NEWS

အလုပ်သမားဥပဒေပါ အခွင့်အရေးတွေချိုးဖောက်နေလို့ ဖြေရှင်းပေးဖို့ အလုပ်သမားတွေတောင်းဆို

CoverLogo
1.4K Views

အချိန်ပိုမဆင်းတဲ့ အလုပ်သမားတွေကို အလုပ်ထုတ်ပစ်တာ၊ အထည်စံချိန် အလွန်အကျွံသတ်မှတ်တောင်းခံတာ ၊ အမျိုးသမီးအလုပ်သမားတွေကို ခွင့်ပြုချက်မရှိဘဲ ဓါတ်ပုံရိုက်ယူတာတွေ အပါ လုပ်ငန်းခွင်ဆိုင်ရာအခွင့်အရေးချိုးဖောက်တာတွေကျူးလွန်နေတာကြောင့် ဖြေရှင်းပေးဖို့ Ten Da Garment စက်ရုံ အလုပ်သမားတွေကပြောပါတယ်။

စက်ရုံက ရန်ကုန်တိုင်း လှိုင်သာယာ အရှေ့၊ စက်မှုဇုန် ၄ ၊ ဝက်မစွပ် ဝန်ထောက် လမ်း အမှတ် - ၊ မှာဖွင့်လှစ်ထားပြီး အလုပ်သမား ၅၀၀ ကျော်နဲ့ လုပ်ငန်းလုပ်ကိုင်နေတာဖြစ်ပါတယ်။

LCW VISION၊ SANIA CATALINA၊ MO WOMAN၊ Defacto၊ CLOSSHI၊ mwr၊ RESERVED၊ စတဲ့အမှတ်တံဆိပ် အင်္ကျီ ဘောင်းဘီ တွေချုပ်လုပ်နေပြီး တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါလုပ်ငန်းမှာ အခွင့်အရေးချိုးဖောက်တာတွေအပြင် အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့လဲ သိရပါတယ်။

"အရင်ဆုံးပြောရမယ်ဆိုရင် အလုပ်သမားတွေထမင်းစားဖို့ စီမံထားတဲ့ ထမင်းစားဆောင်မှာ ကုန်ပစ္စည်းတွေထားထားတာပေါ့နော် အဲ့တော့ အလုပ်သမားတွေက ထမင်းထိုင်စားဖို့တောင်ခက်ခဲနေတယ် ခုံလည်းအလုံအလောက်မရှိဘူး နောက်ပြီး အလုပ်သမားတွေအတွက် အိမ်သာ စုစုပေါင်း ၁၃ လုံးရှိတာ ၂ လုံးပဲဖွင့်ပေးထားတယ် အဲ့ ၂ လုံးကလည်း တံခါးကဂျက်မရှိတာ ရေမရှိတာ မသန့်ရှင်းတာတွေအပြင် အမိုးက ရေကျနေသေးတယ် အိမ်သာတံခါးက မျက်နှာပဲ ကာပြီး အောက်ပိုင်းကအကုန်မြင်နေရတယ် အမျိုးသမီးအလုပ်သမားတွေအတွက် ဘယ်လိုမှ အဆင်မပြေဘူး"လို့ အမျိုးသမီးအလုပ်သမားကပြောပါတယ်။

ထပ်မံပြီး အဆိုပါ လုပ်ငန်းခွင်ထဲမှာ ငယ်ရွယ် လှပတဲ့ အမျိုးသမီး လုပ်သားတွေကို တရုတ်နိုင်ငံသားတွေ ပညာရှင်ဆိုသူတွေမှ ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ဓါတ်ပုံရိုက်တာ ၊ ယင်းတို့နှင့်မတည့်သူများကိုလည်း ဓါတ်ပုံရိုက်ကာ အခြားစက်ရုံမှာ အလုပ်လျှောက်မရ‌အောင် လုပ်မည်ဟု ခြိမ်းခြောက်တာတွေ ပြုလုပ်နေလို့ အလုပ်ရှင်က ဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။

အထည်ချုပ်စက်ရုံရဲ့ အလုပ်ချိန် နံနက် ၈ နာရီကနေ ည ၇ နာရီ ၃၀ ( ထမင်းစားချိန်မပါ အလုပ်ချိန် ၁၁ နာရီ) လုပ်ကိုင်ရသလို ည ၈ နာရီ ၃၀ ထိ ပါ လုပ်ကိုင်ရပြီး စနေနေ့မှာဆို နေ့တဝက်ထိသာဆင်းရမယ့်အစား ညနေ ၆ နာရီ ၃၀ ထိ ဆင်းပေးရတယ်လို့ ပြောပါတယ်။

လုပ်ခပေးချေမှုမှာတော့ တရက်လျင် ဒေးကြေး ၄၈၀၀ ကျပ် ထောက်ပံ့ကြေး ၂၀၀၀ ကျပ်၊  လအလိုက် ကျွမ်းကျင်ကြေး B (၃၀၀၀၀)ကျပ်၊ C(၂၀၀၀၀) ကျပ်၊  D(၁၀၀၀၀)ကျပ်၊ ရက်မှန်ကြေး(၃၀၀၀၀)ကျပ်၊ ရက်မှန်ထောက်ပံ့ကြေး (၁၀၀၀၀)ကျပ် သတ်မှတ်ပေးထားတယ်လို့ သိရပါတယ်။

"အလုပ်သမားတွေ အလုပ်ဝင်တာ ၅ မိနစ်နောက်ကျတာနဲ့ ရက်မှန်ကြေးနဲ့ ကျွမ်းကျင်ကြေးတွေ ဖြတ်လိုက်ပါတယ်။ ဥပဒေပါ ခွင့် နဲ့ ၂ ရက်အလုပ်နားရင် ကျွမ်းကျင်ကြေးဖြတ်ပါတယ်။ လုပ်ငန်းခွင်ထဲကနေ ဂိတ်ပက်နဲ့ ပြန်လည်း တလစာကျွမ်းကျင်ကြေးဖြတ်ပါတယ်။ တစ်လလုံးမှာ တရက်လောက်ပျက်မိတာနဲ့ ဘာမှမကျန်တော့ဘူး"လို့ အဆိုပါ လုပ်ငန်းခွင်ထဲက အလုပ်သမားကပြောပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်ကို တရုတ်လူမျိုး နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင် များကတိုက်ရိုက်အုပ်ချုပ်ဆက်ဆံနေကာ  အလုပ်သမားတွေအနေနဲ့  မိမိစက်လိုင်းနေရာတွင်သာမက နေရာစုံ လိုင်းဌာနအစုံကို လိုအပ်ချက်အတိုင်းသွားရောက် လုပ်ကိုင်နေရပြီး  အလုပ်ရှင်သွားခိုင်းသည့် နေရာ ကိုသွားရောက်လုပ်ကိုင်ခြင်းမရှိပါက သတိပေးခံ‌ရပြီး ခံဝန်လက်မှတ်များလည်းထိုးရတယ်လို့ ပြောပါတယ်။

အထည်စံချိန်တောင်းခံသတ်မှတ်ရာမှာလည်း အလုပ်သမား ၂၅ ဦးကနေ ၃၀ ထိရှိတဲ့ စက်လိုင်းတစ်လိုင်းလျှင် တနာရီကို လိုင်းပေါက်အထည် ၅၀ ကနေ ၈၀ အထိ ချုပ်ရပြီး တောင်းခံသည့်အတိုင်းမရပါက အောစူပါတွေက အော်ဟစ်ဆဲဆို ရိုင်းပျတာတွေပြုလုပ်တာကြောင့် ဂုဏ်သိက္ခာမဲ့စွာလုပ်ကိုင်နေရတယ်လို့ ပြောပါတယ်။

"စက်လိုင်းတွေထဲ မှာစူပါ၊ အော်စူပါ၊ လီတာတွေက မီတင် လုပ်တိုင်းမှာ  ‌ေ-ာက် ၊ ‌ေ-၊ -ာ စတဲ့ စကားလုံးတွေနဲ့ ဆဲဆို နေတာ"လို့ အလုပ်သမားကပြောပါတယ်။

အလုပ်ရှင်ဘက်က အထည်အော်ဒါအရေးကြီးသည်ဟုဆိုကာ အချိန်ပိုအိုတီကို အောလင်း၊ အောနိုက် များကိုဆင်းပေးရခြင်း၊ ၎င်းအောလင်း၊ အောနိုက်များကို အလုပ်သမားများသဘောဆန္ဒဖြင့် ဆင်းရတာမျိုး မဟုတ်ဘဲ  အလုပ်ရှင်ဘက်က ဖိအားပေးစေခိုင်းခြင်းကြောင့် မဆင်းမနေရဆင်းရခြင်းအပြင် တနင်္ဂနွေရက်များတွင်လည်း အချိန်ပိုအိုတီဆင်းပေးရတာလို့ ပြောပါတယ်။

"အလုပ်ထဲမှာ နေ့စားတွေလည်း ရှိတယ် လုပ်သက် ၃ လမပြည့်သေးတဲ့ သူတွေနဲ့ ၆ လမပြည့်သေးတဲ့ နေ့စား တွေက အလုပ်ရှင်က ခေါ်တဲ့ အိုတီတွေကို မဆင်းရင် နို့တစ်ပေးပြီးအလုပ်ကထုတ်ပစ်ပါတယ် အဲ့လိုလုပ်တာကို ပြန်လည်တင်ပြသူတွေကိုတော့ ဖိအားပေးပြီး အလုပ်ကထွက်ခိုင်းတယ် နို့တစ်ပေးတာတွေလည်းရှိတယ်"လို့ အမျိုးသားလုပ်သားတစ်ဦးကပြောပါတယ်။

တစ်နေ့တာသတ်မှတ် အလုပ် ချိန်ပြည့်ပြီး အချိန်ပိုအိုတီမဆင်းပဲ ဂိတ်ပတ်ဖြင့်အိမ်ပြန်သည့်အခါ အလုပ်ရှင် ဘက်မှအချိန်ပိုအိုတီမဆင်းသော အလုပ်သမားမှာ ၃ လမပြည့်သေးသူများဆိုလျင် အလုပ်မှအကြောင်းပြ ချက်မရှိပဲ အလုပ်မှထုတ်ပစ်ခြင်း၊ ၃လပြည့်ပီးသူများဆိုပါက ဂိတ်ပတ်မပေးနိုင်ကြောင်းပြောကြားခြင်း၊ အချိန်ပိုအိုတီကိုအလုပ်သမားများ သဘောဆန္ဒဖြင့် ဆင်းခိုင်းခြင်းမဟုတ်ပဲ အချိန်ပိုအိုတီကို ဖိအားပေး၍ ဆင်းခိုင်းနေသည့်အပေါ်  အလုပ်သမား ရုံးများကို ဖုန်းဖြင့်ဆက်သွယ်တိုင်ကြားသူ အလုပ်သမားများကိုလည်း လက်ရှိလအပြင်နောက်လတွေပါ အချိန်ပိုအိုတီခေါ်ယူခြင်းမပြုတော့ပဲ အလုပ်ထွက်စေရန်အတွက် ဖိအားပေးခြင်းအမျိုးမျိုးကို အလုပ်ရှင် ဘက်မှလုပ်ဆောင်လျက်ရှိတယ်လို့ အလုပ်သမားတွေကပြောထားပါတယ်။

"စက်ရုံထဲအကြံပြုစာပုံးထားပေးထားလို့ အလုပ်သမားတွေက အကြံပြုစာထည့်လည်း စာကိုဘယ်သူမှ ဖွင့်မဖတ်ဘူး အလုပ်သမားတွေက စာဖတ်ဖို့ပြောတော့ အလုပ်ရှင်ဘက်က ဥပဒေအရမို့ထားတာ စာဖတ်ဖို့ အချိန်မရှိဘူးလို့ ပြန်ပြောပါတယ်။ စက်ရုံက ဖွင့်ထားတာ ၂ နှစ်ကျော်ပြီ အလုပ်သမား ၅၀၀ ရှိတာကို WCC မဖွဲ့ထားဘူး"လို့ အလုပ်သမားကပြောပါတယ်။

အခုလို လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေကို အလုပ်ရှင်ဘက်က ကျူးလွန်နေတာကြောင့် ကောင်းမွန်တဲ့လုပ်ငန်းခွင်ဖြစ်ရေးအတွက် အောက်ပါအချက်တွေကို ဖြေရှင်းပေးဖို့ အလုပ်သမားတွေကတောင်းဆိုထားပါတယ်။ တောင်းဆိုချက်တွေကတော့ 

၁။ အလုပ်ရှင်ဘက်မှ အောနိုက်၊ အောလင်းများခေါ်ရာတွင် အလုပ်သမားများ သဘောဆန္ဒကိုမေးမြန်းပြီးမှ ခေါ်ရန်။
၂။ အောစူပါ၊ စူပါများမှ အထည်စံချိန်တောင်းခံရာတွင် ဆဲဆိုခြင်း၊ နားမခံနိုင်ခြင်း၊ ကြားဝံ့မနာသာစကားတွေနဲ့ ရိုင်းပြစွာဆဲဆိုခြင်းများ မပြုလုပ်ရန်။
၃။ အလုပ်ရှင်ဘက်မှ အလုပ်သမားများ ထမင်းစားနေရာနှင့် ထမင်းစားခုံများလည်း အလုံလောက်ထားရှိပေး ထားရန်။
၄။ အလုပ်ရှင်ဘက်မှ တရုတ်လူမျိုးနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များက တိုက်ရိုက်အုပ်ချုပ်ခြင်း မပြုလုပ်ရန်။
၅။ အလုပ်ရှင်ဘက်မှ တစ်ဖက်သတ်စံချိန်များကို မတရားတောင်းခံခြင်းမပြုလုပ်ရန်။
၆။ အလုပ်ရှင်ဘက်မှ အိမ်သာအမိုးများမှာ မိုးရေများယိုကျနေခြင်း၊ တံခါးဂျက်များမကောင်းခြင်း၊ သုံးရေများ မလုံလောက်ခြင်း၊ ပြည့်လျှံနေခြင်းကို ဆောင်ရွက်ပေးရန်။
၇။ တရုတ်နိုင်ငံခြားသားတွေက အမျိုးသမီးမိန်းကလေးများကို ဓာတ်ပုံရိုက်နေခြင်းကို အလုပ်ရှင်မှ ဖြေရှင်းပေးရန်။
၈။ ၃လမပြည့်သေးသည့်အလုပ်သမားများနှင့် နေ့စားအလုပ်သမားများ ၆လမပြည့်သေးသူများမှာ အလုပ်ရှင် ဘက်မှ‌ခေါ်ယူသည့် အချိန်ပိုအိုတီကိုမဆင်းပါက အလုပ်ထုတ်ခြင်းမပြုလုပ်ရန် စတဲ့အချက်တွေ ဖြစ်တယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။


Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026
Cover
WHN Garment ခွင့်ယူပါက ဂရိတ်ချ၊ ရက်မှန်ကြေး ဖြတ်၊ သရဲပူးသည်ဟုဆိုကာ ဝမ်တိန်ထိုးရ
Feb 23, 2026
Cover
SANYAN OUTDOOR Co,. Ltd မှ လုပ်သားများ လုပ်ခလစာတိုးမြှင့်ရေးဆိုင်ရာ တောင်းဆိုမှုစတင်ပြုလုပ်နေ
Feb 23, 2026