NEWS

Myanmar Huasheng Golden အထည်ချုပ်စက်ရုံ ဇွန်လ တလလုံး ညည့်နက် လုပ်ကိုင်ခိုင်း

CoverLogo
1K Views

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် ၊ အနော်ရထာစက်မှုဇုန်က Myanmar Huasheng Golden Fashion မှာ ဇွန်လ တလုံး ညည့်နက် အချိန်ပိုတွေ တရက်ခြား လုပ်ကိုင်ခိုင်းခဲ့ တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

“ဒီတလလုံး ညနက်ကတော့ ရက်ခြားဆင်းရတယ် ။ နေ့တိုင်းလည်း ၇ ခွဲအထိဆင်းပေးရတယ်။ အဲ့ဒါ စနေနေ့တရက်တောင်ပါ ပါတယ်။ အောနိုက်ဆို ည နက် ၁၂ နာရီ အထိဆင်းရတာ၊” လို့ ပြောပါတယ်။

ညနက် အချိန်ပိုလုပ်ကိုင်ရတိုင်း တာဝန်ရှိသူတွေက စက်ရုံမှာဘဲ ဖြစ်သလို အိပ်စက်ခိုင်းလို့ အမှောင်ထဲမှာ အိပ်စက်ခဲ့ရတယ်လို့ ပြောပါတယ်။ စက်ရုံ အလုပ်ချိန်မှာ မနက် ၇ နာရီခွဲကနေ ညနေ ၄ နာရီအထိ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ နေ့စဉ် အချိန်ပို လုပ်ကိုင်ရာမှာလည်း  နေ့လယ်စာ စားပြီး ၁၂ နာရီကနေ အချိန်ပိုပြီးတဲ့ ည ၇ နာရီအထိ အနားမရဘဲ ဆက်တိုက်လုပ်ကိုင်နေရတယ်လို့လည်း ပြောပါတယ်။ 

“ည ၁၂ ဆို အလုပ်သိမ်း ၊ မီးပိတ်လိုက်တာနဲ့ အမှောင်ထဲ ဖြစ်သလို အိပ်ပဲ။ မနက် ၅ နာရီမှ ဖယ်ရီပြန်၊ အိမ်ရောက်  ချိုင့်ထည့်၊ ရေးချိုးနဲ့ အလုပ်ချိန်ကို အမှီပြန်လာရတာပါ။ မီတင်ဆိုပြီး မိနစ် ၂၀ စောဝင်ရတော့ မနက်စာတောင် မစားရဘူး။  နေ့လယ်စာ စားပြီးတော့လည်း အချိန်ပို ပြီးတဲ့အထိဆက်တိုက် ချုပ်ရတာ။ စက်ရုံက နားချိန်နဲ့ အစားအသောက် လုံးဝမပေးဘူး  မရှိရင် အိမ်ရောက်မှစား” လို့ စက်ရုံလုပ်သားတဦးက ပြောပါတယ်။ 

စက်ရုံဘက်က အထည်စံချိန် အပြည့် တောင်းခံတာ၊ ညည့်နက်တွေ လုပ်ကိုင်ရတာများလို့  အလုပ်သမားတွေမှာ အိပ်ရေးပျက် ပင်းပန်းကြတဲ့ အပြင် အလုပ်ပျက်တဲ့ နေ့ရက်တွေ ရှိနေတယ်လို့ ပြောပါတယ်။

“ အိပ်ချိန်းနည်းတော့ အလုပ်ထဲမှာ မူးနောက်နေတာပဲ။ စံချိန်ကတော့ ပေးတာဆိုတော့ ကြိတ်မှိတ် ချုပ်နေရ တာပဲ။ ညနေ ၆ နာရီလောက်အထိ လုပ်ပေးရတာ ပြဿနာ မရှိပါဘူး။ ခွင့်တော့ ပေးပါတယ်။ ဒါပေမဲ့ အလုပ် ပျက်တာနဲ့ ရက်မှန်ကြေး တဝတ်ဖြတ်တယ်၊ ၂ ရက်ဆို မရတော့ဘူး။ ဒေးကြေး ဖြတ်တယ်။ ရက်ပျက်လိုက်တာနဲ့  လစာက သိသိသာသာ နည်းသွားတယ်။” လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

Myanmar Huasheng Golden အထည်ချုပ်စက်ရုံက အလုပ်သမားတွေကို  မြို့နယ် အလုပ်သမားရုံး တာဝန်ရှိသူ က လာရောက်စစ်ဆေးခဲ့ပေမဲ့ လွတ်လပ်စွာ ဖြေဆိုခွင့်မရဘူးလို့လည်း  အလုပ်သမားတဦးက သူ့ အတွေ့အကြုံကို အခုလို ပြောပါတယ်။ 
“စက်ရုံက အတိုင်ခံရလို့ အိုတီတောင် ပြီးခဲ့တဲ့ အပတ်ထဲမှာတရက်နားခဲ့တယ်။ လာစစ်တော့ အသံချဲ့စက်နဲ့ အလုပ်သမားကို လှမ်းခေါ်တယ်။  မန်နေဂျာရုံးခန်းမှာ စစ်တော့။  ဘယ်လို ဖြေလို့ရမလဲ။ အလုပ်အကိုင်တွေက ရှိတယ်သေးတယ်  ။ အဲ့မှာက စက်ရုံ ရုံးဝန်ထမ်း အားလုံးရှိနေတာ။ အဖြစ်မှန် ဘယ်ပြောရဲမလဲ။” လို့ ပြောပါတယ်။ 

မြို့အလုပ်သမားရုံးက လာရောက်စစ်ဆေးတာကို စက်ရုံဘက်က ကြိုတင် သိထားပြီး အလုပ်သမားတွေကို လိမ်လည် ဖြေကြားဖို့ သင်ထားပေးတယ်လို့ လည်း အလုပ်သမားတွေက ပြောပါတယ်။ 

Myanmar Huasheng Golden အထည်ချုပ် စက်ရုံမှာ စက်လိုင်း ၁၅ လိုင်းနဲ့ လုပ်သား ၁၀၀၀ ကျော်က ဝယ်လွန်၊ ရှပ်အင်္ကျီ၊ ဘောင်းဘီ၊ ဂါဝန် ချုပ်တွေ ချုပ်လုပ်နေတယ်လို့ ဆိုပါတယ်။ စက်ရုံကို တရုတ်နိုင်ငံသားပိုင်ဆိုင်ပြီး   ၊ WCC နဲ့ သမဂ္ဂ ဖွဲ့စည်းထားတာ မရှိဘူးလို့ Myanmar Labour News ကို  စက်ရုံအလုပ်သမားတွေက ပြောကြားပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026