၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြု ပြဌာန်း ပြီးနောက် စစ်တပ်တစ်ပိုင်း အစိုးရက ၅ နှစ်နဲ့ အရပ်သားအစိုးရက ၅ နှစ်ကာလ ဒီမိုကရေစီအရသာကို ၁၀ စုနှစ် တစ်ခုကြာ မြန်မာပြည်သူတွေ ခံစားမြင်တွေ့ခဲ့ ပါတယ်။
အဲဒီ ကာလအတွင်း မီဒီယာလုပ်ငန်းဖွံဖြိုးလာပြီး လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်လမ်းတစ်ခု လို ဖြစ်လာပါတယ်။ သတင်းသမားတွေရဲ့ အဓိက ရည်ရွက်ချက်ကတေ့ နိုင်ငံသားတွေရဲ့ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်းပေးဖို့ပါ။
လက်ရှိအခြေအနေတွေကတော့ ကိုစိုးမိုးအောင်တို့လို သတင်းသမားတွေအတွက် ရှင်သန်ရပ်တည်ဖို့ က မလွယ်ကူတော့ပါဘူး။
“နာမည်က စိုးမိုးအောင်ပါ နောက်ဆုံးလုပ်ခဲ့တာက ဒီဗွီဘီ ပေါ့၊ အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ သတင်းဌာနကို လိုင်စင်ပိတ်သိမ်းလိုက်တယ်ဆိုကတည်းက အလုပ်ကနေ ထွက်လိုက်တာပေါ့နော်။ အလုပ်မရှိတာက ၉ လလောက်ရှိပြီ ” လို့ ပြောပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က စစ်တပ်က အာဏာသိမ်းလိုက်ပြီးကတည်းက ကိုစိုးမိုးအောင်လို အခြေအနေမျိုးကို မြန်မာနိုင်ငံက သတင်းသမားအများစုကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ဒီလိုနိုင်ငံရေးအပြောင်းအလဲတွေကို ကြုံတွေ့ခဲ့ ကြရတဲ့ သတင်းသမားအများစုဟာ သတင်းသမားအလုပ်ကို စွန့်ပစ်ဖို့က မလွယ်ကူခဲ့ပါဘူး။
“ပထမတော့ လယ်လုပ်တာပေါ့၊ နောက်တော့ အကိုတယောက်က အမှုဖြစ်တယ်၊ အဲ့မှာ ရဲစခန်းတွေဘာတွေမှာက အစ လာဘ်ပေးလာဘ်ယူမျိုးတွေ တရားဥပဒေနဲ့ ပတ်သက်ပြီးတော့ ကြီးနိုင်ငယ်ညှဉ်းပုံစံမျိုးတွေ ဖြစ်လာတဲ့ အပေါ်မှာ သတင်းသမားလုပ်ဖို့ တွန်းအားပေးဖြစ်တာပေါ့။
၂၀၁၂ မှာ ရန်ကုန် ဆရာမောင်ဝံသ သတင်းစာ သင်တန်းမှာ တက်ပြီးတော့ သတင်းသမားလုပ်ခဲ့တာပေါ့”လို့ သတင်းသမားဖြစ်လာတဲ့ အကြောင်းကို ကိုစိုးမိုးအောင်က ပြောပြပါတယ်။
၂၀၁၃ မှာတော့ သတင်းထောက်အဖြစ် ပထမဆုံး နယူးဝိခ် ဂျာနယ်မှာ လုပ်ကိုင်ခဲ့ပြီး Sky Net နဲ့ DVB မှာ ၄ နှစ်လောက် အလုပ်လုပ်ကိုင်ခဲ့တယ်လို့ ပြောပါတယ်။
၁၀ နှစ် နီးပါး သတင်သမားဘဝမှာ သတင်းယူရတာ ၊ သတင်းမီဒီယာ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းရတွေဟာ စိတ်ဝင်စားဖို့ကောင်းတယ်လို့ သူက ဆိုပါတယ်။ အရပ်သားအစိုးရလက်ထက် သတင်းသမားတွေ ဌာနဆိုင်ရာတွေဆီ သတင်းသွားယူရင် အလေးပေး ဆက်ဆံ ခံရတာတွေ ရှိလာတယ်လို့လည်း ဆိုပါတယ်။
“အန်အယ်ဒီအစိုးရလက်ထက်မှာလည်း သူ့ဟာနဲ့သူ အဆင်ပြေတယ်။ တချို့ အခက်အခဲတွေတော့ ရှိတာပေါ့ ။ ရှိပေမယ့်လည်း သတင်းသွားယူတဲ့ အခါမျိုးမှာ အဆင်ပြေတာပဲလေ ဒါက အရပ်သားအစိုးရဖြစ်နေတာကိုး” လို့ ပြောပါတယ်။
အရပ်သားအစိုးရ အုပ်ချုပ်တဲ့ကာလမှာ လုပ်ငန်းခွင်အတွင်း ရပိုင်ခွင့်အခွင့်အရေးတွေ တောင်းဆိုတာမျိုး ၊ မမျှတတဲ့ ကိစ္စရပ်တွေကို တိုင်ကြားလို့ရတာနဲ့ ဖြေရှင်းပေးတာမျိုးလည်းရှိတဲ့ အတွက် အဆင်ပြေတယ်လို့ ဆိုပါတယ်။
၂၀၂၀ တစ်နှစ်လုံးနီးပါး ကိုဗစ်ကူးစက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နှစ်သစ်ကို မျှော်လင့်တကြီး ကြိုဆိုခဲ့ကြပေ မယ့် စစ်တပ်ရဲ့အာဏာသိမ်းလိုက်တာက အရပ်သားအစိုးရအုပ်ချုပ်ခွင့်ကို အဆုံးသတ်သွားစေပါတယ်။
ဒါဟာ ကိုဗစ်ရောဂါကြောင့် နိုင်ငံရဲ့ ခပ်ယဲ့ယဲ့ အခြေအနေကို အပြီးသတ်ရိုက်ချိုးလိုက်သလိုဖြစ်ခဲ့ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ လူတန်းစားပေါင်းစုံ ဘာသာပေါင်းစုံ ကြုံတွေ့ခဲ့တာပါ။
အာဏာသိမ်းမှုနဲ့အတူ ဆန္ဒပြပွဲတွေ အကြီးအကျယ်ပေါ်ပေါက်လာပြီး အဲဒီဆန္ဒပွဲတွေကို ဖြိုခွင်းမှုအတူ သတင်းထောက်နဲ့ သတင်းသမားတွေကို ဖမ်းဆီးတာတွေ ပြုလုပ်လာပါတယ်။
“ သတင်းသမားတစ်ဦးဟာ စစ်မက်ဖြစ်ပွားရာဒေသ အရေးအခင်း အဓိကရုဏ်း အများပြည်သူဆန္ဒပြရာ နေရာ ဒေသတို့တွင် သတင်းရယူခွင့် ရှိပြီး လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းတရပ်ရပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း မှတ်တမ်း ရယူသည့် ကိရိယာများ ဖျက်ဆီးခံ ရခြင်းနှင့် သိမ်းယူခံရခြင်းတို့မှ ကင်းလွတ်ခွင့်ရှိတယ်လို့” တည်ဆဲ သတင်း မီဒီယာဥပဒေရဲ့ အခန်း ၃ ပုဒ်မ ၆(က) မှာဖော်ပြထားပါတယ်။
ဒါပေမယ့် မီဒီယာတွေကို နှိပ်ကွက်တဲ့ အနေနဲ့ စစ်ကောင်စီက သတင်းသမားတွေကို ဖမ်းဆီးထောင်ချတာအပြင် ပုဂ္ဂလိက သတင်းဌာနတွေကို လုပ်ကိုင်ခွင့် လိုင်စင်တွေ ပိတ်သိမ်းခဲ့ပါတယ်။လက်ရှိ စုဆောင်းထားတဲ့ စာရင်းအရ သတင်းမီဒီယာ ၉ ခုကို လိုင်စင်ပိတ်သိမ်း ခံထားရပြီး အချို့ကတော့ ရပ်နားခဲ့ ရပါတယ် ။
“သတင်းသမားတွေကို ဖမ်းတာတွေ ရိုက်နှက် တာတွေ တွေ့နေရတာဆိုတော့ ပိုဆိုးသွားတာပေါ့။ ဒီမှာ အဆင်မပြေတော့ဘူး တော်တော်များ သတင်းတိုက်တွေလည်း မရှိတော့ဘူး။သတင်းထောက်တွေကိုယ်တိုင်က လည်း တော်တော်များများ ဖမ်းခံရတဲ့ သူ ဖမ်းခံရတယ်အလုပ်နားတဲ့ လူတွေက နားကုန်ကြတယ် အလုပ်မရှိတဲ့ လူတွေကလည်း များတော့ အဲ့ထဲမှာ ကိုယ်လည်း ပါသွားတာပေါ့” လို့ သတင်းသမားတွေရဲ့ အခြေအနေတွေကို ပြောပါတယ်။
အာဏာသိမ်းပြီးနောက် သတင်းသမား ၁၁၅ ဦး ဖမ်းဆီးခံရပြီး၊ လက်ရှိ ၄၄ ဦးကတော့ ဖမ်းဆီးချုပ်နှောင် ခံထားရတယ်လို့ Reporting Aesan ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
လက်ရှိ သတင်းသမား အများစု အလုပ်လက်မဲ့ ဖြစ်ခဲ့ရတဲ့အပြင် အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးမှုတွေပါ လုပ်ဆောင်နေတာကြောင့် မိသားစုတွေနဲ့ တကွဲတပြားဖြစ်ပြီး တိမ်းရှောင်ရတဲ့ အခြေအနေဆိုးတွေနဲ့ပါ ရင်ဆိုင်ခဲ့ရတာပါ။
စစ်ကောင်စီက ဆန္ဒပြပွဲတွေကို ဖြိုခွင်းပြီးနောက် နိုင်ငံသားတွေနည်းတူ သတင်းသမားတွေရဲ့ ရပ်တည်ရေးဟာ တစ်လထက် တစ်လ တဖြေးဖြေးနဲ့ တဖြည်းဖြည်း ကျပ်တည်းလာပါတယ်။ နေထိုင်သွားလာရေး လုံခြုံမှု မရှိတာကနေ အလုပ်အကိုင်အခက်အခဲတွေပါ ရင်ဆိုင်လာရပါတယ်။
“ကိုဗစ်ကလည်း ဖြစ်တယ် အာဏာသိမ်းလိုက်တဲ့ အတွက်ကို နိုင်ငံတကာ စီးပွားရေးက အစ အကုန်လုံးပြန် ရုပ်သိမ်းသွားတော့ ပြည်သူတွေရဲ့ စီးပွားရေးက တဖြည်းဖြည်းနဲ့ ကျပ်လာတာပေါ့” လို့ သူကဆိုပါတယ်။
ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာမယ်ဆိုတာ ကြိုတင်ခန့်မှန်းလို့ ရနိုင်ပါတယ်။ အာဏာသိမ်းခဲ့တဲ့ ၁၉၆၂ ခုနှစ်၊ ၁၉၈၈ ခုနှစ်တွေတုန်းကလည်း အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှု ဆိုးဝါးတာကို အဲ့ဒီကာလကို ဖြတ်သန်းဖူးတိုင်း သိရှိကြတယ်လို့ ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုကို ကြုံတွေ့ခဲ့ဖူး သူတွေက ပြောပါတယ်။
၈၈ ခုနှစ်မှာ မီဒီယာတွေဖွံဖြိုးမှုမရှိပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ကဗျာ၊ စာပေနဲ့ မီဒီယာသမားအချို့ နှစ်ရှည် ထိန်းသိမ်းခံခဲ့ရပါတယ်။
နိုင်ငံရေးသမားတွေ ကိုလည်း ဖမ်းဆီး သတ်ဖြတ်တာမျိုးတွေ စစ်ကြောရေးမှာ ညှင်းပန်း နှိပ်စက်တာတွေနဲ့ မိသားစုဝင်တွေကို နည်းလမ်းမျိုးစုံနဲ့ စိတ်ထောင်းကိုကြေဖြစ်စေတာ စတာတွေကိုကို အာဏာသိမ်းစစ်တပ်က လုပ်ကိုင်မယ်ဆိုတာ သတင်းသမားတွေ သိရှိထားပြီး ဖြစ်ပါတယ်။
NLD အစိုးရကို စစ်တပ်က အကြမ်းဖက်အာဏာသိမ်းပြီး ပါတီဝင် ၆၁၈ ဦး ဖမ်းဆီးခံရပြီး ၁၄၀ ဝန်းကျင်ပြန် လည်လွှတ်မြောက်ခဲ့ပေမယ့် ၄၆၅ ဦးကတော့ ဆက်လက်ဖမ်းဆီးထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပါတီဝင် ၁၃ ဦးကတော့ ဖမ်းဆီးထားစဉ် ကျဆုံးခဲ့တယ်လို့ NLD ပါတီက ထုတ်ပြန်ထားပါတယ်။
ဒီလိုအခြေအနေ တွေမှာ နယ်ကနေ လာရောက်လုပ်ကိုင်တဲ့ သတင်းထောက်အတွက် နေထိုင်ဖို့ အခက်အခဲတွေ ရှိလာတယ်လို့ ဆိုပါတယ်။
“ရန်ကုန်မှာနေမယ်ဆိုရင် အိမ်ငှားခတွေ ရှိမယ် စားစရိတ်တွေ ရှိမယ် ဆိုတော့ နောက်ပိုင်း ရွာပြန်သွားတာပေါ့ ။ တချို့မိတ်ဆွေတွေ ဆိုရင် ကူညီတာမျိုးတွေရှိတယ်။အဲ့ဒါမျိုးတွေရှိတယ်။ တချို့ လည်း ငွေကြေးပေးတာမျိုး ဆန်ဖိုးပေးလိုက်တာမျိုးတွေရှိတယ် ။ ဒါကလည်း မီဒီယာသမားတယောက်ဖြစ်နေတဲ့အခါကျ သူတို့တွေလည်း ဒီအခက်အခဲကို သိတာပေါ့” လို့ ဆိုပါတယ်။
ဒီကာလမှာ အများ ပြည်သူတွေလို သတင်းသမား အများစုဟာ မငတ်ရုံတမယ် လုပ်ကိုင် စားသောက်ကြရတယ်လို့ ပြောကြပါတယ်။
ဧရာဝတီတိုင်းသားတစ်ဦးဖြစ်တဲ့ ကိုစိုးမိုးအောင်က ၂၀၀၈ နာဂစ်မုန်တိုင်းကြီးကိုလည်း ရင်ဆိုင်ခဲ့ ရဖူးပါတယ်။လက်ရှိ ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းတွေကလည်း ရာသီဥတုဖောက်ပြန်တာကြောင့် အလားအလာကောင်းတွေလည်း ထိခိုက်နေသလို စိုက်ပျိုးရေးအလုပ်က မိရိုးဖလာဖြစ်ပေမယ့် သူ့အတွက် မလုပ်ချင်တဲ့အလုပ်လို့ ပြောပါတယ်။
“လယ်ကျတော့ လဲ မလုပ်ချင်တော့ဘူး။ငယ်ငယ်လေးကတည်းကလုပ်လာတဲ့လယ် အခုလဲ ဒီထဲမှာ လုပ်မယ် ဆိုရင် ဘာမှလည်း မရဘူးလေ ရာသီဥတုကလဲ ဖောက်ပြန်တယ်၊ လယ်သမားတွေ တော်တော်များများကလည်း လယ်ကို လုပ်တောင်မလုပ် နိုင်တော့ဘူး”လို့ ကိုစိုးမိုးအောင်က ပြောပါတယ်။
တကယ်တော့ သတင်းသမားအဖြစ် အသက်မွေးဖို့ ရွေးချယ်ခဲ့သူတွေရဲ့ထူးခြားချက်က စိန်ခေါ်မှုတွေကို နှစ်သက် ကြသူတွေ ဖြစ်ပါတယ်။
ရပ်တည်မှုအတွက် ငွေကြေးအထောက်အပံ့က ကြီးပွားစရာမရှိပေမယ့် အခက်အခဲတွေကို ကျော်ဖြတ်ပြီး သတင်းအချက်အလက်တွေကို အများပြည်သူထံ ဖြန့်ဝေတဲ့ အလုပ်ကို ကျောခိုင်းဖို့ သတင်းသမား တွေအတွက် ခက်ခဲပါတယ်။
“သတင်းသမားတွေက အဓိကကတော့ ပြည်သူတွေရဲ့အခက်အခဲတွေ တိုင်းပြည်ရဲ့ စီးပွားရေး လူမှုရေး နိုင်ငံရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အများသိအောင်လို့ ရေးသားဖော်ပြပေးရတာပေါ့”
“ပွင့်လင်းမြင်သာမှု ရှိသထက်ရှိ လာအောင် ကျနော်တို့တွေက လုပ်ပေးတာလေ သတင်းဆိုတာက လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိရင် ရေးသား တင်ပြပေးတယ်၊ လူ့အခွင့်အရေးချိုးဖောက် တာတွေ ကြီး နိုင်ငယ်ညဉ်း စနစ်တွေ ဖြစ်နေတာကို သတင်းသမား တွေက ဖော်ထုတ်ပေးလိုက်တာပဲ။ ကိုယ့်ရဲ့ အမြင်နဲ့ ဘာလုပ်ပါ ဆိုပြီးပြောလို့မရဘူးလေ၊ ဖြစ်နေတဲ့ အရာကို တင်ပြ ပေးတာ။ အဓိကတော့ ဒီမိုကရေစီ တိုင်းပြည် ထူထောင်မယ်ဆိုရင် သတင်းသမားတွေရဲ့ အခန်း ကဏ္ဍက အရေးကြီးဆုံးပဲ ဆိုပြီးတော့ အစိုးရက ပြောခဲ့တာ ရှိတယ်။ ပြီးရင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုဖို့ အစိုးရတွေ က ပံ့ပိုးရင် ပံ့ပိုးသလောက် ဒီမိုကရေစီရဲ့စနစ်က အနှစ်သာရပိုပြီးတော့ ရှိလာတာပေါ့နော်” လို့ ကိုစိုးမိုးက ပြောပါတယ်။
လက်ရှိမှာတော့ ပြည်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံရတာမျိုးနဲ့ ဆန္ဒပြပွဲတွေဆက်ဖြစ်နေပေမယ့် တရားဝင်ရပ်တည် နေတဲ့ သတင်းဌာနတွေမှာ ဖော်ပြတာမျိုးမရှိတာကို တွေ့ရမှာဖြစ်ပါတယ်။
“ ဘယ်လိုမှ သတင်း လွတ်လပ်ခွင့်က မရှိနိုင်တော့ဘူးလေ။ ဒီကာလမှာတော့ ဘာမှ လှုပ်ရှားလို့ကိုမရတော့ဘူး” လို့ ဆိုပါတယ်။
အခြေအနေတွေအရ သတင်းထောက်အလုပ်ကို ရသလောက်ဆက်လုပ်နေရတဲ့ သတင်းသမားတွေမှာ ကွင်းဆင်း သတင်းရယူဖို့ မလွယ်ကူသလို အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်တဲ့ အခြေအနေမျိုးရှိနေပါတယ်။
ပြီခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ မြန်မာပြည်သူတွေ ပြုလုပ်ခဲ့တဲ့ အသံတိတ် ဆန္ဒပြဖော်ထုတ်တာကို ဓါတ်ပုံသတင်းရယူခဲ့တဲ့ ကိုစိုးနိုင်ဟာ ဖမ်းဆီးခံရပြီး ၃ ရက်အကြာမှာ စစ်ကောင်စီရဲ့ စစ်ကြောရေးမှာ သေဆုံးခဲ့ရပါတယ်။
လက်ရှိအချိန်အထိ သတင်းထောက် ၃ ယောက်ဟာ လုပ်ငန်းခွင်ပေါ်မှာ ဖမ်းဆီးသတ်ဖြတ်ခံထားရပါတယ်။
ဒီလို သတင်းတွေအတွက် သတင်းယူဖို့ အခက်အခဲရှိတာနဲ့ သတင်းဌာနတွေနည်းလာတာတွေ သတင်း စီးဆင်း မှုကို အားနည်းလာပြီး၊ သတင်းတွေဖတ်ရှု့နိုင်တဲ့ စာမျက်နှာတွေမှာလည်း သတင်းအမှားတွေနဲ့ စီစစ်လို့မရနိုင်တဲ့ အချက်အလက်တွေက တဟုန်ထိုးထွက်ပေါ်နေပါတယ်။
ဒါဟာ ပြည်သူတွေရဲ့ နေ့စဉ်ဘဝမှာ သတင်း အချက် အလက်တွေကို အသုံးချပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချဖို့ ခက်ခဲလာတဲ့ အခြေအနေတွေပါ။
ကိုစိုးမိုးအောင် ကတော့ သတင်းသမားအလုပ်ကို စိတ်မပြတ်သေးပါဘူး။
“ဒီလောကကနေ ပိုက်ဆံမရရင်တောင်မှပဲ ပညာတွေ ရတယ်၊ ဝါသနာပါတဲ့အလုပ်ကို လုပ်ရတဲ့အတွက်ကြောင့် ပျော်နေတာပေါ့နော်။ ဆက်သွယ်ရတဲ့ လူတွေက လူကောင်းလူမွန်တွေဖြစ်တဲ့ အတွက်ကြောင့် ပညာရတယ်၊ ယူတတ်မယ်ဆိုရင် ပညာတွေကြီးပဲ။ ဒါကြောင့် ဒီအလုပ်ကို တန်ဖိုးထားတယ်၊ တကယ်လို့ အခြေအနေတခု ပြန်ပေးမယ်ဆိုရင်ပြန်လုပ်မှာ ၊ အခုလည်း ဘယ်လိုမှလှုပ်လို့မရလို့သာ နေနေတာပေါ့”လို့ သူ့ရဲ့ ခံစားချက်ကို ထုတ်ပြောပါတယ်။
သူမျှော်လင့်ထားတဲ့ အခြေအနေအတွက်တော့ စိုးရိမ်မှုတွေရှိနေပါတယ်။
ပြီးခဲ့တဲ့နှစ်တွေလို ပြန်ဖြစ်ဖို့ဆိုတာက အရပ်သားအစိုးရ အုပ်ချုပ်မှုရှိဖို့လိုအပ်တာကြောင့် မလွယ်ကူသေးတဲ့ အခြေအနေလို့ ပြောရမှာပါ။
အာဏာရှင် အုပ်ချုပ်မှုတွေနဲ့အတူ နိုင်ငံတွင်း လည်ပတ်နေတဲ့ လုပ်ငန်းအများစုမှာလည်း ဝန်ထမ်း အင်အားလျှော့ချတာနဲ့ အလုပ်သမားအခွင့်အရေးချိုး ဖောက်ခံရတာတွေရှိနေတယ်လို့ အလုပ်သမားဝန်ထမ်းတွေက ပြောဆိုကြပါတယ်။
“အာဏာသိမ်းလိုက်တော့ ပိုသိသာသွားတယ် သတင်းသမားတွေကို နစ်နာကြေးမပေးဘဲနဲ့ ထုတ်လိုက်တာတွေ အများကြီးပဲ။ တချို့ သတင်းထောက်တွေ ပြောကြတယ် ။ ငါတို့က သူများအခွင့်အရေးတွေကို ရေးနေတာ တကယ်တန်း တိုက်အတွင်းမှာ ချိုးဖောက်ခံနေရ တာပေါ့၊ ဒါပေမယ့်တချို့ကကျတော့လဲ ကြောက်ပြီးတော့ မပြောရဲဘူး ၊ တချို့ကျတော့လဲ အလုပ်ပြုတ်သွားမှာစိုးလို့မပြောရဲကြတဲ့ လူတွေလည်းရှိတော့ ပြောရဲတဲ့သူတွေ ကျတော့လည်း သိပ်မကြာဘူး ။ ပြုတ်တာ”လို့ ယင်းကပြောပါတယ်။
တည်ဆဲအလုပ်သမား ဥပဒေမှာ ကုမ္ပဏီဝန်ထမ်းတွေလည်း အကျုံးဝင်ပါတယ်။
ပြီးခဲ့တဲ့ အစိုးရလက်ထက် မှာလည်း သတင်းသမားအချို့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာနဲ့ လုပ်အားခတွေ မရှင်းပေးတာမျိုး နဲ့ကြုံရင် အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အကြံဥာဏ်ကို ရယူပြီး အလုပ်သမားရေးရာ ရုံးတွေမှာ တိုင်ကြား တောင်းဆို ခဲ့ကြရပါတယ်။
“ သတင်းသမားတွေ အခွင့်အရေးချိုးဖောက်ခံနေရတာတွေရှိတယ်။ တချို့ ဆို လုပ်ခလစာမပေးလို့ အလုပ်သမား အဖွဲ့အစည်းတွေနဲ့ ဝန်ကြီးဌာနကို တိုင်ပြီးတောင်းရတဲ့ထိ ဖြစ်တယ်၊ အမှန်တကယ် ဆိုရင်တော့ ဒီလိုတွေ ဖြစ်တာ တော့ မကောင်းဘူးပေါ့၊ တကယ်တမ်းကျတော့လဲ မရပါဘူး” လို့ အလုပ်သမားအခွင့်အရေး ချိုး ဖောက်ခံရမှုနဲ့ ပတ်သက်လို့ ပြောဆိုပါတယ်။
ပြည်တွင်းသတင်းမီဒီယာ အများစုက စီးပွားရေးလုပ်ငန်းရှင်တွေ ပိုင်ဆိုင်တဲ့လုပ်ငန်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ငန်းတွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေလည်း ရှိနေပါတယ်။
“သူတို့ စီးပွားရေးပေါ်မှာ ကြည့်ပြီးတော့လုပ်တဲ့အတွက်ကို ဝန်ထမ်းတွေက ချိုးဖောက်ခံရတယ်လို့ပြောတာပေါ့၊ လုပ်ခဲ့တဲ့ အလုပ်တွေမှာဆို အုပ်ချုပ်တဲ့ လူကြီးတွေကိုယ်တိုင် ပိုင်ရှင်တွေကို ကြောက်နေတာမျိုး တွေရှိတယ်။ အယ်ဒီတာချုပ်တွေ မန်နေဂျာတွေက အစပိုင်ရှင်ကို ကြောက်ရတာလေ၊ ပိုင်ရှင်သဘောကျတဲ့ဟာ လုပ်ရတာ ဆိုတော့ သတင်းထောက်တွေနဲ့ သိပ်အဆင်ပြေတာမျိုးမဟုတ် ။ HR လို ဌာနတွေကလည်း ပိုင်ရှင် ရဲ့ လူများတယ်လေ။ အလုပ်သမားအခွင့်အရေး လုပ်တဲ့ HR ဆိုတာတော်တော်နည်းမှာ သူဌေးက လစာပေးထား တာမလား။ နောက်ဆုံးမှာတော့ သတင်းထောက်တွေ ဌာနတွင်းမှာ အလုပ်သမားအခွင့်အရေးချိုး ဖောက်ခံနေ ရတာပေါ့”
ကမ္ဘာပေါ်မှာ မပြောင်းလဲဘူးဆိုတဲ့ အရာမရှိဘူးလို့ ခံယူထားတဲ့ ကိုစိုးမိုးအောင်အတွက်တော့ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ မျှော်လင့်သလို ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။ သတင်းသမားတယောက်အဖြစ် ၁၀ နီးပါး ဖြတ်ကျော်လာတဲ့ အတွေ့အကြုံတွေနဲ့ ဘယ်လို အခြေအနေတွေ ပဲ ကြုံကြုံ သူကတော့ သတင်းသမားအဖြစ် ခံယူနေဆဲလို့ ဆိုပါတယ်။