ကမ္ဘာ့ဘဏ်ကထုတ်ပြန်တဲ့မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာမှုအစီရင်ခံစာအရမြန်မာနိုင်ငံမှာဆင်းရဲနွမ်းပါးသူအရေအတွက်ဟာကိုဗစ်-၁၉ကပ်ရောဂါမတိုင်ခင်ကထက်(၇)သန်းတိုးလာတယ်လို့ဇွန်လ(၁၂)နေ့မှာသတင်းထုတ် ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်ထဲမှာတော့၂၀၂၄ခုနှစ်အစပိုင်းမှာပဲနိုင်ငံ့လူဦးရေရဲ့(၃၂)ရာခိုင်နှုန်းဟာဆင်းရဲနွမ်းပါးတဲ့အခြေအနေကိုရောက်ရှိလာပြီး၂၀၁၅ခုနှစ်ကမြင်တွေ့ခဲ့ရတဲ့အခြေအနေကိုပြန်လည်ရောက်ရှိလာတယ်လို့ဖော်ပြထားပါတယ်။
“ကျွန်မတို့အရင်လိုထမင်းဝအောင်မစားရတော့ဘူး။ထမင်းနပ်မှန်သေးပေမယ့်အရင်လိုဆာတိုင်းမစားနိုင်တော့ဘူး။ဆန်ဈေးတွေလည်းတက်တယ်။တစ်ခြားဟာတွေလည်းအကုန်လိုက်တက်တော့အရင်လိုမမစားနိုင်တော့ဘူး”လို့ ရန်ကုန်၊ ရွှေပြည်သာမြို့နယ်မှာနေထိုင်သူတစ်ဦးကပြောပါတယ်။
မြန်မာနိုင်ငံရဲ့စီးပွားရေဟာ ကုန်ထုတ်လုပ်မှုအပေါ်အဟန့်အတားဖြစ်စေတဲ့ပဋိပက္ခ၊ စီးပွားရေးမတည်ငြိမ်မှုနဲ့နေရပ်ရွှေ့ပြောင်းရတာတွေကြောင့်စိန်ခေါ်မှုတွေရင်ဆိုင်နေရပြီး စီးပွားရေးတိုးတက်မှုဆက်လက်နှေးကွေးနေမယ်လို့အစီရင်ခံစာမှာပါရှိပါတယ်။
“ကျန်းမာရေးနှင့်ပညာရေးတို့တွင်ရင်းနှီးမြှုပ်နှံမှုလျော့ကျလာခြင်း၊ အလုပ်အကိုင်ကျဆင်းလာခြင်းနှင့်ကောင်းမွန် သည့်အလုပ်များရှားပါးလာခြင်း၊ ပြည်ပရွှေ့ပြောင်းသည့်လူဦးရေများလာသည့်အတွက်ပြည်တွင်းတွင်းလူစွမ်းအားအရင်းအမြစ်များဆုံးရှုံးနေရခြင်းက ရေရှည်တွင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုပို၍နှောင့်နှေးစေနိုင်ပါသည်"လို့ ကမ္ဘာဘဏ်၏မြန်မာ၊ ကမ္ဘောဒီးယားနှင့်လာအိုနိုင်ငံများဆိုင်ရာအစီအစဉ်ဦးဆောင်သူနှင့်အကြီးတန်းစီးပွားရေးပညာရှင်ကင်မ်အယ်လန်အဒ်ဝပ်ကပြောထားပါတယ်။
ငွေကြေးဖောင်းပွမှုနဲ့အလုပ်လက်မဲ့နှုန်းတွေကဆက်လက်မြင့်တက်နေဖွယ်ရှိနေတဲ့အတွက် ဆင်းရဲမှုအခြေအနေမှာမြန်မာနိုင်ငံအနှံ့အပြားမှာဆိုးရွားနေမှာဖြစ်ပြီးဝင်ငွေကျဆင်းမှုနဲ့အိမ်ထောင်စုတွေအသုံးစရိတ်ချွေတာရမှုကလည်းစားသုံးမှုနဲ့လက်လီရောင်းဝယ်ဖောက်ကားရေးကိုအတားအဆီးဖြစ်စေတယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်။