NEWS

စကြာမင်းတိုင်းရင်းဆေးစက်ရုံကို ရဲတပ်ဖွဲ့ စစ်ဆေး စက်ရုံမှူးရှေ့မှာ  စစ်မေးခဲ့

CoverLogo
676 Views

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာမြို့တော်၊ ရန်ကုန်စက်မှုဇုန်က  စကြာမင်းတိုင်းရင်းဆေးစက်ရုံကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေ ဝင်ရောက်စစ်ဆေးခဲ့တယ်လို့  စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

မတ်လ ၂၆ရက်မှာ ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီး စကြာမင်းစက်ရုံ အမှိုတ်ပုံးအတွင်း  လစဉ်သုံး ပစ္စည်း စွန့်ပစ်လို့ အမျိုးသမီး လုပ်သားတွေကို  တစ်ဦးချင်း  စစ်ဆေးခဲ့တဲ့ သတင်းဖော်ပြပြီးနောက် ရဲတပ်ဖွဲက စစ်ဆေးခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။  

“ရဲတွေ လာစစ်သွားတယ်။ နယ်ထိန်းရော စခန်းမှူးရော လာတယ်။ စက်ရုံကတော့ လိမ်ဖြေတာပေါ့။ သူတို့  ဒီလို လုပ်ရပ်မျိုး ရှိပါ့မလား။ ကျွန်မတို့ဆေးတိုက်က လုပ်ပါ့မလားနဲ့  သက်သက်ဖွ တာပါလို့ ပြောတယ်။ ရဲလာတော့ တစ်ခါတည်း မစစ်ဘူး။ ရဲတွေထိုင်ခိုင်းထားပြီး စကားတွေ အကြာကြီး ပြောတယ်။ ရဲတွေ မလာခင် စက်ရုံမှာ အလုပ်သမားတွေကို မီတင်ခေါ်ပြီး စည်းရုံးတယ်။ ဖြေနည်း သင်ပေးတယ်။ သတင်းထဲက အချက်တွေ အကုန် လိမ်ပြောဖို့ ပြောတယ်။ သိပ်မကြာဘူး ရဲတွေ ရောက်လာတယ်။ စက်ရုံမှူး ရွေးပေးတဲ့ အလုပ်သမားတွေကိုပဲ ရဲတွေမေးတာတွေ ဖြေခိုင်းတယ်။ စက်ရုံမှူး ရှေ့မှာပဲ စစ်တာ။ ရဲတွေက တစ်ယောက်ချင်းစီ စစ်တယ်၊ ဖြေခိုင်း တယ်။  အလုပ်သမား ၃ယောက်ရယ်၊  ရာသီလာတယ်ဆို  ၃ယောက်ရယ်။ သုံးရောက်ထဲက တယောက်က အလုပ် မလာတော့ဘူး ၊ နှစ်ယောက်ပဲ စစ်တယ်။”  လို့ အလုပ်သမားတွေက ပြောပါတယ်။ 

မတ်လ ၂၄ ရက် ညနေပိုင်းမှာ လစဉ်သုံးပစ္စည်းတွေ စက်ရုံအမှိုက်ပုံးထဲမှာ တွေ့လို့ဆိုပြီး စွန့်ပစ်သူ ဘယ်သူဘယ်ဝါ သိဖို့ အမျိုးသမီး အလုပ်သမားတွေ ဓမ္မတာလာ  စစ်ဆေးရမယ်ဆိုပြီး စက်ရုံ မန်နေဂျာနဲ့ စူပါ အမျိုးသမီး နှစ်ဦးကို စကြာမင်း  စက်ရုံမှူးက ခိုင်းစေခဲ့တာ ဖြစ်ပါတယ်။ 

စက်ရုံအလုပ်သမားတွေအပေါ် ကျူးလွန်မှုက မြန်မာနိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်တာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာနဲ့ အမျိုးသမီးကို လေးစားမှု မရှိတဲ့ အပြုအမှုလို့ လူမှုကွန်ရက်မှာ ရှုတ်ချ မှတ်ချက်ပေး  ကြပါတယ်။ ဒီလို ရှုတ်ချ ရေးသားမှုတွေ များပြားလာပြီးနောက် စကြာမင်း ဆေးတိုက်ရဲ့ လူမှုကွန်ရက်စာမျက်နှာ ပိတ်ထားတာကို တွေ့ရပါတယ်။ ဒီနောက် စက်ရုံဘက်က အရေးပေါ် အစည်းအဝေး မီတင် ပြုလုပ်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

မတ် ၂၆ ရက် မွန်းလွဲပိုင်းမှာ မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့က စခန်းမှူး၊ နယ်ထိန်းအပါအဝင် ရဲတပ်ဖွဲ့ဝင်တွေ စက်ရုံကို ဝင်ရောက် စစ်ဆေးခဲ့တာဖြစ်ပါတယ်။ စက်ရုံဘက်က လုံခြည်လှန်စစ်ဆေးတာမဟုတ်ဘဲ သီးသန့်အခန်းမှာ စစ်ဆေးခဲ့တာလို့ ကာယကံရှင် အလုပ်သမားအမျိုးသမီးနှစ်ဦးက ဖြေဆိုပြီး  အလုပ်သမားတစ်ဦးကတော့ စက်ရုံဘက်က ဖုန်းခေါ်ခဲ့ပေမဲ့ လုံးဝ ဖုန်းမကိုင်တော့ဘူးလို့ အလုပ်သမားတဦးက ပြောပါတယ်။ 

“အများရှေ့မှာလည်း အမေးခံရ၊ အစစ်ခံရတော့ ဘယ်လို အရွယ်ဖြစ်ဖြစ် အမျိုးသမီးတွေ ရှက်ကြမှာ။ တကယ်ဆို ပါးစပ်နဲ့ ဓမ္မတာ ကိစ္စက မေးတာနဲ့တင် လွန်ပြီ။ အမျိုးသမီး ဓမ္မတာလာအဆန်းလား ။ စစ်တာက အများရှေ့မှာ ဖြစ်ဖြစ်၊ CCTV ရှေ့ဖြစ်ဖြစ်၊ အခန်းထဲပဲ ဖြစ်ဖြစ်၊ စစ်ဖို့လိုလား၊ အထုတ်ပစ်တာက ပြဿနာလား။ စည်းကမ်း ဖျောက်ဖျက် တာလား။ စည်းကမ်းနဲ့ဆို အမျိုးသမီး အိမ်သာမှာ အမှိုတ်ပုံးထား။ ဒီကိစ္စက မြန်မာအမျိုးသမီးတွေ အတွက် ကာယိန္ဒြေပျက်စေတယ်၊ စော်ကားတာ၊ လိင်ပိုင်း နှောင့်ယှက်တာ။ ” လို့ အမျိုးသမီး အလုပ်သမား ခေါင်းဆောင် တဦးက ပြောပါတယ်။ 

စကြာမင်းစက်ရုံဘက်က အမျိုးသမီး အလုပ်သမားတွေရဲ့ တကိုယ်ရေလုံခြုံမှုကို ကျော်လွန်ပြီး အမျိုးသမီး လစဉ်သုံး ပစ္စည်းသုံးစွဲတဲ့ အခြေအနေအထိ စစ်ဆေးခဲ့တာ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒီစစ်ဆေးမှုတွေက CCTV တပ်ဆင်ထားတဲ့ နေရာမှာ ပြုလုပ်ခဲ့ဖြစ်လို့ စစ်ဆေးမှုကို သက်ဆိုင်ရာတာဝန်ရှိသူ  အရေးယူပေးဖို့ အမျိုးသမီးအလုပ်သမား တချို့က ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။   
 
စကြာမင်းစက်ရုံက ကျီးပေါင်းဆေး၊ အားတိုးဆေး၊ အကြောဆေး စတဲ့ တိုင်းရင်းဆေးတွေ ထုတ်လုပ်နေပြီး  အလုပ်သမား ၄၀ လောက် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ လက်ရှိ   အလုပ်သမားအားလုံးကို  စကြာမင်း ယူနီဖောင်း မဝတ်ဆင်ဖို့နဲ့ စက်ရုံနဲ့ ပတ်သတ်တဲ့ မေးမြန်းမှုတွေကို မသိဘူးလို့သာဖြေဆိုဖို့ အလုပ်သမား အားလုံးကို စက်ရုံဘက်က မှာကြားထားတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။

 


Related posts

Cover
Golden Maple Leaf Myanmar အထည်ချုပ် လုပ်သားများ အလုပ်ချိန်တွင် စစ်မှုထမ်း စုဆောင်းခံရ
Feb 26, 2026
Cover
Hige Fashion Accessories Myanmar စက်ရုံ ကိုယ်ဝန်ဆောင် အလုပ်သမားအား အလုပ်ထုတ်
Feb 26, 2026
Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026