ARTICLE

"ဝေးကွာလာသည့် ပြည်ပအိမ်မက်များ”

CoverLogo
200 Views

ပြည်တွင်းမှာနေ့စဉ်နဲ့အမျှ ကန့်သတ်ချက်တွေ၊ ဖိနှိပ်မှုတွေ၊ အခက်အခဲတွေ၊ ကြပ်တည်းမှုတွေကို ရင်ဆိုင်နေရတဲ့ အခြေခံ လူတန်းစားလူငယ်တွေကစလို့ လူလတ်ပိုင်းတွေအထိ မျှော်လင့်ချက်အိမ်မက်က ပြည်ပအလုပ်အကိုင်ဖြစ်လာပါတယ်။ 

အာဏာမသိမ်းခင်က လူငယ်တွေ၊ လူလတ်ပိုင်းတွေ အတွက်“ပြည်ပအလုပ်အကိုင်” ဟာ သိပ်အရေးပါလှတယ်မဟုတ်ပေမယ့် လက်ရှိမှာတော့ အခြေအနေအရပ်ရပ်အတွက် “ထွက်ပေါက်”တစ်ခု ဖြစ်နေပါတယ်။ 

စစ်တပ်က စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးချိန်မှာ ပြည်တွင်းက အရွယ်ရောက် အမျိုးသမီး၊ အမျိုးသားတွေဟာ နေရပ် စွန့်ခွာတာတွေကို ပုံစံအမျိုးမျိုးနဲ့ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ 

 ဒီထဲမှာ ပြည်ပအလုပ်အကိုင်ဟာလည်း ရွေးချယ်စရာ အခွင့်အ လမ်းတစ်ခု ဖြစ်နေတာပါ။ 

စစ်အာဏာသိမ်းပြီးနောက်မှာ စားဝတ်နေရေး အဆင်ပြေရေး၊ စစ်ကောင်စီ လက်အောက်က လွတ်မြောက်ရေး၊ လိုအပ်တဲ့နေရာတွေကို လှူဒါန်းနိုင်ရေး၊ လုံခြုံရေးအတွက် ရွှေ့ပြောင်းရရေးစတဲ့ အကြောင်းအရာတွေအတွက် တော့ ပြည်ပအလုပ်အကိုင်ဟာ လွတ်မြောက်ရာ အခွင့်အလမ်းတစ်ခုပါ။ 

ဒါပေမယ့် ဒီအခြေအနေဟာ လက်ရှိမှာတော့ ရပ်တန့်လုနီးပါး ဖြစ်နေပါတယ်။  

စစ်ကောင်စီဟာ အမျိုးသားအလုပ်သမားတွေ ပြည်ပထွက်ခွာ အလုပ်လုပ်နိုင်တဲ့ အသက်အရွယ်ကို ကန့်သတ်ထားသလို အလည် ဗီဇာနဲ့ ပြည်ပထွက်ခွာမယ့်သူတွေကိုလည်း ခေါင်းစဉ်အမျိုးမျိုးနဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တားမြစ်ပါတယ်။ 

စစ်တပ်ဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတင်းအကြပ်ဖိအားပေးပြီး တပ်သားစုဆောင်းတာတွေ လုပ်ဆောင် နေချိန်မှာ ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေကို အသက်အပိုင်းအခြားနဲ့ ကန့်သတ်ထားတာ ဖြစ်ပါတယ်။ 

လက်ရှိမှာ အမျိုးသားတွေ ပြည်ပထွက် အလုပ်လုပ်ခွင့်ကို အသက်၂၃ နှစ်ကနေ ၃၁နှစ် အထိ သွားခွင့်မပေးတဲ့အတွက် လိုင်စင်ရ ပြည်ပအလုပ်အကိုင် ရှာဖွေရေး ဝန်ဆောင်မှုအေဂျင်စီတွေလည်း အခက်အခဲ တွေ ဖြစ်ပေါ်နေပါတယ်။ 

“ပြည်ပအလုပ်ခေါ်စာကတော့ အမျိုးသားတွေခေါ်တာများပါတယ်။ အခုက အသက်ကန့်သက်ချက်က ရှိနေတော့ သွားမယ့်သူ ရှာရတာ အရမ်းခက်ခဲနေတယ်။ ဟိုဘက်က သူဌေးတွေကလည်း လူငယ်တွေကို ကြိုက်တယ်။ ဒီဘက်မှာကျတော့လည်း အသက်(၂၃)ကနေ (၃၁)အထိ သွားခွင့်မပြုတော့ အေဂျင်စီတွေအနေနဲ့ လုပ်သား ရှာရတာ ခက်လာတယ်။ တစ်ချို့အေဂျင်စီတွေမှာ လူမပြည့်လို့ စာချုပ်မချုပ်ရသေးတဲ့ demand တွေ ရှိလာတယ်” လို့ လိုင်စင်ရအေဂျင်စီက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ 

စစ်တပ်က မြန်မာနိုင်ငံက အမျိုးသားတွေအတွက် ပြည်ပရဲ့ အိမ်မက်တွေကို ကန့်သတ်လိုက်တာပဲ ဖြစ်ပါတယ်။ 

“တရားမဝင်သွားတာတွေလည်း ကြားပါတယ်။ တရားမဝင် သွားဖို့ပေးရတဲ့ဈေးကိုက မနည်းတော့ အဲဒီပိုက်ဆံ လေးနဲ့ ဒီမှာပဲ အလုပ်လုပ်စားရမလား။ ဟိုရောက်မှ အဆင်မပြေဖြစ်လို့ အဖမ်းခံရ ပြန်အပို့ခံရတို့ဆို အကြွေးတွေပါ ထပ်တက်မလားပေါ့။ တွေးပူမိတယ်။ ဒီမှာလည်း လုပ်စားရတာ မလွယ်တော့ဘူးဆိုတော့ တကယ်ကို ထွက်ပေါက်မဲ့နေသလို ခံစားရတယ်” အသက် (၂၆) နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောပါတယ်။

ခေါင်းစဉ်အမျိုးမျိုးနဲ့ ပြည်တွင်းက ထွက်ခွာလိုသူတွေအတွက်တော့ မတရားသဖြင့် ဖိနှိပ်မှုတစ်ခုပါပဲ။ 

ဒီကန့်သတ်မှုဟာ သွားရောက် လိုသူကော၊ အလုပ်အကိုင် ဝန်ဆောင်မှုပေးနေတဲ့သူတွေအတွက်ပါ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တစ်ခု ဖြစ်နေပါ တယ်။ 

ဒီအခက်အခဲကြောင့်လည်း လိုင်စင်ရအေဂျင်စီတွေအနေနဲ့လည်း အမျိုးသမီးအလုပ်သမားတွေကို အဓိကထားခေါ်ယူနေတဲ့ အလုပ်အကိုင်တွေကိုသာ ဦးစားပေးရှာဖွေနေရတဲ့ အခြေအနေတစ်ခု ဖြစ်လာပါတယ်။ 

ဒါ့အပြင် ပြည်တွင်းကနေ Passport for visit (PV) အမျိုးအစား နိုင်ငံကူးလက်မှတ်တွေနဲ့ ပြည်ပထွက်ခွာပြီး အလုပ်လုပ်ကိုင်သူတွေ များလာတဲ့အခါမှာလည်း  ပြီးခဲ့တဲ့ ဇွန်လလဆန်းပိုင်းက စတင်ပြီး   အလုပ်သမား နိုင်ငံကူး လက်မှတ် (Passport for Job - PJ) ကနေ အလည်အပတ် နိုင်ငံကူးလက်မှတ် (Passport for Visit - PV) ပြောင်းလဲ လျှောက်ထားမှုကိုလည်း ပိတ်ပင်ခဲ့ပါတယ်။ 

နောက်ဆက်တွဲအနေနဲ့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ PV ပတ်စပို့နဲ့ ပြည်ပ ထွက်ခွာမယ့်သူတွေကိုလည်း အလုပ်သမားဝန်ကြီးဌာန အပါအဝင် အဖွဲ့အစည်းအသီးသီးနဲ့ စုပေါင်း ဖွဲ့စည်းထား တဲ့အဖွဲ့တွေက နည်းလမ်းမျိုးစုံ နဲ့ အကြောင်းပြချက်မဲ့ ပိတ်ပင်တာတွေ လုပ်ဆောင်နေပါတယ်။ 

ဒီလုပ်ရပ်ကြောင့်လည်း ကျောင်းသွား တက်လိုသူတွေ၊ ကျန်းမာရေးအတွက် ဆေးကုသလိုသူတွေ၊ မိသားစုအရေး ကိစ္စကြောင့် အလည်အပတ်ဗီဇာနဲ့ ပြည်ပထွက်ခွာလိုသူတွေပါ အခက်အခဲတွေ ရှိလာပါတယ်။ 

အပြည် ပြည်ဆိုင်ရာလေဆိပ်ကြီးမှာလည်း ပြည်ပထွက်ခွာခွင့်ရဖို့ အဖွဲ့အစည်းအသီးသီးကို ငွေပေးရတဲ့ မှောင်ခိုဈေးကွက် ကြီးလည်း ထွက်ပေါ်လာနေပြီဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့ သတ်မှတ်ချက်တွေဟာ အရွယ်ကောင်း အမျိုးသားတွေနဲ့ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုပေးတဲ့ အေဂျင်စီတွေကို အခက်တွေ့စေပေမယ့် လူတစ်စုအတွက်တော့ ငွေရှာရလွယ်တဲ့ လမ်းကြောင်းတစ်ခုပဲ ဖြစ်နေ ပါတော့တယ်။ 

စစ်ကောင်စီဟာ ပြည်ပကိုလုပ်သားစေလွှတ်ရာမှာ ပုဂ္ဂလိကအေဂျင်စီတွေအတွက်သာ ကန့်သတ်ချက်တွေ၊ သတ်မှတ်ချက်တွေ လုပ်ဆောင်ခဲ့ပေမယ့် နှစ်နိုင်ငံအစိုးရချင်း ချိတ်ဆက်စေလွှတ်တဲ့ ကိုရီးယားနိုင်ငံကို အမျိုးသား လုပ်သားတွေ စေလွှတ်တာကိုတော့ ကန့်သတ်ချက်ထားတာတွေ မရှိခဲ့ပါဘူး။ 

နှစ်စဉ်ဆိုသလို လစာနှုန်းထားတိုးပေးနေတဲ့ ကိုရီးယားနိုင်ငံဟာ ဒီလိုအသက်ကန့်သတ်ချက် မရှိပေမယ့် အမျိုးသား အလုပ်သမားတွေကို ဦးစားပေးခေါ်ယူနေတာတွေကြောင့် သွားရောက်လိုသူများပါတယ်။ 

စစ်ကောင်စီဘက်က ပြည်ပကို အမျိုးသားလုပ်သားတွေ သွားရောက်လုပ်ကိုင်နိုင်တဲ့ အသက်အရွယ်ကို ကန့်သတ်လိုက်ပြီးနောက်မှာ ကိုရီးယားနိုင်ငံကို သွားရောက်လိုသူနှုန်းဟာ သိသိသာသာ မြင့်တက်လာပါတယ်။

ဒီအခြေအနေမှာ ကိုရီးယားဘာသာစကား သင်ကြားရေးကျောင်းတွေ ဝင်ငွေကောင်းခဲ့သလို အခုနှစ်မှာတော့ စာမေးပွဲ မှတ်ပုံတင်ကြေး ပေးသွင်းနိုင်ဖို့ကို ညအိပ်စောင့်ဆိုင်းတာ၊ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ အချိန်ကာလတွင်းမှာကို တန်းစီစောင့်ဆိုင်းတာတွေကြောင့် စစ်သားတွေက အိမ်ပြန်လွှတ်ရတဲ့အထိ ပွဲစည်ခဲ့ပါ တယ်။ 

ဒါပေမယ့် သိပ်မကြာသေးခင်က အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီက ထုတ်ပြန်တဲ့ စာမေးပွဲအောင်စာရင်းမှာ အမှတ်ဖြတ်နှုန်းဟာ ၉၇.၅ မှတ်အထိ ရှိခဲ့ပြီး အောင်မှတ် မြင့်မားလွန်းတာကြောင့် အောင်တဲ့သူအရေအတွက် ဟာ နည်းပါးလာတာပဲ ဖြစ်ပါတယ်။ 

ဒါ့အပြင် skill test စစ်ဆေးတာတွေလည်း ထပ်မံလုပ်ဆောင်မှာ ဖြစ်တာ ကြောင့် အောင်မြင်သူ အရေအတွက်ဟာ အရင်ကလိုတော့ များနေမှာ မဟုတ်တော့ပါဘူး။ 

ဒီတော့ ပြည်တွင်းက အရွယ်ကောင်း အမျိုးသားတွေနဲ့ ပြည်ပအလုပ်အကိုင်ဟာ ပိုမိုအလှမ်းဝေးလာတဲ့ အခြေအနေကို ရောက်လာပါ တော့တယ်။ 


ဒီခံစားချက်ဟာ ပြည်တွင်းမှာ နေထိုင်သူတိုင်း ခံစားနေရတာဖြစ်ပြီး ပြည်တွင်းမှာကော ပြည်ပမှာပါ အမျိုးသား တွေ အလုပ်အကိုင်ရရှိနိုင်ဖို့ဟာ အမျိုးသမီးတွေထက် ပိုမိုခက်ခဲလာတာပဲ ဖြစ်ပါတယ်။ 

“ပြည်ပအလုပ်အကိုင်က တကယ်တော့ အမျိုးသားတွေ ပိုခေါ်တာပါ။ အခုကျ အမျိုးသားတွေကို လွှတ်ဖို့က အခက် အခဲရှိလာတော့ သူတို့အတွက်လည်း အဆင်မပြေ၊ အေဂျင်စီတွေလည်း ခက်ခဲတာပေါ့”လို့ အေဂျင်စီလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။ 

ဒီလိုကန့်သတ်ချက်တွေဟာ ဘယ်လောက်ထိ ကြာဦးမလဲ။ လုပ်ငန်းစဉ်တွေ ဖြေလျှော့တာတွေ၊ ကြပ်မတ်တာတွေ ဟာ ဘယ်လောက်ထိ ရှိလာဦးမလဲ မခန့်မှန်းနိုင်ပေမယ့် အာဏာသိမ်းထားသရွေ့တော့ ကောင်းမွန်တဲ့ အခြေအနေ တော့ ပြန်ရောက်နိုင်ဦးမှာ မဟုတ်ပါဘူး။ 

လူငယ်၊လူရွယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေကို အကြောင်းမဲ့ ပိတ်ပင်နေတာက လက်ခံနိုင်စရာ မရှိသလို မမျှတဲ့ ကန့်သတ်ချက်တစ်ခုပါ။ 

“စစ်အုပ်ချုပ်ရေးအောက်မှာ နေနေရသရွေ့တော့ တရားတယ်၊ မတရားဘူး ထိုင်ပြောနေလို့လည်း မထူးပါဘူး။ အေဂျင်စီတွေ အခက်အခဲ ဖြစ်တယ်ဆိုလည်း သူတို့အတွက်က တစ်ခုမဟုတ်တစ်ခု ထွက်ပေါက်က ရှိနေတာပဲ။ အဓိက ဒုက္ခရောက်တာက အခြေခံပြည်သူပေါ့။ သူတို့မပိတ်ရင်လည်း အကုန်လုံးက ပြည်ပထွက်ကုန်မှာပဲဆိုတော့ လူစုဆောင်းဖို့ ချန်ထားတဲ့သဘောပါပဲ”လို့ အစိုးရဝန်ထမ်း အငြိမ်းစားတစ်ဦးက သူရဲ့အမြင်ကို ပြောပါတယ်။ 

စစ်ကောင်စီရဲ့ ကန့်သတ်ချက်ဟာ ပြည်တွင်းက အမျိုးသားတွေအတွက် မမျှတတဲ့ သတ်မှတ်ချက်တွေ ဖြစ်နေပြီး ဒီလုပ်ငန်းစဉ်ကို ပြန်လည်စဉ်းစားပေးဖို့တော့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။ ဒီလိုအလုပ်အကိုင် အခွင့်အလမ်းတွေ ကို ကန့်သတ်လိုက်တာဟာ မှန်ကန်တဲ့ဖြေရှင်းနည်းတော့ မဟုတ်ပါဘူး။ 

“ပြည်တွင်းမှာ လုပ်စားလို့ မရတော့လို့ ပြည်ပထွက်ချင်တာပါ။ အခုက ဘာမှန်းမသိဘဲ မသွားရဘူးဆိုတော့ အဆင်မပြေဘူး။ တကယ်ဒုက္ခရောက်နေတာက ကျွန်တော်တို့ပြည်သူတွေပဲ။ ဒီကောင်တွေအုပ်ချုပ်နေသမျှ ပြည်သူတွေကို နည်းလမ်းပေါင်းစုံနဲ့ ဆင်းရဲကြပ်တည်းအောင် လုပ်နေဦးမှာပဲ။ ဒီကောင်တွေမရှိတော့မှ ဒီဒုက္ခတွေငြိမ်းမှာ။ တော်လှန်ရေးအမြန်အောင်ဖို့က အရေးအကြီးဆုံးပဲ”လို့ အံကြိတ်ပြောဆိုလာသူတစ်ဦးရဲ့ စကားသံကတော့ အခြေခံပြည်သူတွေရဲ့ လိုလားချက်ကို ထင်ဟပ်ပြသနေတာပဲ ဖြစ်ပါတော့တယ်။


Related posts

Cover
လာအိုရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမား တွေကို CI နှင့်OWICကတ် လုပ်ပေးရန်စီစဉ်နေဟုဆို
Jan 16, 2025
Cover
ကျပ်နှစ်ထောင် နောက်ကွယ်က ခါးသီးမှု
Dec 31, 2024
Cover
ပြည်ပလုပ်သားစေလွှတ်ခွင့်လိုင်စင်ရယူထားသူ ၆၀၀ ကျော်ရှိလာ
Dec 27, 2024
Cover
တရားဝင် အလုပ်လုပ်ခွင့် သက်တမ်းတိုးကြေး သုံးဆ အထိတိုးမြှင့်ဖြတ်တောက်ခံနေရလို့ တောင်းဆိုရာ စက်ရုံ ၁၀၀ ကျော်အောင်မြင်မှုရ
Dec 26, 2024
Cover
ပြည်ပထွက်ခွာလိုသူတွေအတွက် ရန်ကုန်လေဆိပ်ရဲ့ အိမ်မက်ဆိုး
Dec 26, 2024
Cover
ကိုရီးယားနိုင်ငံက ဝန်ဆောင်မှုလုပ်ငန်း အမျိုးအစားများအတွက် အမျိုးသမီးအလုပ်သမား လျှောက်လွှာများ လက်ခံတော့မည်
Dec 25, 2024
Cover
ဇန်နဝါရီ ၁ ရက်ကစပြီး အခြေခံလုပ်အားခ တိုးမြင့်မည်
Dec 25, 2024
Cover
စစ်မှုထမ်းအယောင်ပြ ဖမ်းဆီးငွေညှစ်မှုတွေပါ ပြုလုပ်လာ
Dec 24, 2024