NEWS

စက်ရုံပိတ်သိမ်းပါက တာဝန်ယူမှုရှိစေလိုတယ်လို့ KAIXI MYANMAR FASHION CO,LTD အလုပ်သမားတွေပြော

CoverLogo
1.2K Views

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် စက်မှုဇုန် ၄ ပန်းပဲခေါင်မောင်ခတ်လမ်းမှာဖွင့်လှစ်ထားတဲ့ KAIXI MYANMAR FASHION CO,LTD အထည်ချုပ်စက်ရုံမှာ အလုပ်ရှင်မှ စက်ရုံတွင်းရှိ စက်ပစ္စည်းတွေကို သယ်ယူရောင်းချနေတာတွေရှိနေတာကြောင့် စက်ရုံပိတ်သိမ်းပါက အလုပ်သမားတွေကို ပွင့်ပွင့်လင်းလင်းအသိပေးစေလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အဲ့ဒီစက်ရုံမှာ အော်ဒါပါးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အိုတီမခေါ်တာ ၁ နှစ်ကျော်ကြာလာတာကြောင့် အလုပ်ထွက်သွားသော အလုပ်သမားတွေရှိနေပြီး လက်ရှိမှာလည်း အလုပ်ထွက်သွားသော အလုပ်သမားတွေနေရာက စက်တွေ တခုချင်းစီဖြုတ်ရောင်းစားနေတာကြောင့် အလုပ်ရှင်ဘက်မှ စက်ရုံပိတ်သိမ်းပါက တာဝန်ယူမှုရှိစွာလုပ်ဆောင်စေလိုတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

"အရင်က အလုပ်သမား ၁၀၀၀ ကျော်ရှိတာ အိုတီမခေါ်တာ ၁ နှစ်ကျော်ရှိပြီဆိုတော့ အဆင်မပြေတဲ့အလုပ်သမား တွေထွက်သွားတာ အခုဆို ၆၀၀ လောက်ပဲကျန်တော့တယ် အဲ့လိုထွက်သွားတဲ့အလုပ်သမားတွေနေရာက စက်တွေကို တခုချင်းစီဖြုတ်ပြီး ပါကင်ဘူးထဲထည့်ပြီးရောင်းစားနေတယ် လုပ်ငန်း ခွင်ထဲမှာလည်း cutting ပိုင်းပစ္စည်းနဲ့ စက်လိုင်းအတွက် စက်အနည်းငယ်ပဲရှိတော့တာ စက်ရုံပိတ်မှာလားဆိုတာ လည်း သေချာအသိပေးစေချင်တယ်"လို့ အလုပ်သမားကပြောပါတယ်။

အခုလို လုပ်ငန်းရှင်ဘက်က စက်ရုံဆက်လက်လည်ပတ်ခြင်းရှိမရှိကို အသိပေးခြင်းမရှိဘဲ စက်ပစ္စည်းများ သယ်ထုတ်ရောင်းချနေတဲ့အတွက်ကြောင့် စိုးရိမ်နေရတယ်လို့လည်းအလုပ်သမားတွေကပြောပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်ထဲမှာ ဥပဒေပါခံစားခွင့်တွေကို အလုပ်သမားတိုင်းခံစားခွင့်မရှိဘဲ ခံစားခွင့်မရသောအလုပ်သမားတွေအနေနဲ့ အလုပ်တရက်ပျက်ပါက ဒေးကြေး ၄၈၀၀ ကျပ် ရက်မှန်ကြေး ၁၀၀၀၀ ကျပ် စုစုပေါင်း ၁၄၈၀၀ ကျပ် ဖြတ်တောက်ခံရတာကြောင့် ခံစားခွင့်တွေဆုံးရှုံးနေရတယ်လို့ အလုပ်သမားကပြောဆိုပါတယ်။

"စက်ရုံပိတ်မယ်ဆိုရင် ဥပဒေအတိုင်း ရသင့်ရထိုက်တဲ့ နစ်နာကြေးတွေပေးစေချင်တယ်အခုက  အချိန်ဆွဲနေသလိုပဲ ခုလို ဒေးကြေးလောက်နဲ့ ရေရှည်တောင့်မခံနိုင်တဲ့အလုပ်သမားတွေထွက်သွားရင် သူတို့နေရာက စက်တွေကို ရောင်းစားနေတာကြည့်ခြင်းအားဖြင့် ရိုးသားမှုမရှိဘူးလို့ ပဲ ခံစားရတယ် ဥပဒေမဲ့လုပ်သွားမှာကို အလုပ်သမားတွေစိုးရိမ်နေပါတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

လုပ်ငန်းရှင်အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းဆက်လက်လည်ပတ်ခြင်းမရှိတော့ဘဲ အလုပ်ပိတ်မယ်ဆိုပါက အလုပ်သမားတွေကို အသိပေးဖို့ လုပ်ငန်းခွင်ထဲမှာ ခွင့်ခံစားခွင့်တွေကိုလည်း တန်းတူခံစားခွင့်ပေးဖို့ နဲ့ စက်ရုံပိတ်မယ်ဆိုပါက အလုပ်သမားတွေကို ဥပဒေနဲ့အညီဆောင်ရွက်ပေးရန် တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

စက်ရုံအလုပ်ရုံတွေအကြောင်းအမျိုးမျိုးကြောင့် ပိတ်သိမ်းပါက လုပ်ငန်းရှင်တွေအနေနဲ့ အလုပ်သမားတွေကို လုပ်ခကျန်ငွေများ နို့တစ်ကြေး လုပ်သက်အလိုက် နစ်နာကြေး များ ပေးချေရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံအလုပ်သမားဥပဒေမှာဌာန်းထားပါတယ်။

အဆိုပါ စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး quefairedemesdechats.fr တံဆိပ်အထည်တွေ၊ ဂျင်းဘောင်းဘီ၊ဘော်လီများချုပ်လုပ်နေတာဖြစ်ပြီး စက်ရုံလည်ပတ်နေတာ ၈ နှစ်နီးပါး ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026