MADE စီမံချက်နဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ ဒီနေ့ ဇွန် ၁၂ ရက်မှာ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က (MICS- TusF-Myanmar)က ထပ်မံ ကြေညာပါတယ်။
MADE စီမံချက်ကို ဥပရောပသမဂ္ဂ EU ရဲ့ ပံပိုးမှုနဲ့ Seaqua ၊ EuroCham စတဲ့ ဥပရောပနိုင်ငံတွေရဲ့ အလုပ်ရှင် အဖွဲ့အစည်းတွေက အကောင်အထည် ဖော်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
စီမံချက်မှာ အလုပ်သမားတွေကို ကိုယ်စားမပြုတဲ့ အဖွဲ့အစည်း NGO တွေက အလုပ်သမားတွေနဲ့ ကုန်အမှတ် တံဆိပ်တွေ၊ အလုပ်ရှင်တွေကြားမှာ ပေါင်းကူးအခန်းကဏ္ဍအနေနဲ့ လုပ်ဆောင်နေပြီး MADE initiative က အကြံပြုထားတဲ့အတိုင်း မကျေနပ်ချက်ကိုင်တွယ်မှု စနစ်ကို ဖော်ဆောင်နေတာကိုလည်း MICS အလုပ်သမား အဖွဲ့ချုပ်က ကန့်ကွက်ထားပါတယ်။
အလုပ်သမားကိုယ်စားမပြုတဲ့ NGO ရဲ့ လုပ်ဆောင်မှုတွေက အလုပ်သမားတွေရဲ့ အခွင့်အရေးကို ခြယ်လှယ်သွား နိုင်ပြီး အလုပ်သမားအတုအယောင်တွေကို ကိုယ်စားပြုနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ခက်ခဲတဲ့ နိုင်ငံရေးအခြေအနေအောက်မှာ MICS-TusF အနေနဲ့ လည်ပတ်ဆဲ စက်ရုံအလုပ်သမားတွေရဲ့ ရပိုင်ခွင့်၊ နိုင်ငံက ထွက်ခွာမဲ့ ကုန်အမှတ်တံဆိပ်ချုပ် စက်ရုံက အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို ညှိနှိုင်းပေးသွားမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။ အလုပ်သမားတွေရဲ့ အမှုကိစ္စတွေမှာလည်း ကုန်အမှတ်တံဆိပ်၊ Suppliers ၊ အလုပ်ရှင်တွေနဲ့ တိုက်ရိုက် ညှိနှိုင်းဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံက အလုပ်သမားတွေမှာ လုပ်ခလစာနည်းပါးသလို နေ့စဉ်သတ်မှတ်ထားတဲ့ အထည် စံနှုန်း တွေ ပြည့်မီရေးအတွက် လုပ်ခလစာမရဘဲ အချိန်ပိုအပါအဝင် နာရီပေါင်းများစွာ အလုပ်လုပ်နေရသလို အလုပ်နဲ့ အိမ်အပြန်ခရီးအတွက် ဘေးကင်းရေးဟာလည်း ခြိမ်းခြောက်ခံနေရတယ်လို့ MICS အဖွဲ့ချုပ်က ထုတ်ပြန်ထား ပါတယ်။