NEWS

အနိမ့်ဆုံးလုပ်ခလစာ ၁၂၀၀၀ ကျပ်မှ ၁၇၀၀၀ ကျပ်အကြားရရှိဖို့လိုအပ်ဟုဆို

CoverLogo
2K Views
 
ပြည်တွင်းက အလုပ်သမားတွေရဲ့ အနိမ့်ဆုံးလုပ်ခလစာဟာ အလုပ်ချိန် ၈ နာရီအတွက်တစ်နေ့လုပ်ခ ကျပ် ၁၂၀၀ဝ ကနေ ၁၇၀၀၀ ကျပ်အတွင်းရရှိမှသာ အလုပ်သမားတွေ အတွက် စားဝတ်နေရေး လုံလောက်မှုရှိနိုင်မယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် မြန်မာ(STUM) ရဲ့သုတေသနပြုလုပ်ထားတဲ့ ရှင်သန်စရိတ်လုပ်ခလစာ အစီရင်စာအရ သိရပါတယ်။
 
STUM အနေနဲ့ အနည်းဆုံးအခကြေးငွေနဲ့ပတ်သက်ပြီး သုတေသနပြုလုပ်ခဲ့ရာမှာ ဖြေဆိုခဲ့တဲ့ အလုပ်သမားအများစုဟာ စားသောက်မှုအတွက်အသုံးစရိတ်၊ ကျန်းမာရေးအတွက် အသုံးစရိတ်၊ နေထိုင်မှုအသုံးစရိတ်၊ သယ်ယူပို့ဆောင်ရေးအသုံးစရိတ်၊ ဆက်သွယ်ရေးအသုံးစရိတ်နဲ့ အားလပ်ချိန်အသုံးစရိတ်တွေ တိုးလာတယ်လို့ဖြေဆိုထားပါတယ်။
အခြေခံအသုံးစရိတ်တွေ တိုးမြင့်လာမှုနဲ့အတူ လုပ်ခလစာမလုံလောက်မှုတွေကြောင့် အလုပ်သမားတွေရဲ့ ၅၈ ရာခိုင်နှုန်းက စိတ်ဖိစီးမှုတွေနဲ့ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။
 
အခြေခံအသုံးစရိတ်ဖူလုံစေဖို့ အနိမ့်ဆုံးလုပ်ခလစာ ၁၂၀၀၀ ကျပ်မှ ၁၇၀၀၀ ကျပ်အကြားရရှိပါကလုံလောက်တယ်လိုဖြေဆိုတဲ့ အလုပ်သမား ၅၇ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။
 
"တကယ်ဆိုရင်ရသင့်ပါတယ်။ ဒီ ၁၂၀၀၀ ကနေ ၁၇၀၀၀ ကြားဆိုတာရသင့်ပါတယ်။ ကျွန်တော်ဆိုရင် မြောက်ဒဂုံထဲက အိမ်တွင်းအလှဆင်တာတွေ ပရိဘောဂနဲ့ပတ်သက်တာတွေ အလှထိုင်ခုံ အဲ့လိုလုပ်ငန်း တွေမှာလုပ်တာ တစ်နေ့ ၁၅၀၀ဝ ရပါတယ်။ ဒါပေမဲ့မလောက်ဘူးဗျ။ ကျွန်တော်အခြားဝင်ငွေတစ်ခု အပိုထပ်ရှာရတယ်ဗျ။ ၆၈၀၀၊ ၇၀၀၀ လောက်ပဲရတယ်ဆိုရင်ဘယ်လိုလောက်မလဲ မသေရုံထမင်းစားရတယ် လို့ပဲပြောရမလား။ ပြောချင်တာကတော့ သက်ဆိုင်ရာကလူကြီးတွေနဲ့ လုပ်ငန်းရှင်တွေပေါ့ဗျာ တစ်နေ့ ၆၈၀၀ ကျပ်နဲ့ တစ်လလောက်လေးစမ်းပြီး နေကြည့်စေချင်တာပါ၊ ဒါဆိုစာနာနိုင်မယ်ထင်ပါတယ်"လို့ အလုပ်သမားတစ်ဦးကဆိုပါတယ်။
 
ဆက်လက်ပြီး အနိမ့်ဆုံးလုပ်ခလစာ ၄၈၀၀ ကျပ်အထက်ရရှိတဲ့ အလုပ်သမား ၉၇ ရာခိုင်နှိုင်းရှိပြီး လုပ်ခလစာရရှိမှုဟာ အခြေခံစားဝတ်နေရေးကိုလုံလောက်မှုမရှိဘူးလို့ ဖြေဆိုတဲ့ အလုပ်သမား ၈၈ ရာခိုင်နှုန်း၊ လူနေမှုအသုံးစရိတ်တွေကတော့ အိမ်ငှားခ၊ မီတာခနဲ့ အခြားအိမ်သုံးစရိတ်တွေအတွက် အမြဲတမ်းရုန်းကန်နေတာယ်လို့ ဖြေဆိုသူအလုပ်သမား ၅၄ရာခိုင်နှုန်း၊ ဖြေဆိုတွေ့ရှိချက်အရ လက်ရှိအနိမ့်ဆုံးလုပ်ခလစာဟာ သင့်တင့်လျောက်ပတ်တဲ့လူနေမှုအဆင့်အတန်းကို ပံ့ပိုးပေးနိုင်မှုမရှိဘူးလို့ ဖြေဆိုသူ ၉၅ရာခိုင်နှုန်း ဖြေဆိုထားတယ်လို့ သိရပါတယ်။
 
STUM အနေနဲ့ အဆိုပါသုတေသနကို ၂၀၂၄ ဧပြီလကနေ ၂၀၂၅ အတွင်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်း၊ တောင်ဒဂုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ အင်းစိန် စတဲ့မြို့နယ်တွေက အထည်ချုပ်လုပ်ငန်း၊ အုတ်၊သဲ၊ကျောက်လုပ်ငန်း၊ သံနှင့်သံမဏိ ရောင်းဝယ်ရေးလုပ်ငန်၊ မော်တော်ကားထုတ်လုပ်မှုလုပ်ငန်း၊ ပလပ်စတစ်၊ ဆောက်လုပ်ရေး၊ အလှကုန်၊ ဝရိန်၊ ဆက်သွယ်ရေး၊ အာမခံ၊ ရွှေပန်းထိမ်၊ အစားအသောက်လုပ်ငန်း၊ ခေါက်ဆွဲစက်ရုံ၊ သွပ်ပြား၊ ကားဝပ်ရှော့၊ ကော်ဖီအရောင်းဆိုင် စတဲ့လုပ်ငန်းနယ်ပယ်တွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေရဲ့ဝင်ငွေဖူလုံမှု၊ လုပ်ငန်းခွင်အခြေအနေ၊ ပညာရေး၊ ကျန်းမာရေး၊ လူနေမှုအဆင့်အတန်းနဲ့ လက်ရှိအနည်းဆုံးအခကြေးငွေတွေကို လေ့လာထားကာ သုတေသနပြုထားတာဖြစ်တယ်လို့လည်း သိရပါတယ်။
 
လက်ရှိလုပ်ခလစာရရှိမှုတွေဟာ တစ်လဝင်ငွေ ကျပ် ၂ သိန်းမှ ၃ သိန်းအတွင်းရရှိသူအများဆုံးဖြစ်ပြီး တစ်နေ့လုပ်ခဖြင့်တွက်ပါက ကျပ် ၆၈၀၀ ကျပ်ရှိသူက အများဆုံးဖြစ်ပြီး အနိမ့်ဆုံးလုပ်ခလစာကို တစ်နေ့ ၁၃၀၀၀ ကျပ်ပေးဖို့တောင်းဆိုမှုတွေလည်း ရှိနေပြီလို့ သိရပါတယ်။
 
မြန်မာနိုင်ငံမှာ အနည်းဆုံးအခကြေးငွေကို ၂၀၁၈ ခုနှစ်က အလုပ်ချိန် ၈ နာရီအတွက် တစ်နေ့လုပ်ခ ၄၈၀၀ ကျပ်ဖြင့် နှစ်နှစ်လျင် တစ်ကြိမ် ပြင်ဆင်မယ်လို့ သတ်မှတ်ခဲ့ပြီးနောက် လက်ရှိအချိန်ထိပြင်ဆင်သတ်မှတ်ခြင်းမရှိတော့ဘဲ ၂၀၂၃ ခုနှစ် အောက်တိုဘာလက ထောက်ပံ့ကြေးတစ်ထောင်ကျပ်၊ ၂၀၂၄ သြဂုတ်လက တစ်ကြိမ် ထောက်ပံ့ကြေး ကျပ်တစ်ထောင်သာ သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026