ARTICLE

အဓမ္မ စစ်မှုထမ်းခိုင်းစေရန် ပေါ်တာဆွဲမှုမှာ အကာကွယ်မဲ့နေတဲ့အလုပ်သမားထု

CoverLogo
121 Views

အာဏာသိမ်း စစ်ကောင်စီချုပ်ကိုင်ထားတဲ့ မြန်မာ့အသံသတင်းထုတ်လွှင့်မှုမှာတော့ " တရားသောစစ်အောင်ရမည်" "နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ဖြင့် စစ်မှုထမ်းကြပါစို့"အစရှိတဲ့ ဆောင်ပုဒ်တွေ ဆက်တိုက်ဆိုသလို ထုတ်လွှင့်နေပါတယ်။

တဆက်တည်းမှာပဲ အာဏာသိမ်းစစ်ကောင်စီက ရန်ကုန်မြို့က မြို့နယ်အချို့ရဲ့ ရပ်ကွက်တွေမှာ ညပိုင်းအချိန် လူငယ်ဖမ်းဆီးမှု တွေကို ယခုရက်ပိုင်းအတွင်း ပြင်းပြင်းထန်ထန်ဆက်တိုက်ပြုလုပ်လာပါတယ်။ 

ဒီလိုအခြေအနေမှာ  အခြေခံအလုပ်သမားထုတွေရဲ့ ဘဝဟာ ဖမ်းဆီးခံရခြင်းထက် ဝမ်းရေးအတွက်ပိုအရေးကြီးတာကြောင့် အလုပ်သမားတွေဟာ ပေါ်တာဆွဲတာ ကို အကာကွယ်မဲ့ရင်ဆိုင်နေကြရတာပဲဖြစ်ပါတယ်။ 

"စုပ်လည်းဆူး စားလည်းရူး ဆိုတော့ ဝမ်းရေးထက် နေရေးကပိုအရေးကြီးနေတော့ အကာအကွယ်မဲ့နေတဲ့ အလုပ်သမားတွေက ဖြစ်ချင်ရာဖြစ်ထင်ရာစိုင်းရင်း ရှေ့ဆက်နေရတာပါပဲ "လို့ ရွှေပေါက်ကံစက်မှုဇုန်က အထည်ချုပ်အလုပ်သမားတစ်ဦး ကဆိုပါတယ်။ 

နယ်စပ်ဒေသတွေကနေ တဖြည်းဖြည့်ကျုံ့ဝင်လာနေတဲ့ မြို့သိမ်း တိုက်ပွဲတွေ မှာ ရှုံးနိမ့်မှုတွေများလာတဲ့ စစ်ကောင်စီဟာ တပ်သားလိုအပ်ချက်မြင့်မား နေတာကြောင့် ရန်ကုန်၊ မန္တလေးမြို့လို မြို့ကြီးတွေ အပါအဝင် စစ်သားစုဆောင်းမှုအတွက် လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးမှုတွေကို အပြင်းအထန်ပြုလုပ်လာတာပဲဖြစ်ပါတယ်။ 

အဲဒီလိုဖမ်းဆီးမှု တွေကို နေရာမရွေးပြုလုပ်လာတာဖြစ်သလို အကြောင်းပြချက်မရှိခေါ်ဆောင်နေတာဖြစ်ပြီး ငွေကြေးအဆမတန်တောင်းခံပြီး ငွေညှစ်တာတွေလည်း ကြုံရတာတွေရှိပါတယ်။

"ခုကစက်ရုံတွေမှာတင်မဟုတ်ဘူး။ သာမန်အလုပ်သမားတွေရော လူငယ်တွေရောကိုအလုပ်နေရာမရွေး ဖမ်းနေတာ။ မနေ့ကဆို တာမွေကသတိပဌာန်လမ်းထိပ်မှာ လူငယ် ၃ ယောက်ပါသွားတယ်။ အချိန်က ၈နာရီကျော်ပဲရှိသေးတယ်။ ခုလိုတာမွေလိုလူစည်ကားရှုပ်နေတဲ့နေရာမှာတောင် ဖြစ်နေတာအခြား လှိုင်သာယာ ရွှေပြည်သာဆို ပြောမနေနဲ့တော့။ ရန်ကုန်တင်မဟုတ်ဘူး။ မန္တလေးမှာရော အတော်ဆိုးနေတာ။ အခြားနေရာတွေမြို့တွေမှာရောပဲ ဖြစ်နေတာ။ လူငယ်တွေအတွက် တစ်ကယ်ကိုအကာကွယ်မဲ့လာတယ်"လို့ တာမွေမြို့နယ်နေ ရပ်ကွက်နေပြည်သူတစ်ဦးက ဆိုပါတယ်။ 

ဒီဇင်ဘာ ၁၀ ရက်နောက်ပိုင်းကစပြီး  လူငယ်ဖမ်းဆီးမှုတွေကို ပေါ်ပေါ်ထင်ထင် လူဖမ်းပွဲသဖွယ် စတင်ပြုလုပ်လာတာဖြစ်ပြီး  လူငယ် ဖမ်းဆီးခဲ့ရမှုတွေဟာ သာကေတ၊ ဒေါပုံ၊ တောင်ဥက္ကလာပ၊မြောက်ဒဂုံ၊ မြောက်ဥက္ကလာပနဲ့ လှိုင်သာယာ ရွှေပြည်သာ တာမွေ စတဲ့မြို့နယ်တွေက ရပ်ကွက်အချို့မှာ လူငယ်တွေအလုပ်ပြန်ချိန် ညပိုင်းအချိန်တွေမှာ ဖမ်းဆီးခံရတာဖြစ်ပြီး လူစည်ကားရာနေရာတွေဖြစ်တဲ့ တာမွေမြို့နယ် လမ်းကျယ်နဲ့ လှည်းတန်းလမ်းမလိုနေရာတွေမှာပါ ဖြစ်လာတယ်လို့ ရပ်ကွက်နေသူအချို့ဆီက သိရပါတယ်။ 

"လှိုင်သာယာထဲမှာ ပေါ်တာဆွဲတာတွေ မျက်မြင်တွေ့သူတွေကတွေ့လာကြပြီဆိုတော့ ကျွန်တော် တို့လည်းညဘက်အလုပ်ဆင်းချိန်တွေမှာ ဆင်းပြီးတာနဲ့ အချိန်ပိုမဆင်းနိုင်သေးလို့ သူဌေးကိုပြောထားရတယ်။ သူဌေးက လည်းသူလည်းသတင်းတွေကြားနေရလို့  အဝေးပြန်ရမယ့် အလုပ်သမားတွေကို ညနေ ၄နာရီဆင်းပေးတယ်။ အနီးကလူတွေကိုတော့ အချိန်ပိုဆင်းခိုင်းတယ်။ မဆင်းချင်လည်းပြန်လွှတ်ပေးတယ်။ ဆင်းရင်ပိုရတယ် မဆင်းရင်တော့ခြွေတာတော့ပဲ။ ည ၈ နာရီဆိုကျွန်တော်တို့လှိုင်သာယာမှာ စစ်ဆေးတာတွေဖမ်းဆီးတာတွေစနေပြီဆိုတော့ ကျွန်တော်ကတော့အလွန်ဆုံး ၅နာရီဆိုပြန်ပြီ" လို့ လှိုင်သာယာကနေ မြောက်ဒဂုံသို့အလုပ်ဆင်းနေတဲ့ အလုပ်သမားတစ်ဦးကဆိုပါတယ်။ 

"မြောက်ဒဂုံထဲက ဆင်ခြေဖုံးရပ်ကွက်တစ်ခုရဲ့ အေးဂျင့်ဆိုင်နားမှာ စစ်သားတွေကားရပ်ထားပြီး ကားပေါ်ကဆင်းလာပြီး အေးဂျင့်ဆိုင်ထဲကလူငယ်တွေကို ဆွဲခေါ်ထုတ်သွားတယ်။ အချိန်ကလည်းအရမ်း နောက်မ ကျဘူး။ ၈နာရီပတ်ချာလည်လောက်ပဲရှိသေးတယ်။ ၃ ယောက်လောက်ပါသွားတယ်"လို့ မျက်မြင်ကြုံတွေ့ခဲ့ရသူတစ်ဦးကဆိုပါတယ်။ 

ယခုရက်ပိုင်းတွေမှာ စစ်တပ်နဲ့အရပ်ဝတ် ဝတ်ဆင်ထားသူတွေဟာ စစ်ကားနဲ့လူငယ်တွေကို ခေါ်ဆောင်သွားကြတာတွေကို ဆက်တိုက်ပြုလုပ်လာတာဖြစ်သလို ၈နာရီ ကနေ ၉  နာရီခွဲအချိန်တွေအတွင်းမှာဖြစ်ပွားနေတာတွေဟာ အမှန်တစ်ကယ်ဖြစ်တာမဟုတ်ဘဲ အနည်းအကျဉ်းမျှသာဖြစ်တဲ့အပေါ် ပုံကြီးချဲ့ပြီးကောလဟလသတင်းတွေဖြန့်နေကြတာဆိုတဲ့ ပြောဆိုဝေဖန်မှုတွေလည်း ရှိနေပါသေးတယ်။ 

အဲဒီလိုရှိနေပေမဲ့လည်း ညပိုင်းအိမ်ပြန်နောက်ကျရတဲ့ အလုပ်သမားတွေနဲ့ စက်ရုံအလုပ်ရုံကအလုပ်သမားတွေအတွက်ကတော့ စိုးရိမ်စရာဖြစ်နေပြီး ညဘက်အချိန်ပို မဆင်းရဲလို့စက်ရုံ တွင်းအခက်အခဲတွေပါကြုံလာရတယ်လို့ သိရပါတယ်။ 

"ကျွန်တော်တို့စက်ရုံကဖယ်ရီစီစဉ်ပေးတဲ့အပိုင်းလည်းရှိတယ်။ ဖယ်ရီမရှိတဲ့အပိုင်းလည်းရှိတယ်။ ဒါပေမဲ့ ဖယ်ရီရှိတာမရှိတာထက် ပေါ်တာဆွဲသည်ဖြစ်စေမဆွဲသည်ဖြစ်စေ ကောလဟလပဲဖြစ်ဖြစ်အမှန်ပဲဖြစ်ဖြစ် ရင်းရမှာပဲ။ ကိုယ့်ကံပဲ ဖမ်းဖို့ကံပါရင်ဖမ်းမယ်။ ကျွန်တော်တို့အချိန်ပိုမဆင်းရင် စားဝတ်နေရေးမလောက်ဘူး။ အချိန်ပိုဆင်းမှပိုရတာဆိုတော့ အချိန်ပိုကဆင်းကိုဆင်းရမယ်။ ပေါ်တာကိုကြောက်နေလို့မဆင်းရင် အလုပ် ဖြုတ်ခံရနိုင်တယ်။ လစာလျော့မယ် အခြားတိုင်တွေပါပြုတ်နိုင်တယ်ဆိုတော့ အချိန်ပိုဆင်းကိုဆင်းရမယ်"လို့ အထည်ချုပ်စက်ရုံအလုပ်သမားတစ်ဦးကဆိုပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ စစ်မှုထမ်းတပ်သားသစ် စုဆောင်းနေတာမျိုးတွေကို ပထမအကြိမ်က စာပို့ခေါ်ဆောင်ပြီးမှ စစ်မှုမထမ်းရဖို့ ရပ်ကွက်ရုံးတွေကို ငွေပေးရတာမျိုးတွေရှိခဲ့ပြီး ယခုတစ်ကြိမ်မှာလည်း စစ်မှုမထမ်းမနေရ တပ်သားသစ်စုဆောင်းနေတာမျိုးတွေရှိနေပြီဖြစ်သလို ငွေပေးလို့မရတော့ဘူးဆိုတဲ့ သတင်းတွေဆက်တိုက်ထွက်ပေါ်နေပေမဲ့ အခြေခံအလုပ်သမားတွေအနေနဲ့ကတော့ အချိန်ပိုမဆင်းရင် အလုပ်ဖြုတ်ခံရမဲ့ပြဿနာတွေနဲ့ အချိန်ပိုကြေးမရရှိခြင်း၊ အခြားခံစားခွင့်တွေမရတော့တဲ့ အခြေအနေတွေနဲ့ပါ ရင်ဆိုင်လာရတာကြောင့် အလုပ်သမားတွေဟာပေါ်တာဆွဲခံရမှာကိုကြောက်သလို စားဝတ်နေရေးမလုံလောက် မှုအတွက် လစာဖြတ်ခံရမှာကိုလည်းကြောက်နေကြရတာကြောင့် ဖြစ်ချင်ရာဖြစ်အချိန်ပိုလုပ်ရမယ်ဆိုတဲ့စိတ်နဲ့ အကာအကွယ်မဲ့စွာအလုပ်ဆင်းနေကြရတာလည်းဖြစ်ပါတယ်။ 

လတ်တလောပေါ်တာဆွဲတဲ့သတင်းတွေနဲ့ လူငယ်ပျောက်လာတဲ့သတင်းတွေအပြင် ဖမ်းဆီးခံရမှုတွေကို မျက်မြင်ကြုံတွေ့မှုတွေပါရှိလာလို့ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း အရွယ်ရှိတဲ့ အမျိုးသားတွေဟာစိုးရိမ်နေကြရသလို အချို့သောလက်လုပ်လက်စားအလုပ်သမားတွေဟာလည်း ကျီးလန့်စာစားအလုပ်ဆင်းနေကြရတာဖြစ်ပါတယ်။ 

ဒီလိုအခြေအနေတွေကို ကြုံနေရတဲ့ စက်ရုံလုပ်သားတွေက လုပ်ငန်းခွင်ထဲမှာ အလုပ်က စောစောပြန်ခွင့်ပြုဖို့ တောင်းဆိုမှုတွေ ပြုလုပ်တဲ့အထိ ဖြစ်လာပါတယ်။ လုပ်ငန်းခွင်က စောစောပြန်ခွင့်ပြုတဲ့ စက်ရုံတွေရှိသလို ည ၈ နာရီမှ သာ ပြန်ခွင့်ပြုတဲ့ ရုံအချို့လည်း ရှိပါတယ်။

"ကျွန်တော်တို့လည်းဖမ်းခံရမှာကြောက်တယ်။ ဒါပေမဲ့ကျွန်တော်တို့က လက်သမားတွေတစ်နေ့ကို ၁၃၀၀၀ ရတယ်။ ညနေအချိန်ပိုသူတို့လုပ်ခိုင်းချိန်အထိဆိုရင် ၁၇၀၀၀ ရတယ်။ တစ်ခါတစ်လေပုတ်ပြတ်ဆင်းရတယ်။ ၁၃၀၀၀ ဆိုရင်မိသားစုမလောက်ဘူး။ ၁၇၀၀၀ ဆိုရင်တော့လောက်သေးတယ်ဆိုတော့ ညနေ ၄ နာရီစောပြန်ချင် တယ် ပြန်လွှတ်တယ်။ ဒါပေမဲ့ ၁၃၀၀၀ နဲ့မလောက်လို့မပြန်ဘူး။ မိုးချုပ်ထိဆင်းတယ်။ ဖမ်းခံရမလားဆိုတဲ့စိတ်နဲ့ပြန်ရတာပဲ ကံပေါ့လေ။ ဘုရား"တ"ပြီးပြန်ရတယ်"လို့  လှိုင်သာယာက လက်သမားအလုပ်လုပ်ကိုင်သူကပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက် ည ၈ နာရီခွဲခန့်က ဒေါပုံမြို့နယ်၊ ဒေါပုံတံတားဟောင်း ဂျပန်တံတားဘေး ပန်းခြံလုပ်ထားတံတားဟောင်းအနီးမှာ အမျိုးသား ၃ဦး ဖမ်းဆီးခေါ်ဆောင်တာခံခဲ့ရတဲ့ သတင်းထွက်ပေါ်သလို မြောက်ဒဂုံအတွင်းမှာလည်း ဒီဇင်ဘာ ၁၂ရက်နဲ့ ၁၃ရက် နှစ်ရက်အတွင်း ၁၀ ဦးခန့်အထိ ဖမ်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူဟာ ၂ဦးသာရှိတယ်လို့သိရပြီး ရွှေပြည်သာမြို့နယ် သံဒင်းဈေးအနီးမှာလည်း ၃ဦးဖမ်းခံခဲ့ရပြီး တာမွေမြို့နယ်တွင်လည်း ၃ဦး၊ လမ်းမတော်မြို့နယ်တွင် ၄ဦးနဲ့ကျောက်တံတားမြို့နယ်မှာ ၂ဦးဖမ်းခံခဲ့ရတယ်လို့ သတင်းထွက်ပေါ်လာတဲ့အပေါ် ရပ်ကွက်နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ 

ရန်ကုန်တိုင်းတွင် ကျန်းမာရေး ကောင်းမွန်သော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ္မ်ားကို မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို စစ်မှုထမ်းရန်အတွက် ခေါ်ယူစုဆောင်းနိုင်ပြီး ဒါဟာ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် တရားဝင်စည်းကမ်းနဲ့အညီ ခေါ်ယူခြင်းဖြစ်တယ်လို့ ရန်ကုန်တိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များထံသို့ အသိပေးအကြောင်းကြားတာတွေလည်း ရှိနေတယ်လို့သိရပါတယ်။
 
ဒါ့အပြင်ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်သူများအနေနဲ့ MoU စာချုပ်သက်တမ်းပြည့်ချိန်မှာ စစ်မှုထမ်းဖို့ဆင့်ခေါ်ခြင်းခံရပါက မဖြေမနေစစ်မှုထမ်းရန် ပြန်လာဖို့ကိုလည်း စာချုပ်တွေမှာ ထည့်သွင်းချုပ်နေရ ပြီလည်းဖြစ်ပါတယ်။ 

လက်ရှိအချိန်မှာ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းပေးနေတာ အပတ်စဉ် ၇ အထိရောက်နေပြီး စစ်မှုထမ်းအမှတ်စဉ်တစ်ခုကို လူ ၅ထောင်နှုန်းနဲ့ တစ်နှစ်ကို အင်အား ၅ သောင်း ခေါ်မယ်လို့ စစ်ကောင်စီက နိုင်ငံပိုင်မီဒီယာတွေကတစ်ဆင့် ပြောဆိုထားပါသေးတယ်။ 

လက်ရှိမှာတော့ လူငယ်တွေကိုဖမ်းဆီးခေါ်ဆောင်ခံရမှုတွေဟာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်စတဲ့နေရာဒေသအသီးသီးမှာ ဒီဇင်ဘာလဆန်းမှစပြီး ဖမ်းဆီးမှုတွေနဲ့ လူငယ်ပျောက်ဆုံးမှုတွေများပြားနေတာကို ပြည်တွင်းသတင်းတွေအရ သိရပါတယ်။ 

"လူငယ်တွေ ပျောက်တယ်။ အဖမ်းခံရတယ်ဆိုတဲ့သတင်းတွေကြောင့် ကျွန်တော်တို့ညနေ ၅ နာရီအလုပ်ဆင်းတာနဲ့ အိမ်တန်း ပြန်ရတယ်။ မနေရဲတော့ဘူးအပြင်မှာ။ အလုပ်ကနေအပြန် ကောင်မလေးကိုဝင်တွေ့ဖို့ ချိန်းထားတာ။ သမိုင်းမုဒိတာအိမ်ရာနားမှာ ဖမ်းခံရတယ်ကြားတာနဲ့ အိမ်တန်းပြန်သွားတာ။ ကောင်မလေးက ဘလော့ပြီးဖြတ်သွားတယ်။ ပေါ်တာဆွဲခံရမှာကြောက်လို့ ကောင်မလေးနဲ့ပါ အဆက်ဖြတ်ရတဲ့အခြေအနေပါရောက်သွားတယ်"လို့ မြောက်ဥက္ကလာပမှ သမိုင်းလမ်းဆုံသို့သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတစ်ဦးက ဆိုပါတယ်။ 

အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းစစ်မှုထမ်းရမယ်ဆိုတဲ့  ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှာ စစ်ကောင်စီက အလျင်စလို ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။ 

အဲ့ဒီနောက်မှာတော့ မြို့နယ်အသီးသီးက ရပ်ကွက်အသီးသီးကလူငယ်များအားမဲနှိုက် စစ်သင်တန်းသို့ပို့ဆောင်တာတွေရှိခဲ့သလို ရှေ့တန်းမှာ ထိခိုက်သေဆုံးမှုများပြားပြီးနောက် စစ်သားစုဆောင်းရန်ခက်ခဲလာတဲ့ စစ်ကောင်စီက လူငယ်တွေကို အဓမ္မ ဆွဲခေါ်တဲ့နည်းလမ်းတဲ့ ပစ်မှတ်ထားဖမ်းဆီးလာခဲ့တာဖြစ်ပါတယ်။ 

ဒါတင်မကသေးဘဲ အသက် ၅၀အောက်လူလတ်ပိုင်းတွေကိုလည်း အကြောင်းမဲ့ဖမ်းဆီးကာ ငွေညှစ်တာတွေပါရှိလာတယ်လို့လည်း သိရပါတယ်။

စစ်သားစုဆောင်းရန်ခက်ခဲလာတဲ့ စစ်ကောင်စီရဲ့ တပ်သားစုဆောင်းမှုအသွင်ပုံစံတွေဟာ ထွေအုပ်ရုံးက သတ်မှတ်လိုက်တဲ့ စစ်မှုထမ်း လူဦးရေစာရင်းအတိုင်း နေအိမ်တွေကို  ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ဆိုင်ကယ်စစ်ဆေးရင်း ဖမ်းဆီးခေါ်ဆောင်ခံရခြင်း၊ ညဘက်အချိန် နေအိမ်များသို့ ဧည့်စာရင်းလိုက်ခံစစ်ဆေးရင်းဖမ်းဆီးခံရခြင်းအပြင် အလုပ်ပြန်နောက်ကျတဲ့ အလုပ်သမားတွေကို လမ်းခုလတ်မှာ ဖမ်းဆီးခေါ်ဆောင်ခြင်း စတာတွေကို စစ်ကောင်စီ ကောင်စီ လက်အောက်ခံ လုံခြုံရေးတပ်သားတွေက ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

"လူမိုက်တွေကို ဖမ်းခိုင်းတာလည်းရှိတယ် ကြားမိတာဆိုရင် လူငယ်တယောက်ဖမ်းပေးရင် သိန်း ၂၀ ထိ ရတယ်ဆိုတာမျိုးတွေလည်း ကြားရတယ်"လို့ အထည်ချုပ်အလုပ်သမားတစ်ဦးကပြောပါတယ်။

၂၀၂၁ ခုနှစ်ကတည်းက စပြီး စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ မည်သူကိုမဆို မြန်မာစစ်တပ်က အကြမ်းဖက် သတ်ဖြတ်တာတွေ ပြုလုပ်နေသလို တော်လှန်ရေးအင်အားစုတွေနဲ့ ရင်ဆိုင်ဖို့ ပြည်သူတွေကို အဓမ္မဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းစေခြင်းဟာ လူကုန်ကူးမှု ၊ အဓမ္မလုပ်အားပေးရန် ခိုင်းစေမှုတွေမြောက်တာကြောင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့အနေနဲ့ အရေးယူနိုင်ဖို့ကိုလည်း မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစုက ကြိုးပမ်းနေပါတယ်။

"အဓမ္မ စစ်ထဲဝင်ခိုင်းတဲ့ကိစ္စတွေရပ်လိုက်ပါ။အဲ့တာက ရပ်ဖို့လိုတယ်။ အဲ့ဒါက အဓမ္မလုပ်အားပေးခိုင်းစေမှုမြောက်တယ်လို့ ILO က စာမှာရှင်းရှင်းလင်းလင်းရေးထားပါတယ်။ အဓမ္မလုပ်အားပေးခိုင်းစေတာကိုရပ်မယ်ဆိုရင် အဓမ္မစစ်မှုထမ်းခိုင်းတာကိုရပ်လိုက်ပါ။"လို့ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ဥက္ကဌ ဦးမောင်မောင်က Myanmar Labour News နဲ့ အင်တာဗျူးမှာ ပြောဆိုထားပါတယ်။

အခုလို စစ်မှုထမ်းရန် အဓမ္မ ခေါ်ဆောင်မှုတွေဟာ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် ILO က ပြဌာန်းထားတဲ့ အဓမ္မ လုပ်အားခိုင်းစေမှုဆိုင်ရာ ပြဌာန်းချက်ကို ချိုးဖောက်တာဖြစ်လို့ သက်သေ အထောက်အထားတွေနဲ့တကွ တင်ပြတိုင်ကြားထားတယ်လို့  ဦးမောင်မောင်က ပြောဆိုထားပါတယ်။

ဆက်လက်ပြီး ၂၀၂၅ မှာပြုလုပ်မယ့် ILO အစည်းအဝေးမှာလည်း မြန်မာ စစ်အုပ်စုကို ပုဒ်မ ၃၃ နဲ့ အရေးယူဖို့ တိုက်တွန်းတောင်းဆိုမှုတွေလည်း ပြုလုပ်နေပါတယ်။

လက်ရှိမှာ‌တော့ မြို့ပြမှာ ရုန်းကန်လှုပ်ရှားနေတဲ့ အခြေခံပြည်သူတွေထဲက လူငယ်အမျိုးသားတွေဟာ စစ်အုပ်စုရဲ့ ပြစ်မှတ်ထားခြင်းကို ကြုံတွေ့နေရပြီး ဒီအခြေအနေကနေ လွတ်မြောက်ဖို့ လမ်းစပျောက်နေပါတယ်။

"လက်ရှိ စက်မှုဇုန်က လူငယ်တွေကြောက်နေရတယ် ၆ နာရီ ကစပြီး ပေါ်တာ ဆွဲတာကြားရတော့  လူငယ်တွေတင်မဟုတ်ဘူး လူကြီးတွေပါ အပြင်မထွက်ရဲကြတော့ဘူးပေါ့ အဓိကကတော့ တချို့ အလုပ်သမားတွေဆို မိဝေးဖဝေး နေနေကြတာဆိုတော့ ပါသွားလည်း ဘယ်သူမှ သိလိုက်မှာမဟုတ်ဘူးလေ အလုပ်သွားအလုပ်ပြန်တွေက အရမ်းအန္တရာယ်များနေတာ အလုပ်သမားတွေက သွားရင်းလာရင်းကို သံသယစိတ်တွေတဲ့နေနေရတာ ရုန်းထွက်ဖို့ကျပြန်တော့လဲ ထင်သလောက်မလွယ်ဘူး ပြီးတော့ အဖမ်းအဆီးက အရပ်ဝတ်တွေနဲ့ပါ ဖမ်းလာတာဆို‌တော့ ပေါ်တာဆွဲတာလား ပြန်ပေးဆွဲတာလားလည်း မသိနိုင်တော့ဘူး အလုပ်သမားတွေအတွက် အတော်လေးခက်ခဲတယ်"လို့ အလုပ်သမားအရေးဆောင်ရွက်သူကပြောပါတယ်။

ဒီအခြေအနေတွေကတော့ ၂၀၂၁ ခုနှစ်မှာ အရပ်သားအစိုးရကို အာဏာလွှဲပြောင်းခွင့်မပေးဘဲ စစ်တပ်က အာဏာလုယူလိုက်ခြင်းရဲ့ အကျိုးဆက်တွေအဖြစ် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ပြည်တွင်းမှာ စီးပွားရေးကဏ္ဍ ယိုယွင်းပျက်စီးလာပြီး ကုန်ဈေးနှုန်း အဆမတန် ကြီးမြင့်လာတာ၊ ဆင်းရဲမွဲတေမှုနှုန်းမြင့်တက်လာတာ ၊ မင်းမဲ့ စရိုက်ထွန်းကားပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာတာ ၊ ပြည်ပထွက်ခွာမှုနှုန်းတွေ မြင့်တက်လာတာတွေအပြင် ပြည်တွင်း စစ် ပဋိပက္ခတွေကြောင့် အရပ်သားတွေရဲ့ အိုးအိမ်တွေ ပျက်စီးဆုံးရှုံးတာ  လူပေါင်း သောင်းနဲ့ချီ သေဆုံးမှုတွေ ဖြစ်ပေါ်နေတာဖြစ်ပြီး ဒီအခြေအနေတွေကို ရပ်တန့်ဖို့ အာဏာသိမ်းစစ်အုပ်စုမှာသာ အပြည့်အဝ တာဝန်ရှိနေတာဖြစ်ပါတယ်။

 


Related posts

Cover
စစ်မှုထမ်းဥပဒေအကြောင်းပြ လစဉ်ငွေကြေးကောက်ခံနေလို့ ဒေသခံတွေအခက်ကြုံနေ
Jan 16, 2025
Cover
မီးဖိုချောင်သုံးဂတ်စ် ဝယ်ယူရေး အခက်အခဲရှိနေ
Jan 10, 2025
Cover
မြန်မာနိုင်ငံတစ်ဝန်းရှိ ပဋိပက္ခမှ ထွက်ပြေးလွတ်မြောက်ရန် အရပ်သားပြည်သူများအတွက် ဘေးကင်းလုံခြုံ သည့်နေရာများမရှိတော့ကြောင်း နိုင်ငံတကာက ထောက်ပြ
Jan 07, 2025
Cover
ဒုက္ခမြို့တော် (သို့) ရန်ကုန်
Jan 07, 2025
Cover
စစ်ကောင်စီက ရန်ကုန်ကိုလျှပ်စစ်မီးဖြတ်ထားပြီး ရေပါထပ်ဖြတ်
Jan 07, 2025
Cover
ကျပ်နှစ်ထောင် နောက်ကွယ်က ခါးသီးမှု
Dec 31, 2024
Cover
စစ်ကောင်စီရဲ့ညမထွက်ရအမိန့် တညတာ ပယ်ဖျက်မှုအပေါ် လူငယ်တွေယုံကြည်မှုမရှိဟုဆို
Dec 31, 2024
Cover
အဖမ်းအဆီးတွေကြောင့် အလုပ်သွားလာရေးအတွက် စိုးရိမ်သောကများနေရ
Dec 30, 2024