NEWS

Cheung Hing Myanmar အထည်ချုပ်စက်ရုံမှာ ပုတ်ပြတ်စနစ်နဲ့ လုပ်ကိုင်နေရလို့ ညနက် ၁၁ နာရီမှ အလုပ်သမားများ နေအိမ်ပြန်နိုင်

CoverLogo
1.1K Views

အလုပ်သမားတချို့ အဖမ်းဆီးခံ တောင်းဆိုခဲ့တဲ့ တရက်လုပ်ခ ၅၆၀၀ ထက် ပိုပေးထားပေမဲ့ လုပ်ကိုင်ရတဲ့ ပုတ်ပြတ် စနစ်ကြောင့် ချန်းစင်း မြန်မာ (Cheung Hing Myanmar) အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ ညနက် ၁၁ နာရီ အထိ လုပ်ကိုင်နေရတယ်လို့ ပြောပါတယ်။

“စက်ရုံရဲ့ ပုတ်ပြတ် (အထည်ကြေး) စနစ်က အလုပ်ချိန်ကို ကန့်သတ်ချက် မရှိတော့ဘူး။ အော်ဒါရှိရင် ရှိသလို လုပ်ပေး ရတယ်။ ည ၁၀ နာရီဆိုလည်း ဆင်း၊ ၁၁ နာရီဆိုလည်း ဆင်း အဲ့လို ဖြစ်နေတာ ။ ပြီးခဲ့တဲ့လ(ဇူလိုင်လ) ထဲမှာဆို လပြည့် တရက်ပဲ ပိတ်တယ် ၊ ဆက်တိုက် မနားခဲ့ရဘူး” လို့ Cheung Hing Myanmar က အထည်ချုပ် အမျိုးသမီး အလုပ်သမား မဆွေဆွေ (အမည်လွှဲ) ကပြောပါတယ် ။ 

Cheung Hing Myanmar က အထည်ချုပ်စက်ရုံရဲ့ ပုတ်ပြတ် အထည်ကြေးစနစ်ကတော့ စက်ရုံ အလုပ်သမား တွေကို ဒေးကြေးကျပ် ၇၀၀၀ ပေးပြီး ဒေးကြးအထည်တွေထက် ပိုချုပ်နိုင်ရင်တော့ အဲဒီအထည်ကို ဒါဇင်နဲ့ တွက်ပြီး ကျပ် ၂၀၀ ကနေ ကျပ် ၃၀၀၀ အထိ စက်ရုံဘက်က လုပ်ခပေးတဲ့စနစ် ဖြစ်တယ်လို့ မရွှေရွှေက ပြောပါ တယ်။

ဒါပေမဲ့ အချိန်ပိုခမရတာနဲ့ အလုပ်ချိန်ကို အကန့်သတ်မဲ့ လုပ်ကိုင်နေတာကြောင့် အလုပ်သမားတွေမှာ ကျန်းမာရေး၊ လူမှုရေးနဲ့ လုံခြုံရေး အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ Cheung Hing Myanmar က အထည်ချုပ်စက်ရုံက အလုပ်သမားတွေက ပြောပါတယ်။ 

“မိုးတွင်း တလ လုံးလုံးကို ညတိုင်း ၁၀ နာရီ ၁၁ နာရီအထိဆင်းရတာ ဆိုတော့ အလုပ်သမားတွေက ဖျားနာ ကြတယ် ။ ဆေးခန်းလည်း မသွားနိုင်ဘူး။ အိပ်ရေးတွေပျက်တယ်၊ အဝတ်တွေဆိုမလျှော်နိုင်ဘူး။ အိမ်သန့်ရှင်းရေး လည်း မလုပ်နိုင်ဘူး။ ညနက်တွေဆိုတော့ အဆောင် ပိုင်ရှင်တွေက အဆောင်တံခါး ဖွင့်မပေးတာက အမြဲကြုံ နေရတာ” လို့ Cheung Hing Myanmar က အလုပ်သမားတဦးက ပြောပြပါတယ်။ 

ပုတ်ပြတ် အထည်ကြေးစနစ်မှာလည်း ရရှိတဲ့ ငွေကြေးက ပုံသေမရှိသလို စက်ရုံထဲက ဌာနအလိုက်ရရှိတဲ့ ငွေကြေး ကလည်း မတူဘူးလို့ မနန်းနန်းက ပြောပါတယ်။ 

အထည်ချုပ်တာ နှေးတဲ့ အလုပ်သမားတချို့ကတော့ ည ၁၁ နာရီ လုပ်ကိုင်ရပေမဲ့ ငွေကြေးနည်းငယ်သာရရှိတဲ့အတွက် လုပ်ကိုင်လိုခြင်း မရှိဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။

“မလုပ်ချင်လည်း စူပါတွေက အတင်းအကျပ် ဖိအားပေး ဆင်းခိုင်းတာပါပဲ။ အထည်ကြေးကနည်းတော့ လုပ်ရင် လုပ်သလောက်မရဘူး ။ အိပ်ရေးပျက်တာနဲ့ ရတဲ့ငွေ နည်းတော့ အလုပ်သမားတွေက မဆင်းချင် ကြဘူး ။ တချို့ စူပါတွေကတော့ မရဘူး အတင်းအကျပ် ပါပဲ” လို့ Cheung Hing Myanmar က အလုပ်သမား အမျိုးသမီး မနန်းနန်း (အမည်လွှဲ)က ပြောပါတယ်။ 

Cheung Hing Myanmar အထည်ချုပ်စက်ရုံက ဒီပုတ်ပြတ်စနစ်ကို ဇွန်လမှာ စတင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ကျင့်သုံးနေတာလို့ အလုပ်သမားတွေက Myanmar Labour News ကို ပြောပါတယ်။ 

စက်ရုံဘက်က ညပိုင်း အလုပ်အတွက် ထမင်းဖိုးသဘောမျိုးပေးပေမဲ့ အလုပ်ချိန် ကန့်သတ်မဲ့ လုပ်ကိုင်ရတဲ့ စနစ်ကတော့ အလုပ်သမား တွေအတွက် ရုပ်ပိုင်း စိတ်ပိုင်း ထိခိုက်မှုရှိနေတယ်လို့ မဆွေဆွေက ပြောပါတယ်။ 

“စက်ရုံက လုပ်ခ စနစ် ပြောင်းလိုက်တော့ တချို့ဆို ဆီးသွားရမှာ စိုးလို့ဆိုပြီး ရေထမသောက်တော့ဘူး။ နောက် ထမင်းလည်း ပြေးစားရ၊ ရေအိမ်သွားလည်း ပြေးသွားရ နဲ့ လွတ်လပ်ခွင့်တွေ တအား ဆုံးရှုံးခဲ့ရတယ် ။ အခု ဩဂုတ်လမှာဆို ပိုးဆိုးတယ် ညနက် ၁၁ နာရီ ၁၂ နာရီအထိ လုပ်နေရပြီ။ ပိတ်ရက် နားရက်ကို မရှိဘူး။” လို့ မဆွေဆွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ၂၀၁၆ ခုနှစ်က ပြင်ဆင်ထားတဲ့ အလုပ်ရုံများ အက်ဥပဒေ ပုဒ်မ ၆၂ မှာ “အလုပ်ရုံ၌ မည်သည့် ရက်တွင် မဆို အလုပ်ချိန် နာရီပေါင်း ရှစ်နာရီထက်ပို၍ အလုပ်မလုပ်စေရ၊ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ” လို့ ဖော်ပြထား ပါတယ်။ 

ဒါ့အပြင် ပုဒ်မ ၅၉ မှာတော့ “အလုပ်ရုံတွင် မည်သည့် လူကြီးအလုပ်သမားကိုမျှ ရက်သတ္တပတ် တပတ်လျှင်၊ လေးဆယ့်လေး နာရီထက်ပို၍ အလုပ်မလုပ်စေရ၊ သို့တည်းမဟုတ် လုပ်ခွင့်မပြုရ။” လို့ ပြဋ္ဌာန်း ထား ပါတယ်။ 

အလုပ်သမားဝန်ကြီးဌာနရဲ့ စက်ရုံ၊ အလုပ်ရုံများ အချိန်ပိုလုပ်ကိုင်ခြင်းဆိုင်ရာ လမ်းညွှန်ချက်မှာလည်း အချိန်ပို လုပ်ကိုင်မဲ့ အလုပ်သမားတွေရဲ့ သဘောတူမှတ်တမ်းတင်ပြရမယ်လို့ ဖော်ပြထားပေမဲ့ အလုပ်ကို ညနက် ၁၁ နာရီ အထိ လုပ်ကိုင်နေရတဲ့ Cheung Hing Myanmar အထည်ချုပ် စက်ရုံမှာတော့ အလုပ်သမားတွေရဲ့ ဆန္ဒသဘော ထား ကောက်ယူတာမျိုးမရှိခဲ့ဘူးလို့ အလုပ်သမာတွေက ပြောပါတယ်။ 

“ဒီလို တရားမဝင် လုပ်ကိုင်ခိုင်းတာဆိုတော့ အချိန်ပိုကို ၁၁ နာရီအထိ လုပ်ကိုင်တာကို သိရှိ သဘောတူတဲ့ အကြောင်း လက်မှတ်ထိုး ရတာမျိုး မရှိပါဘူး “ လို့ မဆွေဆွေက ပြောပါတယ်။ 

Cheung Hing Myanmar အထည်ချုပ် စက်ရုံရဲ့ အလုပ်ချိန်ကတော့ မနက် ၈ နာရီကနေ ညနေ ၄ နာရီ ၄၅ မိနစ်အထိ ဖြစ်ပြီး အလုပ်ဆင်းချိန်မှာတော့ ၃၅ မိနစ် အနားပေးတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အနားချိန်ပြီးပါက အချိန်ပို ည ၁၁ နာရီအထိ ညစာစားချိန် မရှိဘဲ ဆက်တိုက် လုပ်ကိုင်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 

“ မနက် ၈ နာရီ အလုပ်စတယ် ၁၂ မှာ နေ့လယ်စာအတွက် ၄၅ မိနစ် အနားပေးတယ်။ ညနေ ၄ နာရီ ၄၅ မိနစ်မှာ ဆင်းတယ် အဲဒီမှာ ၃၅ မိနစ်နားပြီး ည ၁၁ အထိ ထောက်လျှောက်လုပ်ရတာပဲ” လို့ မနန်းနန်းက Myanmar Labour News ကို ပြောပြပါတယ်။ 

အလုပ်ရုံများ အက်ဥပဒေရဲ့ ပုဒ်မ ၆၃ မှာတော့ “အလုပ်ရုံရှိ လူကြီးအလုပ်သမားများ၏ ရက်အသီးသီးတွင် အလုပ်လုပ်သည့် ကာလအပိုင်း အခြားများကို သတ်မှတ်ရာ၌၊ မည်သည့်ကာလအပိုင်းအခြားမျှ ငါးနာရီထက် မပိုစေရ၊ ထို့ပြင် မည်သည့် အလုပ်သမားကိုမျှ အနည်းဆုံး နာရီဝက်နားနေရန် အားလပ်ချိန် မရသေးမီ ငါးနာရီ ထက်ပို၍ တဆက်တည်း အလုပ် မလုပ်စေရ။” လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါ့အပြင် ဝန်ကြီးဌာနက နားချိန်မပေးဘဲ ဆက်တိုက် ခိုင်း စေခဲ့တဲ့ စက်ရုံတရုံကို ပုဒ်မ ၈၅ နဲ့ အရေးယူမယ်လို့ ပြီးခဲ့တဲ့ လထဲမှာ ထုတ်ပြန်ထားပါတယ် ။ 

“ ၆ နာရီ နီးပါးလောက် ဆက်တိုက်လုပ်ရတာပါ။ ကြားမှာ ထမင်းစားလည်း ပြေးလွှားစားရတယ်။ သမီးတို့မှာ ကူညီ မဲ့သူ မရှိလို့ ပြောပြရတာပါ။ ခွင့်တွေထဲက ရှောင်တခင်ခွင့်နဲ့ ဆေးခွင့်ရပါတယ်။ ဒါပေမဲ့ အဲလို့ ခွင့်ရက်တွေ မှာ ၇၀၀၀ မပေးပါဘူး။ ၅၄၀၀ ပဲ ပေးပါတယ်။ ဒီလိုပေးတာကို ထောက်ပံကြေးမို့ ဖြတ်တာလို့ ပြောတယ်။ လုပ်သက် ခွင့်ကို နှစ်ပြည့်ရင် ပိုက်ဆံပေးမယ်။ ခွင့်လိုချင်လည်း မရပါဘူး ။ ပြီးခဲ့လထဲမှာဆို လုပ်သက်ခွင့် လုံးဝ မပေးဘူးလို့ စက်ရုံက ကြေညာထားပါတယ် ။ ပြီးခဲတဲ့နှစ်တွေကဆို လုပ်သက်ခွင့်လည်းမရဘူး ၊ ပိုက်ဆံလည်း မရခဲ့ကြဘူး ” လို့ မဆွေဆွေက ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေအရ အလုပ်သမားတွေအနေနဲ့ ရှောင်တခင် ခွင့်၊ လုပ်သက်ခွင့်၊ ဆေးလက်မှတ်ခွင့်နဲ့ မီးဖွားခွင့်တွေရရှိ ရမှာဖြစ်ပြီး ဒီပုဒ်မတွေကို ချိုးဖောက်သူဟာ ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထား ပါတယ်။ 

Cheung Hing Myanmar အထည်ချုပ် စက်ရုံကတော့ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်၊ ငမိုးရိပ်လမ်းမှာ ရှိပြီး လုပ်သား ၇၀၀ လောက်နဲ့ လည်ပတ်နေတာလို့ သိရပါတယ်။ 

စက်ရုံကို Cheung Hing Myanmar Co.ltd က ပိုင်ဆိုင်ပြီး ကုမ္ပဏီကတော့ ၂၀၁၄ ခုနှစ် နှစ်ဦးပိုင်းမှာ DICA မှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံခြားသားပိုင် ကုမ္ပဏီလို့ သိရပါတယ်။ 

တရုတ်လူမျိုးပိုင် စက်ရုံဖြစ်ပြီး Next Plc သိုးမွှေးထည်တွေ ထုတ်လုပ်နေတယ်လို့ Open Supply Hub ရဲ့ အချက်အလက်တွေ အရ သိရပါတယ် ။

#MyanmarLabourNews 


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026