NEWS

TAKASHIMA SPORTS လက်အိတ်စက်ရုံအလုပ်သမားတွေ လုပ်အားခ ခေါင်းပုံဖြတ်ခံနေရဟုဆို

CoverLogo
1.5K Views

TAKASHIMA SPORTS CO,LTD  လက်အိတ်စက်ရုံမှာ အလုပ်သမား ၂၀၀ ကျော်နဲ့ လုပ်ကိုင်နေတာဖြစ်ပြီး လုပ်အားခေါင်းပုံဖြတ်မှုတွေပြုလုပ်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန်မှာဖွင့်လှစ်ထားတဲ့ အဆိုပါ လက်အိတ်စက်ရုံမှာ mont bell အမှတ်တံဆိပ် လက်အိပ်တွေချုပ်လုပ်တာဖြစ်ပြီး ဂျပန်နိုင်ငံသားပိုင်ဆိုင်တာလို့ သိရပါတယ်။

"အလုပ်ချိန်က နံနက် ၈ နာရီကနေ ညနေ ၆ နာရီအထိပါ စက်ရုံက တစ်ကတ်ကြေးစနစ်နဲ့ သွားတာ ဥပမာ လက်အိတ်တစ်စုံကို ၁၀ ကျပ်ကနေ ၅၀၀ အထိ ပေးထားတယ် တစ်ကတ် စနစ်ဆိုတော့ အလုပ်သမားက ချုပ်နိုင်ရင်ချုပ်နိုင်သလောက်ရတယ် အဲ့တော့ ကြိုးစားပြီးချုပ်တာပေါ့ အချိန်ပိုအိုတီနဲ့ဆိုရင်တစ်လကို ၄ ၊ ၅ သိန်းကျော်ဖိုးအထိချုပ်ပါတယ် အလုပ်ရှင်ဘက်ကလည်း ချုပ်နိုင်ရင် ချုပ်နိုင်သလောက်ရမယ်ပြောထားတာတကယ်တမ်းလစာထုတ်တော့ ဒေးကြေး အိုတီကြေးဆိုပြီး ရှင်းပေးတယ် ဆိုတော့ ကျွန်တော်တို့ အလုပ်သမားတွေကြိုးစားပမ်းစာချုပ်ထားတဲ့ အခကြေးငွေကိုမပေးဘဲ လုပ်အားတွေကိုညှစ်ယူနေတာ"လို့ ကျေနပ်မှုမရှိတဲ့အလုပ်သမားကပြောပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်အတွင်း နံနက် ၈ နာရီမှ နေ့လည် ၁၁ နာရီအထိ မီးပျက်နေလို့ အချိန်ပိုဆင်းထားတဲ့အထဲမှ ၃ နာရီစာဖြတ်တောက်မယ်ဆိုတဲ့အကြောင်း ဖိအားပေးလက်မှတ်ထိုးခိုင်းတာတွေပြုလုပ်တယ်လို့ အလုပ်သမားကပြောပါတယ်။

"အရင်တုန်းကလည်း မီးပျက်ရင် အဲ့အချိန်အတွက် အစားပြန်ဆင်းပေးရတယ်"လို့အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်စနစ်အရ လကုန်ပြီး ၁၅ ရက်တိုင်းမှာ လဝက်မုန့်ဖိုးဟုဆိုကာ တစ်ဦးလျင် ၅၀၀၀၀ ကျပ်စီပေးပြီး 
လုပ်ငန်းခွင်ထဲတွင် အချင်းချင်းရည်းစားမထားရ၊ စကပ်အတိုမဝတ်ရ၊ အင်္ကျီလည်ဟိုက်၊ အင်္ကျီအတို၊ ဘောင်းဘီအတိုမဝတ်ရဆိုပြီး စည်းကမ်းသတ်မှတ်ထားကာ အဆိုပါ စည်းကမ်းနှင့်မညီဟုဆိုကာ အချို့အလုပ်သမားကို ၃၀၀၀၀ ကျပ် ၂၀၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်သာ ပေးချေတာတွေပြုလုပ်တယ်လို့ အလုပ်သမားကပြောပါတယ်။

ယင်းကဲ့သို့ စည်းကမ်းသတ်မှတ်ချက်များမှာ အီးစီစာချုပ်အရမဟုတ်ဘဲ စက်ရုံဘက်မှ တဖက်သတ်ချမှတ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။အဆိုပါ လုပ်ငန်းရှင်ဘက်မှ တစ်ဖက်သတ် စည်းကမ်းများနှင့်မညီလျှင် ဝမ်တိန်ထိုးခိုင်းခြင်း၊ ဝမ်တိန်တစ်ကြိမ်ထိုးရတိုင်းပိုက်ဆံ (၁၀၀၀၀) ကျပ်ဖြတ်တောက်ခြင်းများ ပြုလုပ်ခံရတယ်လို့ ဆိုပါတယ်။

အလုပ်သမားဝန်ကြီးဌာနမှ ထောက်ပံ့ကြေး ၃၀၀၀၀ ကျပ် တိုးပေးရန် ထုတ်ပြန်လိုက်တဲ့အခါမှာ  အဆိုပါ အလုပ်သမားတွေကို ပေးနေတဲ့ လဝက်မုန့်ဖိုး ၅၀၀၀၀ ကျပ်ကို ၃၀၀၀၀ ကျပ်ပဲပေးတော့မယ်လို့ ဆိုပြီး အသိပေးလာပြီး ၂၀၀၀၀ ကျပ်ကို လျှော့ချလိုက်လို့ ပိုနစ်နာသွားတယ်လို့ ဆိုပါတယ်။

အလုပ်သမားဝန်ကြီးဌာန က တစ်ရက်တစ်ထောင်ကျပ်နှုန်း အပိုထောက်ပံ့ကြေးပေးရန် ထုတ်ပြန်ထားမှုအပေါ် စက်ရုံဘက်က တစ်ရက်လျှင် တစ်ထောင်ကျပ်နှုန်းပေးမည်ဖြစ်ပြီး ရက်ပျက်လျှင် အဆိုပါ တစ်ထောင်ကျပ်ပါဖြတ်မည်ဖြစ်ပြီး ဂိတ်ပက် ( gate pass) ယူပါက နာရီအလိုက်ဖြတ်တောက်မယ်လို့ ကြေညာလိုက်တယ်လို့ အလုပ်သမားကပြောပါတယ်။

ထို့ နောက် အလုပ်သမားတွေကို ဒေးကြေး ၅၆၀၀ ကျပ်တိုးပေးမည်ဟုဆိုကာ အဆိုပါ လဝက်မုန့်ဖိုးမပေးတော့ကြောင်း ဖိအားပေးလက်မှတ်ထိုးခိုင်းပြန်တယ်လို့ ဆိုပါတယ်။

အဆိုပါ လက်အိတ်ချုပ်စက်ရုံလုပ်ငန်းခွင်ထဲမှာ ဥပဒေပါခံစားခွင့်တွေဖြစ်တဲ့ ရှောင်တခင်ခွင့် လုပ်သက်ခွင့် ဆေးခွင့်များမပေးဘဲ နေမကောင်းလို့ ခွင့်တစ်ရက်ပျက်ပါက ဒေးကြေး ၄၈၀၀ ကျပ် ရက်မှန်ကြေး ၂၀၀၀၀ ကျပ် စုစုပေါင်း ၂၄၈၀၀ ကျပ် ဖြတ်တောက်ခံရတယ်လို့ အလုပ်သမားကပြောပါတယ်။

"နေမကောင်းဖြစ်လည်း အလုပ်လာရပါတယ် တကယ်လို့ အလုပ်ရောက်မှ မခံနိုင်လို့ ပြန်သွားတယ်ဆိုရင် အဲ့နေ့အတွက် ရက်မှန်ကြေးအကုန်ဖြတ်တောက်ခံရတယ် လူမှု့ဖူလုံရေး ကပေးတဲ့ဆေးခွင့်ကို ဖူလုံရေးဘက်ကပေးလည်း အလုပ်ရှင်ဘက်က မပေးပါဘူး  နေမကောင်းတာကရက်ရှည်ဖြစ်လာပြီဆိုရင်တော့ အဲ့အလုပ်သမားကို HR က အလုပ်ကနေ အပြီးထွက်ခိုင်းပါတယ်"လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာအလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းလည်းမရှိဘူးလို့ သိရပါတယ်။လုပ်ငန်းခွင် ညှိနှိုင်းရေးကော်မတီ wcc ဖွဲ့စည်းထားပြီး အလုပ်ရှင်ဘက်က တစ်ဖက်သတ်ဖွဲ့စည်းထားတာ လုပ်ငန်းခွင်အတွင်းရှိ အလုပ်သမားရေးရာ အငြင်းပွားမှုတွေ အတွက် ဆွေးနွေးပေးခြင်းမရှိသည့်အပြင် အလုပ်ရှင်သဘောအတိုင်းသာ လုပ်ဆောင်နေလို့ ညှိနှိုင်းဖြေရှင်းပေးတာတွေလုပ်ဆောင်နိုင်တာမရှိဘူးလို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ အလုပ်ရှင်ဘက်က သတ်မှတ်ထားသော တစ်ကတ်ကြေးကို မှန်ကန်စွာပေးချေရန် အလုပ်သမားတွေအပေါ် တစ်ဖက်သတ်စည်းကမ်းများ မချမှတ်ရန်နှင့်ပေးနေကြဖြစ်သော လဝက်မုန့်ဖိုးကို ဖြတ်တောက်ခြင်း မပြုလုပ်ရန် ဝမ်တိန်ထိုးခိုင်းလျှင် ပိုက်ဆံတစ်သောင်းဖြတ်တောက်ခြင်းမပြုလုပ်ရန် အလုပ်သမားများ ခံစားခွင့်ရှိသော ရှောင်တစ်ခင်ခွင့်၊ လုပ်သက်ခွင့်၊ ဆေးခွင့်များ ခံစားခွင့်ပေးရန် စတဲ့အချက်တွေ ဖြေရှင်းပေးစေလိုတယ်လို့ အလုပ်သမားတွေကတောင်းဆိုထားပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026