NEWS

အင်တာနက်ကွန်ယက် အားနည်းလာမှု ၊ VPN ချိတ်ဆက်မရမှုနဲ့ သတင်းအချက်အလက် စီးဆင်းမှု နှေးကွေးလာတဲ့ မြန်မာပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေ

CoverLogo
185 Views

စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်ရှိလာပြီဖြစ်သော်လည်း စစ်ကောင်စီက တိုင်းပြည်တည်ငြိမ်မှုရှိအောင်စွမ်းဆောင်နှိုင်မှုမရှိသလို စီးပွားရေးကျဆင်းမှုတွေ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုတွေနဲ့ တော်လှန်ရေးအရှိန်ကောင်းလာပြီးတိုက်ပွဲဆက်တိုက်ဖြစ်ပွားရာ  စစ်ကောင်စီအနေနဲ့ အဖက်ဖက်ကကျရှုံးလာနေတာကြောင့်  ပြည်သူလူထုကို သတင်းအမှောင်ချရန် ကြိုးစားလာပြန်တာဖြစ်ပါတယ်။
  
သတင်းစီးဆင်းမှုအတွက် အဓိကအရေးပါတဲ့ Facebook လူမှုကွန်ရက်ကို ပြည်တွင်းနေ နိုင်ငံသားများပြည်သူလူထုအားလုံး အသုံးပြု မရစေရန်နည်းပေါင်းစုံဖြင့် လုပ်ဆောင်လာနေတာကိုတွေ့ရပါတယ်။  

ဒီအပေါ်ပြည်သူအချို့ရဲ့  ထင်မြင်ယူဆချက်နဲ့သုံးသပ်ချက်တွေကို  Myanmar Labour News က စုစည်း ဖော်ပြပေးလိုက်ပါတယ်။

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်နေ ပြည်သူတစ်ဦး  

"အင်တာနက်လိုင်းပြတ်တောက်တာတွေက ခုနောက်ပိုင်းပိုဆိုးလာတယ်ပေါ့။ အရင်ကအင်တာနက်မရတော့ဘူးဟေ့ဆိုတော့ တိုင်းတပါးက သူများနိုင်ငံကိုအမီပြုပြီး Vpn တွေနဲ့သုံးလို့ရနေသေးတယ်။ ခုဆိုရင် Vpn တွေလည်းမရတော့ဘူး။ တစ်ခါချိတ်နိုင်ဖို့အရေး  နေ့တစ်၀က်လောက်ကြိုးစားနေကြရတာ။ ချိတ်မိရင်တောင်ခဏပဲဆိုတော့  ပြည်သူလူထုကဒီလိုအခြေအနေတွေကြောင့်ပဲ  သတင်းအမှန်တွေမသိနိုင်ဘဲ  သူတို့စစ်တပ်ကဝါဒဖြန့်မီဒီယာတွေနဲ့  သူတို့ရဲ့သတင်းလိမ်ထုတ်ပြန်တာတွေကိုပဲ လူထုကသိရမယ် သူတို့အောင်မြင်မယ်လို့ ယူဆနေတာကြောင့်လို့ ကျွန်တော်ထင်ပါတယ်။  အဓိကကတော့  ပြည်သူတွေကို Facebook ကိုပိတ်ပင်လိုက်လို့ တော်လှန်ရေးအဖွဲ့တွေနဲ့  ပြည်သူတွေ အကြား သတင်းအချက်အလက်ပေးပို့တာတွေ  အလှူုငွေနဲ့အထောက်အပံ့လုပ်တာတွေကို တားဆီးနိုင်ဖို့လုပ်တယ်လို့ပဲ သုံးသပ်ပါတယ်။" 

မန္တလေးမြို့နေပြည်သူတစ်ဦး 

"ခုက Facebook ကို ပြည်သူလူထုအများစုအသုံးမပြုနိုင်စေရန် နည်းပညာအမျိုးမျိုး အသုံးပြုပြီး တားဆီးလာပြီပေါ့။ ဒါကအရင်ကတည်းကကြိုတင်တွက်ဆထားကြတာပဲလေ။  ဆက်သွယ်ရေးအော်ပရေတာတစ်ချို့ကိုလည်း  အင်တာနက်လိုင်းမဖြတ်သည့်တိုင် အမြန်နှုန်းလျော့ချထားရန် အော်ပရေတာများကို ညွှန်ကြားထားတာတွေလည်းရှိတယ်ပေါ့။  အဓိကကတိုက်ပွဲအဖြစ်များတဲ့နေရာတွေ တိုက်ပွဲမကြာခ ဏဖြစ်ပွားလေ့ရှိတဲ့ ထားဝယ်၊ သရက်ချောင်း၊ရေဖြူ ၊တနင်္သာရီဘက်တွေဆိုရင် အင်တာနက်တင်မဟုတ်ဘူးဖုန်းတွေပါဖြတ်တောက်ထားတာတွေရှိတယ်။  မြို့ကြီးပြကြီးလိုနေရာတွေမှာတောင်  Facebook ကို အသုံးပြုနိုင်ရေးအတွက် VPN အကူအညီဖြင့် ကျော်ခွအသုံးပြုတာတွေကိုပါ တားဆီးလာတယ်။ အဆိုးဆုံးက သုံးရင်ဖမ်းမယ်ဆိုတဲ့အတွက် မသုံးရဲကြတလည်းပါတယ်။ ဒါကလက်နက်အားကိုးပြီးအနိုင်ကျင့်တာဖိနှိပ်မှုတစ်ခုပါပဲ။  လူထုရဲ့အခွင့်အရေးတွေကိုပါချိုးဖောက်လိုက်တာပါ။ သတင်းအမှောင်ချခံရတယ်။ သတင်းတွေမသိရဘူး။ သဘာ၀ကပ်ဘေးတွေလည်းမသိရဘူး။ ဒါကလည်းပြည်သူအားလုံးဖိနှိပ်ခံနေရတာတွေပါပဲ။  

ကျေးလက်နေပြည်သူတစ်ဦး

အခု VPN တွေလည်း အဆင်မပြေ အင်တာနက်လိုင်းကလည်းကျ မီးကလည်းပျက်ဆိုတော့ အွန်းလိုင်းကိုပဲ အားကိုးပြီးလုပ်နေရတဲ့ အလုပ်တွေလည်း လုပ်မရ အပြင်ကအလုပ်တွေကျပြန်တော့လည်း ငွေကရှာရင်းနဲ့ကို မြုပ်နေ ကုန်နေတော့ကြာလေ မွဲလေ ငတ်လေ ဖြစ်နေပြီ။သတင်းစီးဆင်းမှုက အများစုက FB နဲ့ ယူကျူ့ကနေလာတာကိုယူကျူ့ကျတော့လည်း ကြည့်လို့တော့ရပေမယ့် တကယ်သတင်း အပ်ဒိတ်တွေက FB မှာပိုစုံတယ်။ သတင်းမှန်တွေကို ပိုရှာရလွယ်တယ်။ အခုဖြစ်တဲ့ မြစ်ကြီးနားရေဘေးဆိုရင် မိုးဇလက ကြိုတင်ကြေညာတာတောင်မှ လိုင်းမရတဲ့အခါ ကြိုမသိကြတာတွေရှိတယ်။ဒီရေဘေးက ကျွန်တော်တို့  အောက်ဘက်တွေကိုလည်း ရောက်လာနိုင်တယ်ဆိုတာကို အင်တာနက်ပေါ်တက်မှ သိရတာ။ အစိုးရ သတင်းတွေမှာ ကြေညာကောင်းကြေညာနိုင်ပေမယ့် မီးကပုံမှန်မရတော့ မကြည့်ဖြစ် နားမထောင်ဖြစ်ဘူးလေ။အဲ့တော့ ဒီခေတ်မှာ ဘယ်သူက သတင်းတွေကို သတင်းစာဖတ်ပြီးသိကြလို့လဲ ဖုန်းတပွတ်စာဆိုသိနိုင်မယ့် ကိစ္စတွေကို ကျွန်တော်တို့မှာ အခက်အခဲတွေ စိုးရိမ်စိတ်တွေနဲ့ ကြည့်နေ သုံးနေရတယ်။

ရခိုင်ပြည်နယ်ကဒေသခံတစ်ဦး  

"အင်တာနက်တွေဖြတ်တောက်ထားတော့ အတော်လေးကိုခက်ခဲတယ်။ အဆင်မပြေဘူး အသက်အန္တရာယ်ရှိတယ်။ အရင်ကဆို စစ်ကြောင်းပဲလာလာ ကင်းလှည့်ပဲဆင်းဆင်း အင်တာနက်ကနေအချင်းချင်းသတင်ပေးပို့ပြီးကြို သိနေရတော့ ကြိုတင်ပြင်လို့ရတယ်။ ကြိုတင်သတိထားလို့ရတယ် ။ အင်တာနက်ဖြတ်ထားတော့ သတင်းမရတော့ အချိန်မီ ပြေးရလွှားရ ရှောင်ရရှားရဖို့ကိုလည်း မပြင်ဆင်နိုင်ဘူး။ အကုန်ထိခိုက်တယ်။ အသက်တွေပေးကြရတယ်။  လျှပ်စစ်မီးတွေကိုလည်းဖြတ်တောက်ထားတာဆိုတော့  ဖုန်းတွေအားသွင်းရခက်တယ်။  ဒါကမီးစက်တွေဆိုလာတွေနဲ့လုပ်လို့ရသေးတယ်။  အင်တာနက် ဖြတ်ခံရတာကအကုန်အဆက်သွယ်ပြတ်တယ်။ ချိတ်ဆက်မှုတွေမရှိတော့ဘူး။  နိုင်ငံခြားရောက်နေတဲ့ ကိုယ့်ဆွေမျိုးသားချင်းတွေလည်း အကုန်စိတ်ပူကြရမှာ။ အားလုံးကိုအပူပင်ပေးနိုင်ဆုံးအခြေအနေတွေပဲ။  

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နေဒေသခံတစ်ဦး  

"ကျွန်မတို့ဆီမှာတော့ အင်တာနက်ရဖို့မြို့ပေါ်တက်ရတယ်။ မြို့ပေါ်ကလည်းအင်တာနက်ရတဲ့နေရာက နှစ်နေရာပဲရှိကိုး။ ကိုယ့်ဖုန်းထဲကနေကမရဘူး။ ဖုန်းလိုင်းရဖို့တောင်  ရွာနီးစပ်ရာ တောင်တွေပေါ်တက်ပြီး ပင်ပင်ပန်းပန်းဖုန်းဆက်ရတာ။ အင်တာနက်ကတော့ မသုံးဖြစ်တာလအတော်တောင်ကြာနေပါပြီ။ တစ်လုံးမှ ၂ကြိမ်တောင်မသုံးဖြစ်ဘူး။  အင်မတန်ခက်ခဲတယ်။ အင်တာနက်ရရင်တော့ သတင်းအချက်အလက်ရရှိဖို့ အတွက် နီးစပ်ရာပြည်သူအချင်းချင်း အပြန်လှန်ရရှိတဲ့ သတင်းအချက်အလက် မျှဝေနေထိုင်ကြတာပေါ့၊  သတင်းအချက်အလက်တွေ သတင်းအမှန်တွေကို  အချိန်နဲ့တပြေးညီမရတော့   ပြည်သူတွေရဲ့ ဆင်ခြင်သုံးသပ်နိုင်မှုနဲ့  စဉ်းစားတွေးခေါ်နိုင်မှုအမှန်တရားကိုဖော်ထုတ်နိုင်မှုတွေကို  ကန့်သတ်ပိတ်ပင်ခံလိုက်ရတာ။ လက်ရှိနိုင်ငံရေး ၊စီးပွားရေး၊ပညာရေး၊ လူမှုရေးဖြစ်စဉ်တွေကို ပြည်သူတွေအနေနဲ့  မျက်ခြည်မပြတ်စောင့်ကြည့်လေ့လာနေဖို့လိုအပ်တဲ့အတွက် အင်တာနက်က အတော်ကိုအရေးကြီးတယ်လို့ မှတ်ယူပါတယ်။

ပဲခူးမြို့ဒေသခံတစ်ဦး

အခုက အင်တာနက်လိုင်းတွေ တအားကျပြီး သုံးရတာ ခက်ခဲလာတယ်။ VPN နဲ့မှ သုံးလို့ရတဲ့ ဖေ့ဘွတ်ကလည်း VPN တွေကိုပါ ပိတ်ထားတော့ သုံးရတာ အချိန်က နည်းလာတယ်။ဖုန်းတွေ အင်တာနက်တွေက သတင်းအချက်အလက်သိရဖို့တစ်ခုတည်းတင်မဟုတ်ဘဲ စား ဝတ်နေရေးအတွက် အလုပ်ကိစ္စတွေ ပညာရေး အစစအရာအတွက် လိုအပ်တယ်လေ။ သူများနိုင်ငံတွေမှာ အင်တာနက်တို့ဘာတို့က စိတ်ပူစရာဖြစ်မနေအောင် အစိုးရက လုပ်ဆောင်ပေးထားချိန်မှာ ကျွန်တော်တို့ မှာ ဈေးရောင်းတဲ့သူရော လက်လုပ်လက်စားတွေရော VPN ကိုမှ မသိရင် မချိတ်ထားရင် အရပ်စကား ကောလာဟလတွေကလွဲရင် ဘာမှမသိနိုင်တော့ဘူး။ အင်တာနက်နဲ့ လုပ်ရတဲ့အလုပ်မျိုးတွေဆို အရမ်းကို စိတ်ဖိစီးရတယ်"

အခုဖော်ပြခဲ့တာကတော့ ပြည်တွင်းမှာ သတင်းအချက်အလက် သိဖို့အတွက် အရေးကြီးတဲ့ အင်တာနက်သုံးစွဲမှုနဲ့ ဖုန်းဆက်သွယ်အသုံးပြုဖို့ ပြည်သူအချို့ထံက စကားသံတွေဖြစ်ပါတယ်။ စုစည်းမေးမြန်းသူကတော့ ယွန်းဆက်ဖြစ်ပါတယ်။


Related posts

Cover
သန်းခေါင်စာရင်း ကောက်ယူမှုနှင့်ပတ်သက်ပြီး ပြည်သူများ စိုးရိမ်မှုများရှိနေ
Oct 03, 2024
Cover
He MeT company Limitedတွင် စစ်တပ်က အမျိုးသားအလုပ်သမားစာရင်းလာရောက်ကောက်ယူ
Oct 02, 2024
Cover
ကန်ဒေါ်လာငွေလဲနှုန်း ကျပ် ၅၀၀၀ အောက်သို့ ပြန်လည်ကျဆင်းလာ
Sep 27, 2024
Cover
ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံပြီးတဲ့ မြန်မာအလုပ်သမား ၁၂၀ ကျော်ကို မြန်မာဘက်သို့ ပြန်ပို့
Sep 27, 2024
Cover
ကိုရင်တစ်ပါးရိုက်နှက်နှိပ်စက်ခံရပြီး ပျံလွန်တဲ့ အပေါ်ဝေဖန်မှုများမြင့်တက်နေ
Sep 25, 2024
Cover
29 ရွှေဆိုင်မှာ စရံငွေ ၂ သိန်းပေး အလုပ်လုပ်ရပြီး  စရံပြန်တောင်းလျှင်ခြိမ်းခြောက်ခံရဟုဆို
Sep 25, 2024
Cover
လုပ်ငန်းခွင်မတော်တဆမှုကြောင့် မြန်မာ အလုပ်သမား ၃ ဦး  မျက်လုံးကွယ်ခဲ့ရပြီး စက်ရုံက နစ်နာကြေးမပေးဟုဆို
Sep 25, 2024
Cover
စစ်ကောင်စီက ပြည်ပရောက်အလုပ်သမားတွေအပေါ် အလုပ်သမားအခွင့်ရေးချိုးဖောက်နေမှုတွေ ကို ILO အနေနဲ့ ထိရောက်စွာအရေးယူပေးဖို့ NUG အလုပ်သမားဝန်ကြီးဌာနတောင်းဆို
Sep 20, 2024