NEWS

WHM Myanmar စက်ရုံ အလုပ်သမားများအား ဆန္ဒမပါဘဲ အလုပ်ပြောင်း ခိုင်းစေ၊ သန့်စင်ခန်းနှင့် သောက်ရေ မသန့်ရှင်းမှုများလည်း ဖြစ်ပေါ်နေ

CoverLogo
801 Views
 
လှိုင်သာယာစက်မှုဇုန် ၂ က WHM Myanmar အထည်ချုပ်စက်ရုံတာဝန်ရှိသူတွေက အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲ အလုပ်ရွှေ့ပြောင်း ခိုင်းစေတာတွေ ပြုလုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒီလို အလုပ်ပြောင်းရွှေ့ ခိုင်းစေနေတာ တနှစ်နီးပါး ရှိနေပြီလို့လည်း သိရပါတယ်။
 
“အင်တာဗျူးနဲ့ အလုပ်စခန့်တော့ စက်ချုပ်လုပ်သားဆိုပြီး ခန့်ထားတာပါ။ နည်းနည်းလည်း ကြာ လာရော စက်လိုင်းက အကူလုပ်သား( Helper) လုပ်ပေးပါဆိုပြီး လုပ်ခိုင်းတာပါ။ အများစုက ငြင်းတာပဲ။ ဒါပေမဲ့လည်း မရပါဘူး။ လုပ်ပေးရတယ်။” လို့ အလုပ်သမား တဦးက ပြောပါတယ်။
 
WHM Myanmar အထည်ချုပ်စက်ရုံမှာ စက်လိုင်း ၅ လိုင်းနဲ့ လုပ်သားအင်အား ၂၀၀ ကျော်က OVS အမှတ်တံဆိပ်တွေကို လက်ရှိ ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အလုပ်ပြောင်း ရွှေ့ခံရလို့ လုပ်ခလစာ ပြောင်းလဲမှုမရှိပေမဲ့ ဂုဏ်သိက္ခာပိုင်း ထိခိုက်ပြီး အရှက်ရတာကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ချုပ် ဝန်ထမ်းလုပ်နေတာကို မကျွမ်းကျင်လို့ ၊ အချောင်ခိုလို့ အလုပ်ပြောင်းထားသလိုလို နဲ့ ဆိုတော့ အလုပ်ထွက်စေချင်တာလား ဆိုပြီး ခံစားရပါတယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
ဒါ့အပြင် ရက်သတ္တပတ်ရုံးပိတ်ရက်တွေမှ အချိန်ပို မဆင်းတဲ့ အလုပ်သမားတွေကို စက်ရုံဘက်က ရပိုင်ခွင့် ဖြတ်တောက်နေတယ်လို့ အလုပ်သမားတွေက ဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လအတွင်း ၃ ရက်သာ အနားရခဲ့ပြီး ကျန်တွေမှာ အချိန်ပို လုပ်ကိုင်ခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အချိန်ပို မဆင်းတဲ့သူတွေကို ရက်မှန်ကြေး၊ အထည်ကြေးတွေ ဖြတ်တယ်။ ၃ လပိုင်းက တနင်္ဂနွေ ၄ ရက်လုံး ကို သင်္ကြန်ရက်အစား ဆိုပြီးဆင်းခိုင်းတယ်။ နောက်ပိုင်းမှာတော့ အချိန်ပို ဆိုပြီး ပြောင်းခိုင်းတယ်။ အဲတုန်း က မဆင်းတဲ့သူတွေဆို အဖြတ်ခံရတယ်။ အခုလည်း အဖြတ်ခံရတာ” လို့ ပြောပါတယ်။
 
ဒီလို ဖြတ်တောက်မှုတွေကြောင့် အလုပ်သမားတဦးကို ကျပ် ၂၀၀၀၀ ကနေ ၃၀၀၀၀ ကြား နစ်နာခဲ့ရပြီး အဲဒီငွေပမာဏက အလုပ်သမားနဲ့ မိသားစုဝင်တွေအတွက် ငါးရက်စာ အသုံးစာရိတ် ဖြစ်တယ်လို့ အလုပ်သမားတဦးက အသေးစိတ် ရှင်းပြပါတယ်။
စက်ရုံအတွင်း သောက်သုံးရေ မသန့်ရှင်းတာကြောင့် အလုပ်သမားတချို့ အော့အန်တဲ့ အဖြစ်အပျက်တွေ ရှိခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ပုံးအပြာကြီးတွေကနေ ပိုက်လိုင်းနဲ့ ချိတ်ပြီး သောက်ရေ ပေးတယ်။ ပုံးထဲမှာ အကောင်ပလောင်တွေ ကျပြီး သေတာတွေရှိတော့ သောက်ရေက အပုတ်နံ နံတယ်။ တချို့ အလုပ်သမားတွေဆို အော့အန်ကြတာ။” လို့ ပြောပါတယ်။
 
သောက်ရေမကောင်းတာကို အလုပ်သမားတွေအကြောင်းကြားမှ သန့်ရှင်းတာတွေ ပြုလုပ်ပေးပေမဲ့ ဒီလို သောက်ရေမသန့်ရှင်းတာက မကြာခဏ ဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံ သန့်စင်ခန်းက အိမ်သာတချို့ ရေလျှံတာတွေ ဖြစ်ပေါ်နေပြီး သန့်ရှင်းမှု မရှိဘူးလို့ ပြောပါတယ်။
 
“စက်ရုံမှာ သန့်စင်ခန်း စုစုပေါင်း ၁၀ ခန်းရှိတယ်။ အမျိုးသား အလုပ်သမားတွေအတွက် ၂ ခန်း။ အမျိုးသမီး အလုပ်သမားတွေအတွက်က ၈ ခန်း။ အမျိုးသမီး အိမ်သာ သုံးလုံးက ရေလျှံတယ်။ သန့်ရှင်းတဲ့ အခန်းသုံးဖို့ အတွက် စောင့်ရတယ်။ ကျန်းမာရေးအရလည်း အဆင်မပြေဘူး၊ လုပ်ငန်းခွင်လည်း မသန့်ရှင်းဘူး။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
သန့်ရှင်းမှုမရှိတဲ့ သန့်စင်ခန်းတွေ အသုံးပြုနေရပေမဲ့ ဆပ်ပြာလို့ သန့်စင်ရေးပစ္စည်းတွေ အလုံအလောက် ထားပေးတာ မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ သန့်စင်ခန်းတွေ အသုံးပြုဖို့ စောင့်ဆိုင်းရတာကို တချို့စူပါတွေက ၅ မိနစ်ကျော်တယ်ဆိုပြီး ဆူပူပြောဆိုတာတွေ ပြုလုပ်တယ်လို့ သိရပါတယ်။
 
WHM Myanmar အထည်ချုပ်စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် ၂ ၊ ဆရာစံလမ်းမှာ ရှိပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံလို့ သိရပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026