတယ်။ လိုက်ကောက်တယ်။ လိုင်စင်ယူပြီးရင်တော့ စည်ပင်က ကျန်းမာရေး အခွန်တို့၊ အမှိုက်အခွန်တို့ပါ ထပ်တောင်းတယ်”လို့ လုပ်ငန်းလုပ်ကိုင်သူက ဖြည့်စွက်ပြောဆိုပါတယ်။

ခေတ်ပျက်ကြီးမှာ စားဝတ်နေရေးအခက်အခဲကြောင့် ပြည်သူတွေဟာ တစ်နိုင်တစ်ပိုင် အရောင်းဆိုင်လေးတွေ ဖွင့် လှစ်တာ၊ စားသောက်ကုန်ရောင်းချတာတွေနဲ့ လက်မှုလုပ်ငန်းလေးတွေ လုပ်ကိုင်တာကို တော်တော်များများက လုပ်ဆောင်လာကြပါတယ်။ 

အုပ်ချုပ်ရေးဌာန၊ အကောက်ခွန်၊ စည်ပင်စတဲ့ ဌာမျိုးစုံက ဌာနဆိုင်ရာဝန်ထမ်းတွေက  ဒီအခြေအနေတွေကနေ ငွေရပေါက်ရလမ်းလိုသဘောထားပြီး အဓမ္မလာဘ်ငွေတောင်းခံမှုတွေဖြစ်ပေါ်နေတာပါ။

"ကြိုးနီစနစ်ရဲ့ ဒဏ်တွေကို အောက်ခြေပြည်သူတွေက ပိုပြီးခံလာရတာပေါ့။ ညွှန်ကြားချက်တခုထွက်လိုက်တိုင်း ပွဲစားတွေ ပေါ်လာတော့တာပဲ။ ဘာလုပ်လုပ် ပွဲစားနဲ့လုပ်မှ အဆင်ပြေတယ်။ ကိုယ်ဘာသာကိုယ်လုပ်ရင် မပြီးနိုင််တော့တဲ့ လုပ်ငန်းဆောင်တာတွေကြောင့် အလုပ်တွေပျက် ပိုပြီး ကုန်ရတယ်။ အဲ့တော့ ပွဲစားပဲအားကိုးရတဲ့ စနစ်ကြီးပေါ်လာကော။ ဝေစားမျှစားတဲ့ စနစ်ကို သူတို့ က အကောင်အထည်ဖော်ကြတာပေါ့ ပြောရမယ်ဆိုရင်" လုပ်ငန်းလိုင်စင် လုပ်ဆောင်ခဲ့တဲ့ အမျိုးသားတစ်ဦးက မှတ်ချက်ပေးပါတယ်။

အရောင်းအဝယ် ပုံမှန်မရှိတာ၊ အရင်းအနှီးများတာ၊ အရင်းအမြတ် ခွဲမရတာတွေကြောင့် ဒီကာလမှာ ဈေးရောင်း စားသူတွေအတွက် အခက်အခဲတွေ ရှိနေပေမယ့် ဌာနအသီးသီးကတော့ မြေပြင်အခြေနေတွေကို မသိချင်ယောင် ဆောင်ပြီး ငွေရပေါက်အဖြစ် ဖန်တီးနေကြတာဖြစ်ပါတယ်။ 

ဒါတင်မကသေးဘဲ ပြည်သူတွေရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေ အဆင်မပြေစေဖို့ မူဝါဒအမျိုးမျိုးသတ်မှတ်ပြီး ခက်ခဲအောင်လုပ်တာ၊ စားဝတ်နေရေး အဆင်မပြေဖြစ်နိုင်တာတွေကို ထည့်သွင်းမစဉ်းစားဘဲ  မူဝါဒအမျိုးမျိုးနဲ့ အမိန့်မျိုးစုံထုတ်နေတာတွေဟာစစ်ကောင်စီ လက်ထက်မှာ နေ့စဉ်ဆိုသလို ပိုမိုဆိုးရွားလာနေပါတယ်။ 

လုပ်ငန်းအသီးသီးကို ဝန်ဆောင်မှုပေးတဲ့ ကြားပွဲစားတွေအဖြစ် နောက်ဆက်တွဲ အကျိုးအမြတ်ရရှိသွားသူတွေကတော့ ဌာနဆိုင်ရာ ဝန်းထမ်းတွေပါ။ 

လက်လုပ်လက်စား လူတန်းစားတွေအတွက် အရင်းအနှီးနည်းနည်းနဲ့ နေ့စဉ် ဝင်ငွေရစေတဲ့ ဘေးတွဲဆိုင်ကယ်မောင်းတဲ့ အလုပ်အကိုင်ဟာ အခြေခံ လူတန်းစားအများစုနဲ့ နီးနီးစပ်စပ် ရှိလှပါတယ်။ 

နေ့စဉ် ဝင်ငွေ သောင်းဂဏန်းလောက်ထိ ကြိုးစားရှာဖွေနိုင်တဲ့ ဒီအလုပ်က လူကြီး၊ လူငယ်မရွေး လုပ်ကိုင်နိုင်ကြတာပဲ ဖြစ်ပါတယ်။ 

ဒါပေမယ့် လက်ရှိမှာတော့ ဆိုင်ကယ်ကယ်ရီမောင်းနှင်တာနဲ့ ဘေးတွဲဆိုင်ကယ် မောင်းနှင်သူတွေဟာ စိန်ခေါ်မှု မျိုးစုံကို ရင်ဆိုင်နေရကြရပါတယ်။ 

ဘေးတွဲဆိုင်ကယ် အသုံးပြုပြီး ဈေးရောင်းစားသူ၊ ပစ္စည်းသယ်ယူပို့ဆောင်ပေးသူတွေအားလုံးဟာ စစ်ကောင်စီနဲ့ အပေါင်းအပါတွေရဲ့ အမိန့်အမျိုးမျိုးကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ 

စစ်ကောင်စီဟာ သုံးဘီးဆိုင်ကယ်တွေနဲ့ ပတ်သက်ပြီး မူဝါဒအမျိုးမျိုး ထုတ်ပြန်နေတာဖြစ်ပြီး မကြာသေးခင် ကတော့ အမိုးအကာတွေကို ဖြုတ်ထားဖို့ ကယ်ရီဂိတ်တွေမှာ ပြောဆိုတာတွေ ရှိခဲ့တာပါ။ 

အမိုးအကာတွေ တပ်ဆင်ထားတဲ့ဘေးတွဲတွေကို ဒဏ်ကြေးကောက်တာ၊ အမိုးတွေကို ဖြုတ်ယူတာအပြင် ပါးရိုက်တာ၊ တိုင်ထလုပ်ခိုင်းတာတွေကိုပါ လုပ်ဆောင်နေတာပါ။

“ဘေးတွဲမှာအမိုးတပ်ထားတာ သူတို့ကိုဘာထိခိုက်လို့လဲဗျာ။ အဲဒါကို ဖြုတ်ခိုင်းတယ်။ ခုဆိုကလေးတွေ၊ သက်ကြီးရွယ်အိုတွေလည်း နေပူထဲ၊ မိုးရွာထဲ သွားလာနေရတယ်။ ဘေးတွဲအမိုးဖြုတ်တော့ရော သူတို့အတွက် ဘာအကျိုးရှိသွားသလဲ။ လူတွေအဆင်ပြေနေတာကို မမြင်ချင်လို့ သက်သက်မယ့် အကျင့်ယုတ်တဲ့သဘောပဲ။အခုဆို စီးတဲ့သူက သိသိသာသာ နည်းသွားတယ်။ အမိုးအကာတွေ မရှိတော့ နေပူချိန်ဆို စီးတဲ့သူမရှိသလောက် ဖြစ်သွားတယ်။ လပေးစီးတဲ့သူတွေလည်း အမိုးအကာမရှိတော့ သိပ်မစီးတော့ဘူး” လို့ ဘေးတွဲဆိုင်ကယ် ကယ်ရီသမားတစ်ဦးက ပြောပါတယ်။

ဘေးတွဲတွေကို အမိုးဖြုတ်ခိုင်းတာအပြင် ဘေးတွဲတိုင်းကို ဂိတ်တစ်ခုခုမှာ မဖြစ်မနေဝင်စေပြီး လစဉ် ဂိတ်ကြေးကောက်ဖို့လည်း ဆောင်ရွက်နေတယ်လို့ ဘေးတွဲမောင်းသူတွေဆီက သိရပါတယ်။ 

ဂိတ်မဝင်ထားတဲ့ ဘေးတွဲတွေ၊ ဂိတ်ကြေးမပေးတဲ့ အိမ်စီးဘေးတွေကို ဖမ်းဆီးအရေးယူမယ်လို့လည်း ဆိုပါတယ်။ 

ဒါဟာ အခြေခံလူတန်းစားတွေအတွက်တော့ စားဝတ်နေရေး ခက်ခဲစေတဲ့မူဝါဒတစ်ခုပါပဲ။ 

ဒီမတိုင်ခင်က တော့ ဘေးတွဲကယ်ရီပြေးဆွဲခွင့် လက်မှတ်တွေ လုပ်ပေးမယ်ဆိုပြီး ရပ်ကွက်ရုံးတွေကတစ်ဆင့် ကတ်ပြားတွေကို ကျပ်သောင်းဂဏန်းနဲ့ ရောင်းချတာ၊ ကယ်ရီအင်္ကျီတွေ ဝတ်ဆင်ခိုင်းတာ၊ ဆိုင်ကယ်စီး ဦးထုပ်တွေ ဝတ်ဆင်ခိုင်း တာစတဲ့ မူဝါဒအမျိုးမျိုးကို ချမှတ်ပြီး ငွေရှာခဲ့ကြပါသေးတယ်။ 

လက်တွေ့မှာတော့ မူဝါဒတွေစုံလင်လို့ ငွေကုန်ကြေးကျတာတွေ များလာပေမယ့် ဘေးတွဲဆိုင်ကယ်သမားတွေ ဆက်လက်ရပ်တည်ဖို့ မလွယ်တဲ့အခြေအနေပဲ ဖြစ်လာပါတော့တယ်။

နေ့စဉ်ထုတ်ချင်သလိုထုတ်နေတဲ့ အမိန့်တွေ၊ ခေတ်ပျက်ကို အားကိုးပြီး ပြည်သူဆီက အမြတ်ထုတ်ချင်တဲ့ ပြည်သူ့ ဝန်ထမ်းတွေနဲ့ မြေပြင်မှာအဆင်မပြေတဲ့ သတ်မှတ်ချက်တွေအောက်မှာ အခြေခံလူတန်းစားတွေရဲ့ ဘဝတွေ ကတော့ ဖရိုဖရဲဖြစ်လို့နေပါတယ်။

“တစ်ကယ်တော့ဗျား ဟိုးအပေါ်က ချမှတ်တဲ့ မူဝါဒတစ်ခုက စောက်တလွဲ ဖြစ်လာရင်လည်း လည်စင်းခံရတာ အခြေခံလူတန်းစား ပြည်သူပါပဲ။ အောက်ခြေကကောင်တွေ ထင်တိုင်းကြဲတာကို ခံရတာကလည်း ကျွန်တော်တို့ပါပဲ။ တစ်ခါတစ်လေကျ တော့လည်း မေးချင်တယ်။ ဒီကောင်တွေရဲ့ အုပ်ချုပ်ရေးက အခြေခံပြည်သူတွေကိုပဲ သက်ရောက်တာလား တွေးမိတယ်။ မြို့ထဲမှာ ညနက်တဲ့အထိ ကလပ်တွေ၊ ဘားတွေမှာ လူစည်မပျက်ပေမယ့် ရွှေပြည်သာက အမေတစ်ယောက်ကတော့ သူ့ကလေး (၉) နာရီကျော်တဲ့အထိ အိမ်ပြန်ရောက်မလာသေးရင် ရင်မနေရတယ်” ဆိုတဲ့ ရန်ကုန်မြို့ရဲ့ အစွန်အဖျား မြို့နယ်လေးမှာ နေထိုင်သူတစ်ဦးရဲ့ စကားသံကတော့ အာဏာရှင်ခေတ်ရဲ့ သရုပ်အမှန်ကို ပြသနေပါတော့တယ်။

 


Related posts

Cover
ညီမမေသူ သို့ ပြန်စာ - ၁
Nov 19, 2024
Cover
"ကိုမင်း ဈေးထဲ လမ်းလျှောက်ထွက်ခြင်း"
Nov 18, 2024
Cover
"ဝေးကွာလာသည့် ပြည်ပအိမ်မက်များ”
Nov 17, 2024
Cover
ပြောပြရဦးမယ် လူမှုဖူလုံရေးတွေအကြောင်း
Nov 17, 2024
Cover
ခါးသီးသောဆုံးဖြတ်ချက်များ၏ နောက်ကွယ်
Nov 08, 2024
Cover
စစ်မှုထမ်းရှောင် ပြည်ပရောက် ဒုက္ခသားကောင်များ
Nov 03, 2024
Cover
ရက်စက်ကြမ်းကြုတ်စွာ ဖိနှိပ်ခံနေရသော မြန်မာ့အလုပ်သမားအရေး လှုပ်ရှားမှု
Oct 25, 2024
Cover
အချိန်တို ကုထုံး လိုအပ်နေသူတွေ ....
Oct 20, 2024