ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်အသင်းမှ ရွှေဆိုင်များနေ့စဉ်ဖွင့်လှစ်ကာ အရောင်းအဝယ်ပြုလုပ်ရန် ရောင်းချရာတွင်လည်း သတ်မှတ်ဈေးနှုန်းအတိုင်းသာရောင်းချရန် ဇွန် ၅ ရက်မှာ အသိပေးလိုက်ပါတယ်။
အသင်းအနေနဲ့လည်း ရောင်းချရမယ့် ရွှေဈေးနှုန်းကို တနေ့ ၃ ကြိမ် ထုတ်ပြန်ပေးလျှက်ရှိပြီး လာရောက်စစ်ဆေးသည့်အခါတွင်င ညွှန်ကြားချက်များလိုက်နာ ဆောင်ရွက်ခြင်းမရှိပါက ထိရောက်စွာအရေးယူမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာဖွင့်လှစ်ထားတဲ့ ရွှေဆိုင်တွေကို အသိပေးထားတာပါ။
ဒီကနေ့ နေ့လည် ၁၂ နာရီ အချိန် ထုတ်ပြန်ထားတဲ့ ပေါက်ဈေးအနေနဲ့ ၁၆ ပဲရည် အခေါက်ရွှေ တကျပ်သားလျင် ၄,၈၁၅,၀၀၀ ( ၄၈ သိန်း ၁ သောင်း ၅ ထောင်) ကျပ် အဖြစ်သတ်မှတ်ထားပါတယ်။
ပြီးခဲ့တဲ့ မေလ နောက်ဆုံးပတ်က ရွှေဈေးနှုန်းအနေနဲ့တော့ ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သားကို ပြင်ပပေါက်စျေး ကျပ် ၅၈ သိန်း ဝန်းကျင် အထိစျေးပေါက်ခဲ့ပြီး စံချိန်တင် ရွှေဈေးမြင့်တက်အောင် လုပ်ဆောင်တယ်လို့ဆိုကာ ရွှေ ဆိုင်ပိုင်ရှင်တွေ နဲ့ ကုန်သည် ၂၁ ဦးကိုဖမ်းဆီးခဲ့ပြီး နာမည်ကြီးရွှေဆိုင်ပိုင်ရှင်နဲ့ ကုန်သည်တွေအပါ ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။