NEWS

လုပ်ငန်းခွင်အတွင်း ကိုယ်နှုတ်အမူအရာရိုင်းစိုင်းစွာ ပြုမူပြီး အခွင့်အရေးချိုးဖောက်နေမှု တာဝန်ယူဖြေရှင်းပေးတာမရှိ

CoverLogo
1.2K Views

 

New Plus အထည်ချုပ်စက်ရုံက လိုင်းနံပါတ် ၃ က စူပါနဲ့ အောစူပါ ဆိုသူ အမျိုးသမီးနှစ်ဦး စက်လိုင်းထဲက အလုပ်သမားတွေကို လုပ်ငန်းခွင်အတွင်းမှာပဲ ရိုင်းဆိုင်းစွာ “ဖေ” နဲ့ ကိုင်ဆဲရုံ သာမက ခန္ဓာကိုယ် အစိတ်အပိုင်းနဲ့ပါ နှိုင်းပြီး ဆဲဆိုနေတယ်လို့ စက်ရုံအလုပ်သမားတွေက Myanmar Labour News ကို ပြောပါတယ်။ 

“ ​ေ-ာက်ကောင်မတွေ ဆိုပြီး ဆဲတာမျိုးတွေ ၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ နှိုင်းတာတို့ ၊ ပုတ်ပြတာမျိုးတွေ တောင် လုပ်ပါတယ် ။ သူတို့က တော့ အကျိုးစီးပွားအတွက် ဆိုတော့ ရိုင်းလို့ ရိုင်းမှန်းမသိအောင်ကို ဆိုးဝါးနေတာ ။ ခံရတဲ့သူ ဘယ်လိုနေမယ် ဆိုတာလည်း မသိတော့ဘူး ။” လို့ စက်ရုံအလုပ်သမား အမျိုးသမီးက ပြောပါတယ်။ 

 

ကာယိန္ဒြေပျက်အောင် ပြောဆို လုပ်ဆောင်ခဲ့တာကြောင့် အလုပ်သမားအမျိုးသမီးငယ်တွေမှာ လုပ်ငန်းခွင် အတွင်း ငိုယိုရတဲ့အထိ ခံစားခဲ့ရပြီး ရက်ပိုင်းအတွင်း အလုပ်ထွက်သွားသူတွေလည်း ရှိနေတယ်လို့ ဆက်ပြော ပါတယ်။ 

 

“လူတွေကို လူတွေလို မသတ်မှတ်ဘဲ ဆဲချင်သလို ဆဲဆိုနေတာ။ တခါတလေ ထမီတွေဘာတွေ လှန်ပြလိုပြ၊ သူတို့ ခန္ဓာကိုယ် အစိတ်ပိုင်းတွေကို ပုတ်ပြပြီး ဆဲဆိုတဲ့ အထိ လုပ်တော့ ငိုကြယိုကြတာပေါ့ ။ အဲ့လိုင်းထဲမှာ လူသစ်တွေ ဆို တပတ် ပြည့်အောင်တောင် သိပ်မလုပ်နိုင် ကြပါဘူး။ ကြောက်ပြီး ထွက်ကုန်တယ်။ ကျန်တဲ့ လူဟောင်းတွေက စားဝတ်နေရေး အဆင်ပြေဖို့အတွက် သည်းခံပြီး လုပ်နေကြတာပါ ” လို့ စက်ရုံ အလုပ်သမား တဦး ကပြော ပါတယ်။

 

စက်လိုင်း အလုပ်သမားတွေအနေနဲ့ ဆဲဆိုမှုတွေကို အခြေအနေအရပ်ရပ်ကြောင့် ပြန်မပြောနိုင်သလို စက်ရုံ မန်နေဂျာတွေနဲ့ စက်ရုံမှူး ကိုယ်တိုင်လည်း စူပါတွေ မလွန်သလိုပြောဆိုနေလို့ အလုပ်သမားတွေအနေနဲ့ အားကိုးမဲ့ သည်းခံပြီး လုပ်ကိုင်နေရတယ်လို့ သိရပါတယ်။  

 

လိုင်း ၃ စူပါနဲ့ အောစူပါဆိုသူက အလုပ်သမားတွေ အပေါ် အကျိုးစီးပွားကို ရည်ရွယ်ပြီး ဖိနှိပ်နေတာလို့လည်း New plus အလုပ်သမားတွေက ပြောပါတယ်။

 

“ စူပါ နဲ့ အောစူပါဆိုတာ အာဝါလီ (Hourly) ပြည့်ရင် ဆုကြေးရပါတယ် ။ ရရင် စူပါက သုံးဆ ရတယ် ။ ဥပမာ ဝန်ထမ်း တသောင်းဆို စူပါ( Super) က သုံးသောင်းပါ။ အောစူပါ (all super) ဆိုရင် သိန်းနဲ့ ချီပြီးဆုကြေးရ ပါတယ်။ အတိအကျတော့ မသိပါဘူး ။ ဒီ အတွက် အာဝါလီ ရရင် ပြီးရောဆိုပြီး အလုပ်သမားတွေကို လူတွေကို လူတွေလို မသတ်မှတ်ဘဲ ဆဲချင်သလို ဆဲဆိုတာပါ” လို့ New plus အလုပ်သမားတဦးက Myanmar Labour News ကို ပြောပါတယ်။

 

New Plus စက်ရုံအတွင်း တခြားလိုင်းက စူပါ တချို့ အော်ဟစ်ပြောဆိုတာ ရှိပေမယ့် လိုင်း ၃ စူပါနဲ့ အောစူပါ တွေလို ဆိုးဝါးတာမရှိဘူး လို့ တခြားအလုပ်သမားတွေက ပြောကြားပါတယ်။ 

 

စက်ရုံဘက်ကလဲ အာဝါလီ ပေးနိုင်တဲ့ စူပါတွေကို မျက်နှာသာပေးပြီး လုပ်ငန်းခွင်အတွင်းက အလုပ်သမားတွေရဲ့ ခံစားရမှုတွေကိုတော့ လျစ်လျူရှုထား တယ်လို့ အလုပ်သမားတွေက တညီတညွတ်တည်း ပြောပါတယ်။ 

 

“အဲဒီ စူပါနဲ့ အောစူပါ ဆဲဆိုတာကို စက်ရုံအကြီးအကဲတွေ၊ တာဝန်ရှိသူ သိပါတယ်။ တခါမှ ခေါ်ယူ ဖြေရှင်း ပေးတာမျိုး မရှိခဲ့ဘူး ။ စက်ရုံမှာလဲ ဝန်ထမ်းတွေအတွက် အကြံပြုစာပုံးထား ပေးပါတယ် ။အဲ့ဒီ စူပါတွေ ဆဲဆို တာကို ဖြေရှင်းပေးဖို့ စာထည့်တာတွေ ရှိပေမယ့် စက်ရုံဘက်က ဖြေရှင်းပေးမဲ့ အရိပ် အရောင် မတွေ့မိဘူး။ ကြာတော့ တိုင်လဲ မထူးပါဘူး ။ စာထည့်သူကိုပဲ လိုက်စုံစမ်းခံရမဲ့ သဘောမျိုး ဖြစ်နေတာ” လို့ အကြံပြုစာ ထည့်ဖူးသူ အမျိုးသမီးအလုပ်သမားတဦးက Myanmar Labour News ကို သီးခြား ပြောဆို ပါတယ်။  

 

ဆဲဆိုမှုကို ရာဇသတ်ကြီးပုဒ်မ ၂၉၄ မှာ နှုတ်နဲ့ ကျူးလွန်တဲ့ ပြစ်မှုတခု အဖြစ်သတ်မှတ်ထားပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေဇယား ၂ အရ ရဲ အရေးယူပိုင်ခွင့်ရှိတဲ့ ပြစ်မှု ဖြစ်တယ်လို့ ဥပဒေပညာရှင်တဦးက Myanmar Labour News ကို ရှင်းပြထားပါတယ်။ 

 

ရဲစခန်းတွေမှာ တိုင်ချက်ဖွင့်နိုင်ပြီး ပြစ်ဒဏ်ကိုတော့ ထောင်ဒဏ် ၃ လအထိ ချမှတ်နိုင် တဲ့အပြင် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်တယ်လို့ သိရပါတယ်။ 

 

New Plus အထည်ချုပ်စက်ရုံ အောစူပါတဦးက တခြား အလုပ်သမားတဦးကို ဆဲဆိုခဲ့လို့ အလုပ်သမားရုံးမှာ တိုင်ကြားခံရပေမဲ့ WCC ကို ပြန်လွှဲပေးခဲ့တယ်လို့ သိရပါတယ်။  

 

စက်ရုံမှာ WCCနဲ့ ဖြေရှင်းကြတော့လဲ တိုင်ကြားခံရတဲ့ အောစူပါကို သတိပေး လက်မှတ်ပဲ ထိုးခိုင်းခဲ့တယ်လို့ အလုပ်သမား တဦးက ပြောပါတယ်။ 

 

“စူပါကတော့ လိုအပ်ရင်ဆဲမှာပေါ့ ဆိုတာ မျိုးတောင် ကြားရတယ်။ အလုပ်သမားတွေကို ဆဲဆိုခွင့်မရှိပါဘူးလို့ ထင်ပါတယ်။ အလုပ်ကိုင်အတွက်မို့ သည်းခံရတာ။ မလုပ်ချင်တော့ဘူး ။ WCC ကလည်း စက်ရုံက သူတို့ဘာသူတို့ ဖွဲ့ထားတာ ။ အဲ့အဖွဲ့ထဲမှာကို စူပါတွေပါတယ်” လို့ စက်ရုံအလုပ်သမား တဦး ပြောပါတယ်။

 

စက်ရုံရဲ့ WCC အဖွဲ့ကတော့ လွန်ခဲ့တဲ့ လေးနှစ်လောက်က ဖွဲ့စည်းထားတာဖြစ်ပြီး လက်ရှိ အဖွဲ့ဝင် ကိုယ်စားလှယ် တွေဟာ ရွေးကောက်တင်မြှောက်ခံတွေ မဟုတ်ဘဲ စက်ရုံဘက်က ရွေးချယ်ခဲ့တာလို့ သိရ ပါတယ်။ 

 

အလုပ်သမား အငြင်းပွားမှုဆိုင်ရာ ဥပဒေရဲ့ ပုဒ်မ ၄ (ခ)မှာတော့ WCC အဖွဲ့ဝင်တွေရဲ့ သက်တမ်းဟာ ၂ နှစ် လို့ ပြဋ္ဌာန်းထား ပါတယ်။ 

 

New Plus အထည်ချုပ် စက်ရုံဟာ ပြီးခဲ့ ဩဂုတ် ၃ မှာ အချိန်ပိုကြေးမပေးဘဲ အလုပ်သမားတွေကို ခိုင်းစေလို့ ဆိုပြီး Myanmar Labour News မှာ သတင်းဖော်ပြခံထားရပါတယ်။ 

 

စက်ရုံကတော့ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်က ကျောက်စိမ်းလမ်းမှာ အလုပ်သမား ၁၀၀၀ ဝန်းကျင်နဲ့ Feel Sky ၊ WOOLLYTEC စတဲ့ အထည်တွေ၊ တခြား ကုတ်အင်္ကျီတွေ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။

 

#MyanmarLabourNews 


Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026