ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်က ဒီလို ဆောင်းကာလ မနက် ၅ နာရီကျော် ၆ နာရီအချိန်ဆိုတာ ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မိုက်ဆဲပါ။ ဒါပေမယ့် အမျိုးသမီးတစ်ယောက်ကတော့ နေအိမ်ခန်းရှေ့ကနေ အလုပ်သမား ခေါင်းဆောင်တွေနေတဲ့ အိမ်တွေဘက် ခေါက်တုန့် ခေါက်ပြန်လမ်းလျှောက်လို့နေပါတယ်။
လှိုင်သာယာဘက်က ရာသီဥတုက ရန်ကုန်မြို့ထဲနဲ့ မတူပဲ အအေးဓါတ်ကို သိသိသာသာခံစားနေရလို့ အများစု ခြင်ထောင်ထဲ ကွေးနေ ကြပေမယ့် အနွေးထည် ခပ်နွမ်းနွမ်းဝတ်ထားတဲ့ ဒေါ်ချစ်မွှေး ကတော့ ပုံမှန်အတိုင်း ချက်ပြုတ်ပြီးစီးလို့ ဆောက်လုပ်ရေးလုပ်ငန်းအတွက် နေ့စားအလုပ်ခေါ်ယူမယ့် အလုပ်သမား ခေါင်းတွေကို မျှော်နေတာပါ။
“ အလုပ်က အခုချိန်မှ မဟုတ်ပါဘူး ဒီလိုမျှော်ရတာ ကြာပါပြီ။ ကိုဗစ်တုန်းကလည်း နားထားရတာ။ ရွေးကောက်ပွဲ မဲထည့်ပြီး အလုပ်တွေ ပြန်ကောင်းမယ် ထင်တာ။ ဒါလည်း မဟုတ်ဘူး။ အာဏာသိမ်းလိုက်တော့ အလုပ်တွေလည်း မရေမရာနဲ့ “ လို့ ပြောဆိုပြီး ဒေါ်ချစ်မွှေး က လက်ထဲက ဆေးလိပ်ကို မီးညှိ လိုက်ပါတယ်။
မြန်မာအမျိုးသမီးတွေထဲမှာ အရပ်မြင့်တယ်လို့ ပြောလို့ ရတဲ့ အရပ်အမောင်းပိုင်ရှင် ၊ အဖြူပျက်ထက် ပိုတဲ့ ခပ်ညိုညို ခပ်ခြောက်ခြောက် အသားအရည်၊ ဆေးလိပ်ကြောင့် ဝါကျင်ကျင်သွားတွေက ရယ်မောလိုက်တိုင်း ထင်ထင်ရှားရှား တွေ့ရတဲ့ မျက်နှာအမျိုးအစားကို ဒေါ်ချစ်မွှေး က ပိုင်ဆိုင်ထားပါတယ်။
မျက်လုံး ကျယ်ကျယ် နဲ့ မျက်နှာပေါ်မှာတော့ သူ့ရဲ့ အသက်အရွယ်ထက်ပိုတဲ့ အရေးအကြောင်းတွေ ထင်ထင်ရှားရှား တွေ့တဲ့ ဒေါ်ချစ်မွှေး ကို သက်ရွယ်သူတွေအပါအဝင် အိမ်နီးနားချင်းတွေက ဒေါ်ချစ်မွှေး ( အမေချစ် )လို့ လည်း ခေါ်ကြပါတယ်။ မကြာမီ အမျိုးသမီးငယ်တစ်ဦး ခပ်သွက်သွက် လျှောက်လာတွေ့လိုက် ရတာကြောင့် အနည်းပြုံးပြီး ပြောလိုက် တာက။
“ ဟဲ့ ရွှေတိုး၊ ညီးယောင်္ကျား မင်းကျော်ရော၊ ငါ ဒီနေ့ အလုပ် လိုက်ရမလား မေးမလို့” ပြောဆိုကာ ကိုမင်းကျော်အိမ်ဘက် လမ်းလျှောက်ထွက်သွားပါတယ်။ ၁၀ မိနစ်ခန့်အကြာ မှာတော့ မျက်နှာ အနည်း ငယ်ပျက်ကာ ပြန်ရောက်လာပြီး စပြောပါတယ်။
“ အလုပ်က ခပ်နည်းနည်း၊ လိုက်ချင်တဲ့ သူကများများ နဲ့ ကိုယ့်အသက်အရွယ်နဲ့ အလုပ်က သိပ်မလွယ်ဘူး။ မနက်ဖြန်တော့ ခေါ်မယ်ပြောတာပါပဲ” လို့ အနည်းငယ်မောပန်းဟန်နဲ့ အမေချစ်က ပြောပါတယ်။
မြန်မာနိုင်ငံက အလုပ်သမားတစ်ယောက်ရဲ့ တစ်နေ့ ပျှမ်းမျှ ဝင်ငွေဟာ ၃ ဒေါ်လာ (မြန်မာကျပ်ငွေ ၆၀၀၀ ခန့်) ဝန်းကျင်သာရှိပြီး ထုတ်ကုန် ဝန်ဆောင်မှုကဏ္ဍအသီးသီးမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားပေါင်းက ၃၅ သန်းအထိ ရှိတယ်လို့ အလုပ်သမား အရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
ဝန်ဆောင်မှုလုပ်ငန်း အမျိုးအစားထဲမှာပါတဲ့ ဆောက်လုပ်ရေး လုပ်သား ဒေါ်ချစ်မွှေး အတွက်တော့ မြန်မာနိုင်ငံ လူဦးရေ တစ်ဝက် လောက်ရှိတဲ့ လုပ်သားများကြား တစ်နေ့တာ အလုပ်ခအတွက် ရုန်းကန်ရစပြုနေပါပြီ။
အလုပ်သမားခေါင်းဆောင် ကိုမင်းကျော် လူပျိုဘဝကတည်းက အမေချစ်တို့နဲ့ ဆိုဒ်(အလုပ်ခွင်)တစ်ခုတည်း ၊ ကုမ္ပဏီတစ်ခုတည်း အတူလုပ်ကိုင်ခဲ့တဲ့ သံယောဇဉ်နဲ့ အလုပ်ပေးပေမယ့် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေ မရေမရာ အခြေအနေတွေက အမေချစ်အတွက် အလုပ်အကိုင်ပေးဖို့ အခက်အခဲ ရှိလာလို့ ကိုမင်းကျော်က ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ကိုမင်းကျော် လုပ်ကိုင်နေတဲ့ ကုမ္ပဏီရဲ့ လုပ်လက်စ အလုပ်တွေ ရပ်တန့်ခံခဲ့ရတာ၊ လက်စသတ်တဲ့ လုပ်ငန်းတွေကိုသာ လုပ်ကိုင်နေရတာနဲ့ လုပ်ငန်းသစ် လုပ်ကိုင်တာမရှိတွေက သူ့အတွေ့အကြုံအရ ရှေ့လာမယ့် လအနည်းငယ်အတွင်း အလုပ်ကိုင်ရရှိဖို့ ခက်ခဲလာ မယ်လို့ သူ့က ခန့်မှန်းတာပါ။
လက်ရှိ မြန်မာနိုင်ငံက တိုတယ်(လ်)စွမ်းအင်လို့ စွမ်းအင်ကုမ္ပဏီတွေ နုတ်ထွက် တာကစလို့ တိုရိုတာ ၊ တယ်လီနော် ၊ AEON ၊ အမတအုပ်စု(ထိုင်း) စတဲ့ ထိပ်သီးစီးပွားရေး လုပ်ငန်း ၂၂ ခု နုတ်ထွက်ထားသလို့ ဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ အထည်ချုပ်လုပ်ငန်းတွေမှာလည်း အမှာစာရပ်တာနဲ့ လုပ်ငန်း ရုပ်သိမ်းတာတွေ ရှိနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
နိုင်ငံအတွင်းကနေ လုပ်ငန်းရုပ်သိမ်းတာနဲ့ ပိတ်သိမ်းတာတွေကြောင့် တည်ဆောက်ရေး လုပ်ငန်းတွေပါ ထိခိုက်မှုရှိလာတယ်လို့ လုပ်ငန်းရှင်အချို့က ပြောဆိုကြပါတယ်။ အလုပ်အကိုင်မရှိတာကို ခတ္တခဏသာ ကြုံရဖူးလို့ ကြောက်လန့်မှု မရှိပေမယ့် အခုအချိန်မှာတော့ စိုးရိမ်မှုတွေရှိ နေတယ်ဆိုတာ မျက်သား တက်လို့ မျက်ရည်ဝဲသလို ဖြစ်နေတဲ့ အမေချစ်ရဲ့ မျက်လုံးထဲမှာ အထင်းသား ပေါ်နေပါတယ်။
စစ်ကောင်စီ အာဏာသိမ်း ပြီးနောက် အလုပ်အကိုင် ရှားသလို ကုန်ဈေးနှုန်းက အဆမတန် ကြီးမြင့်နေတယ်လို့ ဒေါ်ချစ်မွှေး က အခုလို ပြောပါတယ်။
“ ခရမ်းချဉ်သီး ဆို ၁၀ ဆလောက်တက်နေတာ၊ ဂေါ်ဖီတို့ ဘာတို့ လည်း အတူပဲ။ စားဆီက ထက်ဝက် ခေါက်ချိုး ကို တက်နေတာ။ ဆန်ဆို အရင်က ၁၅၀၀ ဝန်းကျင် အခု ၂၅၀၀ ကျော်မှာ ။ အလွယ်တကူ ချက်စားလို့ ရတဲ့ အသီးအရွက်ထဲမှာ ကြက်သွန်တစ်ခု သက်သာတာပဲ၊ ဒါကိုကြ ဘယ်လိုချက်စားမလဲ။ “ လို့ အမေမွှေးက မြန်မြန်ဆန်ဆန် ပြောပါတယ်။
ဖြတ်သန်းလာတဲ့ အိမ်ထောင်သက် နှစ် ၃၀ ကျော်ထဲ လက်ရှိအချိန်ကတော့ မျှော်လင့်ချက်မဲ့နေတဲ့ အနေအထား လို့ သူမက မှတ်ချက်ပြုပါတယ်။ ဒါ့အပြင် ဇာတိပြန်လို့ မရတာနဲ့ အလုပ်အသွားအလုပ်လာ စိတ်ချမရတွေ ကလည်း နေထိုင်မှု ဘဝ မလုံခြုံသလို ခံစားနေရတာလို့ ပြောပါတယ်။
လက်ရှိ ရန်ကုန်မြို့တော်ဟာလည်း အန္တရာယ် အရှိဆုံး မြို့တော်အဖြစ် ပါကစ္စတန်နိုင်ငံမြို့တော် ကဘူးလ်မြို့ အထက်မှာ တည်ရှိနေတယ်လို့ နိုင်ငံတကာ စစ်တမ်း တစ်ခုမှာ ဖော်ပြထားပါတယ်။
ကိုယ်တိုင်အလုပ်အကိုင်ရှားပါးသလို ကျောင်းမတက်ဘဲ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ အထက်တန်းကျောင်းသူ သမီးနှစ်ယောက်ရဲ့ ယာယီ အလုပ်အကိုင်တွေကလည်း မတည်မငြိမ်ဖြစ်နေသလို ယောင်္ကျားဖြစ်သူကလည်း အသက်အရွယ်ရနေတဲ့ ပန်းရံဆရာကြီးမို့ နေစဉ် အလုပ်မဆင်းနိုင်တာတွေက မိသားစုရှေ့ရေးကိုအတွက် မျှော်လင့်ချက်မဲ့သလို ဖြစ်နေတာပါ။
“အကြီးမက ၁၀ တန်းဖြေဖို့ ကျောင်းအပ်ပြီးပြီ ၊ နောက် ကိုဗစ်ဖြစ်တယ်၊ ပြီးတော့ ဆန္ဒပြပွဲဖြစ်တယ်၊ အာဏာ သိမ်းတယ်။ အငယ်မက ၉ တန်း ၊ ကျောင်းတက်မလားမေးတယ် ။ သူတို့ မတက်ကြတော့ဘူးဖြေတယ်။ သူတို့ လည်း ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ်၊ ဘယ်သူတွေခံစားနေရတယ်ဆိုတာ သိတယ်။ ကျွန်မ ဇွတ် မတိုက်တွန်းဘူး။”လို့ လေသံတိုးတိုးလေးနဲ့ ပြောပါတယ်။
လှိုင်သာယာမြို့နယ်အတွင်း ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေ အကြီးအကျယ် ဖြစ်ပွား ခဲ့ သလို စစ်ကောင်စီက အဲဒီ ဆန္ဒပြပွဲတွေကို ဖြိုခွင်းခဲ့ရာမှာ တစ်ရက်တည်း လူ ၁၀၀ နီးပါးသေဆုံးတယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။
စစ်ကောင်စီကတော့လူ ၆၀ နီးပါးသေဆုံးတယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် တစ်နေ့ တည်း လူသေဆုံးမှုအများဆုံး ဖြိုခွင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒါ့အပြင် အောက်တိုဘာလထဲမှာ မြိုနယ် အတွင်း ကျူးကျော်နေထိုင်သူတွေကို အတင်းရွှေ့ပြောင်းတာတွေကြောင့် အထိတ်တလန့် နေထိုင်ခဲ့ ရတယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။
“အခုလို အလုပ်ကိုင်ရှားပါးနေတဲ့အချိန် ကိုယ့်သားသမီး အလုပ်လုပ်ဖို့ အသက်ပြည့်လား မပြည့်လားတောင် မစဉ်းစားနိုင်ဘူး။ ယောင်္ကျားကလည်း နေတိုင်း အလုပ်မမှန်ဘူး။ ကိုယ်တိုင်လည်း မမှန်တော့၊ သူတို့ကိုလည်း မတားနိုင်ဘူးပေါ့” လို့ ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ ဥပဒေအရ အသက် ၁၄ နှစ်နဲ့ ၁၅ နှစ် လူငယ်တွေအနေနဲ့ ကုန်ထုတ်လုပ်ငန်း၊ ထုတ်လုပ် စီမံ ပြုပြင်ခြင်းလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ခွင့် ရှိတယ်ဆိုပြီး ပြဌာန်းထားပါတယ်။ ဒါပေမယ့် ပုဒ်မ ၇၇ အရ ထုတ်ပေးထားတဲ့ ကျန်းမာရေး ထောက်ခံချက်ပါရှိဖို့ လိုအပ်ပါတယ်။ သားသမီး ၃ ယောက်ရှိတဲ့ အမေချစ် အတွက် သားဖြစ်သူကို အားကိုးဖို့တော မစဉ်းစားဖြစ်ပါဘူး ပြောပါတယ်။
စစ်တပ်က နိုင်ငံတော်အာဏာကို အကြမ်းဖက် သိမ်းပြီးယူပြီးနောက် စစ်ကောင်စီကို ဆန့်ကျင်တဲ့ သန်းနဲ့ချီတဲ့ နိုင်ငံဝန်ထမ်းတွေဟာ Civil Disobedience Movement (CDM) ပါဝင်ခဲ့ကြပြီး အဲထဲမှာ သစ်တောအမှုထမ်း သားဖြစ်သူကလည်း ပါဝင်လို့ ဒေါ်မြင့်လှိုင်ကပြောပါတယ်။ အိမ်ထောင်သည် သားဖြစ်သူကတော့ ဇာတိရွာမှာ မိသားစုနဲ့ နေထိုင် နေတယ်လို့ ဆိုပါတယ်။
“သူကို ကျောင်းပြီးတဲ့အထိ ပန်းရံအလုပ် လုပ်ပြီး ထောက်ပံ့ခဲ့တာ။ ကျောင်းပြီးတော့ အထက်ပိုင်းမှာ တာဝန်ကျတော့ ဇာတိနေတဲ့နေရာနဲ့ဝေးလို့ ပိုက်ဆံတွေ အများကြီးကုန်ပြီး ကိုယ့်ဇာတိနဲ့ နီးတဲ့နေရာကို ပြန်ပြောင်းပေးခဲ့ သေးတယ်။ အခု သူလည်း သူ့ခံယူချက်နဲ့သူပေါ့။ အန္တရာယ်တော့ အခုအချိန်ထိ ကင်းပါတယ်။” လို့ အသံနိမ့်ပြီး တိုးတိုးလေး ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ဆန္ဒပြသူတွေ၊ တက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်လိုတာကြောင့် အာဏာသိမ်း ပြီး ရက်အနည်းငယ်ကြာမှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေ ပုဒ် ၂၇ ကို ပြင်ဆင်ခဲ့တဲ့အတွက် တနယ်တကျေးကနေ ရန်ကုန်မြို့ကို လာရောက်အလုပ် လုပ်ကိုင်သူတွေအတွက် ကုန်ကျစာရိတ် ပိုမိုလာ တယ်လို့ ပြောပါတယ်။
“အခုဆို ဧည်စာရင်း တခါတိုင်ရင် ၅၀၀ တောင်မရဘူး တစ်ထောင် ၊ ဒါတောင် သန်းခေါင်းစာရင်းဆိုပြီး ဓါတ်ပုံရိုက်တာတို့ ဘာတို့ မပါသေးဘူးနော်။ အခုလို ကြောက်လန့်တကြား သွားလာရတာ မျိုးမဟုတ်ဘူး။ လုပ်ငန်းခွင်လည်း လုပ်ငန်းခွင်မို့ ဘယ်ချိန်ဘာ ဖြစ်မယ် ဆို မသိနိုင်ဘူး။ ကိုဗစ်ကာလမှာဆို ထောက်ပံကြေး ရတယ်။ အဲဒီတုန်းကဆို ကိုဗစ်ပြီးရင် အလုပ်တွေ ပြန်ရမယ် လုပ်ခငွေတွေ ပြန်ဝင်လာမယ်ဆိုတာ ယုံတယ်။ “လို့ အမေချစ်က ပြောပါတယ်။
NLD ပြည်သူ့အစိုးရလက်ထက်မှာ ကိုဗစ်ကာလအတွင် လက်လုပ်လက်စားအခြေခံမိသားစုတွေဟာ အစိုးရ က ပေးတဲ့ ထောက်ပံကြေး နှစ်ကြိမ်ရရှိခဲ့တဲ့အပြင် အစားအသောက်အချို့ ထောက်ပံ့ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိ မိသားစုမှာ အကျပ်အတည်းတွေရှိနေသလို ပြီးခဲ့တဲ့နှစ်တွေက ကြုံခဲ့ရတဲ့ ပွင်းလင်းမြင်သာ ပြောဆို နိုင်တဲ့ ခေတ်ကာလကို လိုလားမိတယ်လို့ သူမက ပြောပါတယ်။
“မေတ္တာနဲ့ နေထိုင်ရတဲ့ အချိန်လို့တောင် ပြောနိုင်တယ်။ အဲ့အချိန်တုန်းကဆို ဧည့်စာရင်းမရှိဘူး။ အလုပ်က ကြိုတဲ့ ကားဆို တားစစ်မယ့်သူတောင် မရှိဘူး” လို့ မျက်နှာမှာ အပြုံးအချို့ နဲ့ ပြောပါတယ်။
အသက် ၅၅ နှစ်ကျော်ရှိနေပြီဖြစ်တဲ့ ဒေါ်ချစ်မွှေး အတွက်တော့ ကျန်တဲ့သက်တမ်း ကာလမှာ အလုပ်အကိုင်ဆိုတဲ့ ဘဝအမောတွေ ရင်ဆိုင်ပြီး မေတ္တာနဲ့ အုပ်ချုပ်နိုင်သူတွေ ပြန်လာပြီး ခေတ်စနစ်ကောင်းနဲ့ ကြုံချင်ပါသေးလို့ ပြောဆိုလိုက်ပါတယ်။