NEWS

Myanmar Chaofa အိပ်ချုပ် စက်ရုံတွင် ကလေးလုပ်သားများ နေ့စားလုပ်ကိုင်ရပြီး ခွဲခြားခံနေရ

CoverLogo
730 Views
 
ရန်ကုန်မြို့၊ ဝါးတရာစက်မှုဇုန်မှာ လည်သာအိပ်တွေ ချုပ်လုပ်နေတဲ့ Myanmar Chaofa အိပ်ချုပ် စက်ရုံမှာ အလုပ်သမား နှစ်ရာဝန်းကျင်ရှိပြိး အဲဒီထဲက တဝတ်လောက်ဟာ ကလေး လုပ်သားတွေဖြစ်တယ်လို့ စက်ရုံ အလုပ်သမားတွေက ပြောပါတယ်။ အဲဒီ ကလေးလုပ်သားတွေဟာ နေ့စားအလုပ်သမားတွေဆိုပြီး ဥပဒေပါ အခွင့်အရေးမရ သလို ခွဲခြားဆက်ဆံခံနေရတယ်လို့လည်း ပြောဆိုပါတယ်။
 
“ စက်ရုံကို လာကြည့်ပါ ။ နေ့စားတွေက ကလေးတွေပါ ။ ပိစိညှောင့်တောင့်လေးတွေပါ ။ ၁၁၊ ၁၂ ၊ ၁၃ နှစ်အရွယ် တွေပါ ။ ၁၄ နှစ် ၁၅ နှစ် အရွယ်တွေလည်း ပါပါတယ်။ သူတို့က နေ့စားဆိုပြီး ပိတ်ရက်အတွက်လည်း လုပ်ခမရ ကြဘူး ။ အချိန်ပို ကြေးတွေလည်း မရဘူး ။ စနေ့နေ့ဆို တခြားအလုပ်သမားတွေက အိုတီ ၄ နာရီ ရပေမဲ့ အဲ့ဒီနေ့စား ကလေးတွေက ၅၈၀၀ ပဲရကြပါတယ်။ တခြားနေ့တွေလဲ အဲလိုပါပဲ” လို့ လုပ်သက်ရင့် အလုပ်သမား တဦးက ပြောပါတယ်။
 
Myanmar Chaofa Leather Ware Co.,Ltd စက်ရုံဟာ တရုတ်အမျိုးသားတဦး ပိုင်ဆိုင်ပြီး လည်သာအိပ်တွေ ချုပ်လုပ်နေတာလို့ သိရပါတယ်။ အရင် လုပ်သား ၁၀၀၀ ဝန်းကျင်အထိရှိခဲ့သလို ကမ္ဘာကျော် ကုန်အမှတ်တံဆိပ် တွေလည်း ချုပ်လုပ်ခဲ့တယ်လို့ သိရပါတယ်။ စက်ရုံအတွင်း အော်ဒါမရလို့ ဆိုပြီး စက်ရုံပိတ်တဲ့ ရက်တွေမှာ အလုပ်သမားတွေကို လုပ်ခလစာ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချ ရှင်းပေးခဲ့တယ်လို့ အလုပ်သမား တဦးက အခုလို ရှင်းပြပါတယ်။
 
“နောက်ဆုံးပိတ်တာ အခုနှစ် ၈လပိုင်း( ဩဂုတ်လ) ထဲမှာ ၁၀ ရက်ပိတ်ခဲ့တယ်။ အဲ့ရှေ့မှာလည်း တလ ၊ တလခွဲ အဲလိုတွေ ပိတ်ခဲ့တယ်။ အဲလိုတွေပိတ်တာက ခဏခဏပဲ။ ပိတ်ရက်တွေအတွက် အလုပ်သမားတွေကို ၂၄၀၀ ပဲ ပေးခဲ့တယ် ။ အလုပ်သမားရုံးကိုတော့ ဘယ်လိုတင်ပြထားလဲတော့ မသိဘူး ။ ” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံက သန့်ရှင်းရေး၊ လုံခြုံရေးနဲ့ ရုံးဝန်ထမ်းတွေအားလုံးလည်း အချိန်ပိုအတွက် လုပ်အားခမရဘဲ လုပ်ကိုင်ပေး နေရပြီး လာရောက်စစ်ဆေးတဲ့ အဖွဲ့အစည်းတွေရှိပေမဲ့ အလုပ်သမားတွေကို စက်ရုံတာဝန်ရှိသူတွေက ကြိုတင် သင်ကြားပေး လိမ်လည်ဖြေဆိုခိုင်းခဲ့တယ်လို့လည်း အလုပ်သမားတွေက ထပ်ဖြည့်ပြောပါတယ်။
 
“သန့်ရှင်းရေးက တယောက်တည်းဘဲရှိတယ်။ အရင် ၅ယာက်ရှိတယ်။ အခု သန့်ရှင်းရေးတယောက်တည်းနဲ့ စက်ရုံတခုလုံးကို လုပ်ပေးနေတာ ။ ဒါတောင် လုံခြုံရေးအမျိုးသမီးတွေ မြတ်ရိတ်ပေးရ သေးတယ်။ အဲလို လုပ်ရလည်း အချိန်ပို ၈ နာရီဆိုရင်၊ အဲ့အချိန်မှ အတူပြန်ရတာ ။ EC စာချုပ်မှာတော့ အလုပ်ချိန်ကို ၈ နာရီကနေ ၄ နာရီ ခွဲအထိပဲ။ ပိုက်ဆံသာ မရတာ ၊ အချိန်ပိုဆို သူတို့လည်း ကျွန်မတို့နဲ့ အတူပြန်ရတာပဲ” လို့ စက်ရုံ အလုပ်သမားတဦးက ပြောပါ တယ်။
 
စက်ရုံဘက်က တရားဝင် အလုပ်ချိန်ကို မနက် ၈ နာရီကနေ ၄ နာရီခွဲအထိ သတ်မှတ်ထားပေမဲ့ တကယ် အလုပ်ဆင်းချိန်ကတော့ ၄ နာရီ ၄၀ မှ အလုပ်ဆင်းရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အချိန်ပိုအတွက် လုပ်ခလစာမရလို့ အလုပ်သမားရုံးတွေကို တိုင်ကြားမှုတွေ အကြိမ်ကြိမ် လုပ်ဆောင်ခဲ့ပေမဲ့ လာစစ်ဆေးတာ မေးမြန်းမျိုး မရှိခဲ့ဘူး လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ စနေ့နေ့ တရက်တည်းကိုပဲ အချိန်ပို ၄ နာရီကို တွက်ကြည့်ပါ၊ တလ ၁၆ နာရီ ရှိပါတယ်။ အချိန်ပိုကို အရင်အတိုင်း ၁၂၀၀ ဆိုရင် လုပ်ခလစာ ၂၀၀၀၀ နီးပါးလောက် အလုပ်သမားတွေ နစ်နာနေရပါတယ်။ ဒါကို အဓိကပြောချင်ပါတယ်” လို့ အလုပ်သမားတဦး က ပြောကြားပါတယ်။
 
Myanmar Chaofa Leather Ware Co.,Ltd စက်ရုံအတွင်းက ရေသန့်စက်ဟာလည် အိမ်သာအနီးမှ ရှိနေတာနဲ့ အများသုံးအိမ်သာတွေက အနံအသက်မကောင်းတာတွေလည်း ရှိနေတယ်လို့ အလုပ်သမားတွေက Myanmar Labour News ကို ပြောကြားထားပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026