NEWS

Vic song- Myanmar စက်ရုံအလုပ်သမားများ တရိစ္ဆာန်များနှင့် ရောနှော စားသောက်နေရ

CoverLogo
760 Views
ပဲခူးမြို့က Vic song- Myanmar footwear Co.,Ltd စက်ရုံမှာ ထမင်းစားဆောင်မလုံလောက်လို့ စက်ရုံအတွင်း မွေးမြူထားတဲ့ ဆိတ်တွေနဲ့ ရောနှော စားသောက်နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ စက်ရုံ ထမင်းစားဆောင်က အလုပ်သမား ၈၀၀ လောက်ပဲ ဆန့်တယ်။ အားလုံး မဆန့်တော့ စက်ရုံမြက်ခင်းနဲ့ စက်ရုံထဲက နေရာတချို့မှာ နေ့လည်စာ စားရတယ်။ အိမ်သာသွားတဲ့ လမ်းပေါ်မှာ ထိုင်စားရတာတွေ ရှိပါ တယ်။ ဆိုးတာက၊ စက်ရုံမှာ မွေးထားတဲ့ ဆိတ်တွေက ထမင်းစားဆောင်ထဲလည်း လာတယ်။ စက်ရုံ မျက်ခင်းမှာ လည်း သွားလာနေတယ်။ လူနဲ့ တရိစ္ဆာန်ရောစားရသလို ဖြစ်နေတာ။ ဆိတ်ချေးတွေလည်း ပွနေတော့ ထမင်းစား ရတာ ဘယ်လိုမှ အဆင်မပြေဘူး။ အလုပ်ကလည်း အပူတွေနဲ့ လုပ်ရတော့ စိတ်ပင်ပန်း လူပင်ပန်း ဖြစ်တာပေါ့” လို့ အလုပ်သမားအမျိုးသမီးတဦးက ပြောပါတယ်။
 
Vic song- Myanmar footwear စက်ရုံမှာ အလုပ်သမား ၂၀၀၀ ကျော်လောက် အလုပ်လုပ်ကိုင်နေပြီး Soliver ၊ Gs အမှတ်တံဆိပ် ဖိနပ်တွေ ထုတ်လုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံက နှစ်စဉ် ဖေဖော်ဝါရီလ လောက်ကစလို့ လအနည်းငယ်ပိတ်လေ့ ရှိပြိး မေလလောက်မှာ ပြန်ဖွင့်လေ့ ရှိတယ်ဆိုပါတယ်။ 
 
“စက်ရုံက ၈ လပိုင်းလောက်ဆိုရင် အော်ဒါတွေများလာလို့ လူတွေ စခေါ်တယ်။ ၉ လပိုင်းလောက်ဆိုရင် များလားပြီ။ အဲဒီကတည်းက ထမင်းစားဆောင်က မလုံလောက်တော့တာပါ။ စက်ရုံပိတ်ထားတဲ့ ကာလအတွက် တော့ လခ ၄၀ ရာခိုင်းနှုန်းပဲ ရပါတယ်။ နှစ်ကြီး အလုပ်သမားတွေကိုတော့ နှစ်ကြေးထဲက ဖြည့်ပြီး လစာ အပြည့်ပေးတယ်။ လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံပိတ်တဲ့ကာလတွေမှာလည်း အလုပ်သမားကို နစ်နာကြေး မပေးဘဲ အလုပ်ထုတ်တာတွေရှိပြီး လုပ်သက်နုတဲ့ ၃ လ၊ ၆ လ လုပ်ကိုင်ထားသူတွေ အလုပ်ထုတ်ခံရလေ့ ရှိတယ်လို့ ဆက်ပြောပါတယ်။ အလုပ်သမားတွေကို စက်ရုံပိတ်တယ်လို့ ပြောပြီးနောက်၊ နောက်ရက်တွေမှ အလုပ်က ထုတ်လိုက်တယ်ဆိုတာကို ဖုန်းဆက် အကြောင်းကြားလေ့ ရှိတယ်။
 
“အဓိကတော့ လျှော်ကြေးမပေးချင်တာပါ ၊ အဲလို အလုပ်ထုတ်တာတွေက နှစ်တိုင်းပဲ ။ “ လို့ အလုပ်သမား တဦးက ပြောပါတယ်။
အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေ အလုပ်ပြန်လျှောက်ပါက ပြန်ခန့်ပေးပေမဲ့ အများစုကတော့ လူသစ်တွေပဲ လာရောက် လုပ်ကိုင်ကြတယ်လို့ ပြောပါတယ်။ အလုပ်သမားတွေမှာ နှစ်စဉ်နှစ်တိုင်း နစ်နာမှုတွေရှိလို့ သက်ဆိုင်ရာ အလုပ်သမားရုံးတွေကို တိုင်ကြားပေမဲ့ အရေးတယူ ဆောင်ရွက်ပေးတာမရှိဘူးလို့လည်း အလုပ်သမား တဦးက ပြောပါတယ်.။
 
“စက်ရုံ အလုပ်သမားအားလုံး EC စာချုပ်လည်း ချုပ်မပေးဘူး။ ပိုပြီးနစ်နာရတယ်” လို့ နောက်ထပ် အလုပ်သမား တဦးက ပြောပါတယ်။
 
စက်ရုံအလုပ်ချိန်က ၇ နာရီခွဲကနေ ညနေ ၄ ခွဲအထိ ဖြစ်ပေမဲ့ အလုပ်ဝင်ချိန် ၁၅ မိနစ် စောဝင်ရပြီး ထမင်းစား နားချိန်ကို တနာရီ သတ်မှတ်ထားပေမဲ့ နာရီ့ဝတ် စောဝင်ခိုင်းကာ အချိန်ပိုလုပ်ခထည့်ပေါင်းပေးမယ်ဆိုပြီး လုပ်ကိုင်ခိုင်းပေမဲ့ အဲ့ဒီအချိန်ပိုလုပ်ခ မရရှိကြဖူးလို့ ပြောပါတယ်။
 
“မနက်ဆို ၁၅ မိနစ် ကြိုခေါ်တယ်။ မီတင် Meeting အတွက်ဆိုပြီး ခေါ်တယ်။နေ့တိုင်းခေါ်တာ။ အလုပ်သမား တွေက မနက်အစောလာရတာဆိုတော့ မနက်စာ မစားကြရသေးဘူး။ မီတင်က ငါးမိနစ်လောက်ပဲ ကြာတယ်။ ပြီးလို့ မနက်စာ သွားစားလို့ မရပါဘူး။ အလုပ်ထဲ တန်းဝင်ခိုင်းတော့ တချို့အလုပ်သမားတွေ မူးလဲတာတွေ တောင် ဖြစ်ခဲ့ကြတယ်။ တချို့လည်း ကြိုပို့ကားပေါ်မှာ စားရတယ်။ ပြောမယ်ဆို ၁၀ မိနစ်လောက် အလုပ်ကြို လုပ်ရတယ်။ နေ့လယ်စားချိန်မှာလည်း နာရီဝက် ကို အချိန်ပိုခပေးမယ်ဆိုပြီး ညာပြောတယ်။ လစာထုတ်တော့ အချိန်ပို လုပ်ခပါမလာဘူး။ ” လို့ အလုပ်သမားတဦး ပြောပါတယ်။
 
နာရီဝက်အတွက် အချိန်ပိုလုပ်ခမရတာ စံချိန်မပြည့်လို့ဆိုပြီး ခေါင်းဆောင်တွေက ပြောဆိုခဲ့တဲ့အပြင် ဒီလို မလုပ်နဲ့ နိုင်ပါက အလုပ်က ထွက်ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်အတွင်း ခေါင်းဆောင်တချို့ ဆဲဆို ခိုင်းစေတာတွေ ရှိတယ်လို့လည်း သိရပါတယ်။ အချိန်ပို လုပ်ကိုင်ရတဲ့ နေ့တွေ မှာလည်း နေ့လည်စာ စားပြီး ၁၂ နာရီခွဲ အချိန်ကစလို့ ညနေ ၆ နာရီခွဲအထိ အနားမပေးဘဲ ၆ နာရီကြာ ဆက်တိုက်လုပ်ကိုင်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အပြန် လက်ဗွေနှိပ်တော့ ၁ မိနစ်လောက်စောပြီး နှိပ်မိရင် ၅၀၀ ဖြတ်တယ်။ တချို့ဆို လေးငါးခြောက်ထောင် အဖြတ်ခံရတယ်။ ကြိုပို့မှာ ထိုင်ခုံရဖို့ ထွက်ကြရင်း ဖြစ်တာပါ။ သူတို့က အခုလို ဖြတ်နေတာ ၊ မနက်စောဝင်တာ၊ နေ့လည် နာရီဝက်စာ အချိန်ပိုခ မပေးတာတွေနဲ့ ယှဉ်ကြည့်လိုက်ပါ အလုပ်သမားတွေက ပိုနစ်နာနေတာပါ” လို့ အလုပ်သမားတဦးက ပြောပါတယ်။
Vic song- Myanmar လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရတာတွေရှိတာကြောင့် ဆေးခန်းပြသရာမှာလည်း ကုသဖို့ ဆေးမရှိတဲ့ အပြင် ခေါင်းဆောင်တချို့နဲ့ လုံခြုံရေးဝန်ထမ်းတချို့က အလုပ်ချောင်ခိုဖို့ ဆေးခန်းပြတာလား ဆိုပြီး မေးမြန်းခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ဆေးခန်းသွားပြရင် ဆေးမရှိဘူး၊ ဆေးခန်းကလည်း အလုပ်ရုံနဲ့ တော်တော်ဝေးဝေးမှာ၊ ဒါကို အချောင်ခိုချင်လို့ ဆေးခန်းပြတာလားမေးတယ်။ ဆေးခန်းက ဆရာမ(နစ်)ကလည်း အလုပ်ချိန်မဟုတ်ရင် လာမပြနဲ့၊ လာပြရင် အလုပ်ချိန်လာပြလို့ ပြောတယ်။ ခေါင်းဆောင်တွေကလည်း အလုပ်ချိန်အတွင်း ဆေးခန်းမသွားရဘူးလို့ ပြောတယ်။ ကြားထဲက အလုပ်သမားတွေပဲ နစ်နာနေပြီ။ အဲလိုတွေကြောင့် ဆေးခန်းပြဖို့ကို တော်တော် ဝန်လေးတယ်။ “ လို့ ဆက်ပြောပါတယ်။
 
အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို စက်ရုံဘက်က ခြိမ်းခြောက်ပြောဆိုတဲ့အပြင် အချိန်ပိုမဆင်းသူတွေကို အလုပ်ထုတ်မယ်ဆိုပြီး ခြိမ်ခြောက်ပြောဆိုတယ်လို့လည်း Myanmar Labour News ကို အလုပ်သမားတွေက ပြောပါတယ်။ အော်ဒါများတဲ့လတွေမှာဆို ပိတ်ရက်မရဘဲ တလလုံး နားရက်မရှိ လုပ်ကိုင်ပေးရပေမဲ့ ခွင့်လုံးဝ မပေးဘဲ ရက်ပျက်အတွက် လစာဖြတ်တောက်ခံရတယ်လို့ အလုပ်သမားအားလုံးက တညီတညွှတ်တည်း ပြောဆိုပါတယ်။
 
Vic song- Myanmar footwear Co.,Ltd စက်ရုံကတော့ ပဲခူးမြို့ရှောင်လမ်း၊ ဆင်ဖြူကွင်းလမ်း စက်ရုံဖွင့် လုပ်ကိုင်နေပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026