NEWS

လုပ်ငန်းခွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် မကျော်ရေး ပြုလုပ်ရန် တိုက်တွန်း

CoverLogo
882 Views

ပူပြင်းတဲ့ နွေရာသီကာလကို ရောက်ရှိနေပြီဖြစ်တာကြောင့် အလုပ်ရှင်တွေအနေနဲ့ လုပ်ငန်းခွင်တွင်း အပူချိန်ကို ၄၀ ဒီဂရီစင်တီဂရိတ်ထက် မကျော်လွန်ရေး လုပ်ဆောင်ပေးရမယ့် အချက်တွေကို စစ် ကောင်စီ  အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနက တိုက်တွန်းချက် ထုတ်ပြန်ထားပါတယ်။ 

 

ထုတ်ပြန်ရာမှာ ၂၀၂၄ ခုနှစ် ဧပြီလမှာ ပြင်ပရာသီဥတုရဲ့ အမြင့်ဆုံးအပူချိန်ဟာ ၄၈.၂ ဒီဂရီစင်တီ ဂရိတ်အထိ ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်မှာလည်း အရင်နှစ်တွေထက် အပူချိန်ပိုမို ပြင်းထန်နိုင်တဲ့ နှစ်တစ်နှစ် ဖြစ်လာနိုင် တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားတယ်လို့ ဖော်ပြထားပါတယ်။ 

 

ဒါ့ကြောင့် စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေဟာ ပြင်ပအပူချိန်သာမက အလုပ်လုပ်ရာက ထွက်ရှိလာမယ့် အပူချိန်၊ လုပ်သားအင်အားထုက ထွက်ရှိလာမယ့် အပူချိန်တွေကို ပိုမိုခံစားရနိုင်တာပဲ ဖြစ်ပါတယ်။ 

 

“အပူဒဏ်ကြောင့် အာရုံစူးစိုက်မှု လျော့နည်းလာပြီး ထိခိုက်ဒဏ်ရာရရှိတာ၊ ရေဓာတ်ခမ်းခြောက်တာ၊ ကြွက်တက် တာ အပါအဝင် လုပ်ငန်းခွင်ဆိုင်ရာရောဂါတွေ ခံစားရတာ၊ အပူချိန်လွန်ကဲတာကြောင့် သတိလစ်မေ့မျောရာက အသက်ဆုံးရှုံးတဲ့အထိဖြစ်တာ၊ ကုန်ထုတ်လုပ်မှု ကျဆင်းတာ၊ အလုပ်ပေါ် စိတ်ဝင်စားမှု အားနည်းတာ၊ မီးလောင် ပေါက်ကွဲတာတွေ အလွယ်တကူ ဖြစ်နိုင်တယ်”လို့ ဖော်ပြထားပါတယ်။ 

 

ပြည်တွင်းမှာ ပြဌာန်းထားတဲ့ ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေ ပုဒ်မ ၁၅ အရ အလုပ်ရုံရဲ့ အလုပ်ခန်းတိုင်းမှာ လေကောင်းလေသန့် လုံလောက်စွာ ရရှိရေး၊ အလုပ်သမားတွေ နေသာချောင်ချိရေးနဲ့ ကျန်းမာရေးအတွက် အပူ၊အအေး မျှတမှုရှိစေရေး သင့်တော်လုံလောက်တဲ့ အစီအမံတွေ ဆောင်ရွက်ထားရှိရမယ်လို့ ပြဌာန်းထားပါ တယ်။ 

 

ပုဒ်မ ၁၈ အရလည်း အလုပ်ရုံရဲ့ အခန်းတိုင်းမှာ အလုပ်သမားတွေရဲ့ ကျန်းမာရေးကို ထိခိုက်မှု ဖြစ်စေ နိုင်တဲ့ လူဦးရေထူထပ်တာ မရှိစေရလို့ ဖော်ပြထားသလို ပုဒ်မ ၂၀ အရ နွေရာသီမှာ သောက်သုံးရေကို အေးအောင် စီမံထားရှိရမယ်လို့လည်း ပြဌာန်းထားတာပဲ ဖြစ်ပါတယ်။ 

 

“ရာသီဥတုပူလာရင် တကယ်ကို အဆင်မပြေဘူး။ တစ်ချိန်လုံး ခွန်အားသုံး လုပ်ရတာမျိုးဆိုတော့ နွေရာသီ ရောက်မှာကို တကယ်ကြောက်တယ်။ ပြောမယ်ဆို စက်ရုံတွေမှာက သောက်ရေမလောက်ငှတာတို့၊ ရေဗူး ဆောင်ခွင့်မပေးတာတို့၊ ရေထသောက်တိုင်း အပြောခံနေရတာပဲ ရှိတာလေ။ လေဝင်လေထွက် မကောင်းတဲ့ရုံ တွေဆို အလုပ်သမားတွေ မေ့လဲတာတွေ ရှိတယ်”လို့ ရန်ကုန်မြို့ရှိ စက်ရုံ အလုပ်သမားတစ်ဦးက ပြောပါတယ်။ 

 

အပူချိန် မြင့်တက်လာတာနဲ့ ပတ်သက်ပြီး မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က မတ် ၁၀ ရက်မှ ၁၄ ရက်အတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း မြောက်ပိုင်း တွေမှာ အမြင့်ဆုံးအပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင်တာကို တွေ့ရှိရတယ်လို့ ရေးသားထား ပါတယ်။ 

 

လုပ်ငန်းခွင်တွင်းမှာ အပူချိန်လျှော့ချနိုင်ဖို့ စက်ရုံ၊အလုပ်ရုံတွေ အမိုးပေါ်ကို ရေဖြန်းတဲ့စနစ်တပ်ဆင်ဖို့၊ သောက်သုံးရေ လုံလောက်အောင် စီမံဖို့၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်တဲ့ ညွှန်ကြားချက်ဖြစ်စေ၊ ဆရာဝန် ညွှန်ကြားချက်အရဖြစ်စေ ဓာတ်ဆားထုပ်တွေ ထုတ်ဝေသုံးစွဲစေဖို့ အပါ်အဝင် လုပ်ငန်းရှင်တွေ လုပ်ဆောင်ပေးရမယ့် အချက် (၁၂) ချက်ကို ထုတ်ပြန်ထားပါတယ်။

 


Related posts

Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026
Cover
Heng Run Garment အထည်စံချိန်မပြည့်လို့ လုပ်ခမပေးဘဲ အချိန်ပို ဆင်းခိုင်း
May 19, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
Sambo Myanmar အထည်ချုပ်စက်ရုံ ညည့်နက်အချိန်ပို ညစာမကျွေးဘဲ ခိုင်း
May 18, 2026
Cover
Casico Garment ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကို ၇ လကျော်ကြာ မပေးဘဲ တောင်းဆိုသည့် အလုပ်သမားများအား ဒေးကြေးမပေး
May 18, 2026
Cover
Yangon Nadia Clothing အထည်ချုပ် နိုင်ငံခြားသား စက်ရုံမှူးမှ ဆဲဆိုခိုင်း
May 18, 2026