NEWS

ကျွမ်းကျင်ကြေး ဖြတ်တောက်ခံရလို့ အခက်အခဲဖြစ်

CoverLogo
932 Views

San  Yuan Oversea(2) Myanmar  စက်ရုံမှာ ဇန်နဝါရီလ လုပ်ခ ရှင်းပေးရာမှာ လုပ်ငန်းခွင်အတွင်း သတ်မှတ်ထားတဲ့ ကျွမ်းကျင်ကြေးတွေဖြတ်တောက်ခံရလို့ အခက်အခဲဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

ရန်ကုန်တိုင်း ထန်းတပင်မြို့နယ် ထန်းတပင် စက်မှုဇုန် အနောက်ပိုင်းလမ်းမကြီး မှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်တဲ့ အဆိုပါ စက်ရုံမှာ အလုပ်သမား ၅၀၀ ကျော်နဲ့ လည်ပတ်ကာ  PADDED COLLECTION၊ COTTON BELT အမှတ်တံဆိပ် ဂျာကင်အထည်တွေချုပ်လုပ်တာလို့ သိရပါတယ်။

လက်ရှိ သတ်မှတ်ပေးထားတဲ့ အလုပ်သမားတစ်ယောက်အတွက်  အခြေခံလုပ်ခပေးချေမှုနှုန်းထားကတော့ ဒေးကြေး(၄၈၀၀) ကျပ်၊ ထောက်ပံ့ကြေး(၁၀၀၀)ကျပ်၊ ရက်မှန်ကြေး(၂၅၀၀၀)ကျပ်၊ကျွမ်းကျင်ကြေး A+(51000) ကျပ် A(41000) ကျပ် နဲ့ B(28000)ကျပ်သတ်မှတ်လုပ်ကိုင်နေတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀၂၄ လုပ်ခလစာပေးချေရာမှာတော့ A+51000 ကျပ်ရရှိရမဲ့ အလုပ်သမားကို ကျပ် ၁၁၀၀၀ ကျပ်သာ ပေးချေပြီး A အဆင့်ကို ၁၀၀၀၀ ကျပ် နဲ့ ကျန်အလုပ်သမားတွေကို ကျွမ်းကျင်ကြေး ၇၅၀၀ ကျပ်သာ ပေးချေတာကြောင့် ကုန်ဈေးနှုန်း မြင့်တက်နေချိန်မှာ အခုလို လုပ်အားခ တွေနည်းပါးသွားလို့ အခက်တွေ့နေရတယ်လို့ အလုပ်သမားကပြောပါတယ်။

"ကျွမ်းကျင်ကြေးတွေကတော့ အမှန်အကန်ကို လျှော့ချထားတာပေါ့နော် ဒီတစ်လထဲမှာပဲ လျှော့ချလိုက်တာဆိုရင် တစ်သောင်းကျော်လေးပဲရတယ် တချို့ဆို ၇ ထောင်ကျော်လောက်ပဲရတော့တယ် သူတို့ကတော့ အစတုန်းကပြောတယ် ကုန်ထုတ်စွမ်းအားရှိရင် အထည်ချုပ်ရတဲ့လိုင်းတွေကို ကျွမ်းကျင်ကြေးပေးမယ် အထည်မချုပ်ရတဲ့လိုင်းတွေကို ကျွမ်းကျင်ကြေးမပေးဘူးပေါ့ တကယ်တမ်းကျတော့ အထည်မချုပ်ရတဲ့ အလုပ်သမားတွေလည်း ဘောင်းဘီတွေ အမွှေးညှပ်ရတယ် လေဘယ်တပ်ရတယ် အဲ့လိုလုပ်ရတာကိုလည်းမပေးဘူး ကုန်ထုတ်စွမ်းအားမရှိလို့ဆိုပြီး တကယ်တမ်းကျတော့ အလုပ်တွေက အကုန်လုံးလုပ်နေကြရတာချည်းပဲ"လို့ အလုပ်သမားကပြောပါတယ်။

အခုလို ကျွမ်းကျင်ကြေးတွေဖြတ်တောက်လိုက်တာကြောင့် အလုပ်သမားတစ်ဦးကို အနည်းဆုံး  တစ်သောင်းကျပ်ကနေ ၃ သောင်းကျပ်အထိ လျော့ကျသွားတာဟာ စားဝတ်နေရေးအတွက် ထိခိုက်မှုတွေရှိနေတာကြောင့် ဖြတ်တောက်ထားတဲ့ ကျွမ်းကျင်ကြေးတွေကို ပြန်လည်ပေးချေစေလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

"အခက်အခဲကတော့တော်တော်ဖြစ်တာပေါ့ မလျှော့ဘူးဆိုတာတောင် ဘီသမားဆိုရင် တစ်သောင်းကျော် နှစ်သောင်း နစ်နာတယ် အေသမားဆို ၃ သောင်းကျော်လောက်နစ်နာသွားတာပေါ့ လုပ်ငန်းရှင်ဘက်ကတော့ သူတို့အတိုင်းအတာအနေနဲ့ မသိဘူး ကိုယ့်အတိုင်းအတာ နဲ့ဆိုရင်တော့ ဒီ တစ်သောင်း နှစ်သောင်းဟာ တော်တော်လေးကိုမှ အဓိပ္ပါယ်ရှိတယ်  အခုခေတ်ကာလမှာ ကုန်ဈေးနှုန်းက တအားတက်တော့ ကိုယ့်အတွက်ကတော့ အရေးကြီးပါတယ်။
အလုပ်သမားတွေအကုန်လုံးဖြတ်ခံရတာ တူတော့မတူကြဘူး အပြည့်ဘယ်သူမှမရဘူး သွားမေးတယ် အလုပ်လုပ်ရရက်သားနဲ့ ဘာလို့ ဖြတ်တောက်တာလဲ သွားမေးတော့ သူတို့က စက်ရုံတိုင်းတော့ အလုပ်လုပ်ရမှာပဲ လို့ ပြောတယ် မန်နေဂျာပြောသလိုပဲ ကုန်ထုတ်စွမ်းအားမရှိပေမဲ့ အထည်မချုပ်ရတာကလွဲလို့ ဘောင်းဘီချေမွှေးညှပ်ရတယ် လေဘယ်တပ်ရတယ်အဲ့အတွက်ကျတော့ရောလို့ မေးတော့ ပြန်ဖြေရှင်းပေးတာမရှိဘူး"လို့ ယင်းကဆက်လက်ပြောဆိုပါတယ်။

အခုလို ကျွမ်းကျင်ကြေးဖြတ်တောက်ခံရလို့ သက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာနရုံးတွေကို တိုင်ကြားချင်ပေးမဲ့ စက်ရုံကို လာရောက်စစ်ဆေးရာမှာ အမှန်အတိုင်းပြောဆိုခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။ 

"တိုင်ဖို့က တိုင်ချင်တယ် အလုပ်သမားဝန်ကြီးဌာနရုံးတွေ လေဘာရုံးတွေ လူမှူဖူလုံရေးရုံးတွေက လာတယ် မေးတယ် ဖြတ်တောက်မှုတွေရှိလား ဖူလုံရေးခွင့်တွေပေးလား မေးကြတယ် အကုန်လုံးကကြောက်ကြောက်နဲ့ အမှန်တရားအတိုင်း မပြောရဲကြဘူး  ဒီနေ့ ဇန်နဝါရီ ၇ ရက်နေ့မှာလည်းလာစစ်သွားပါတယ်။ 
ဘာတွေပြောချင်လဲဆိုတော့ ပြောချင်တာက အရာရာတိုင်းကို အမှန်အတိုင်းပဲ ဖြစ်ချင်တယ် အခုလို ဖြတ်တောက်တာတွေကို မလုပ်ဖို့ ပြောချင်တယ် အခုလို ဖြတ်တောက်ခြင်းဟာ အလုပ်သမားတွေအတွက် အဆင်မပြေမှုတွေ ရှိတယ် ခွင့်နဲ့ ပတ်သက်ရင် ဖူလုံရေးကခွင့်ပေးလိုက်တာကို ရက်မှန်ကြေးဖြတ်တာမျိုး မပေးတာမျိုးလုပ်တာလည်းရှိတယ် အဲ့လိုမျိုးမဖြစ်စေချင်ဘူး ဖူလုံရေးက မမာမကျန်းဆိုရင် ၆၀ ရာခိုင်နှုန်း မီးဖွားခွင့်ဆို ၇၀ ရာခိုင်နှုန်းပေးတာရှိတယ် အဲ့တာမျိုးတွေဆို လတွေအရမ်းကြာတာမျိုးတွေရှိတယ် အဲ့တာမျိုးတွေဆိုရင် ဖူလုံရေးမှာ ဝန်ထမ်းအင်အားနည်းလို့ ဒီလိုကြန့်ကြာတာလို့ ပြောတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။ 

လုပ်ငန်းခွင်ထဲမှာအလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ WCC ဖွဲ့စည်းထားပေမဲ့ ကျွမ်းကျင်ကြေး ဖြတ်တောက်ခံရတာနဲ့ပတ်သက်လို့ တစုံတရာတုန့်ပြန်တာ မရှိဘူးလို့ ဆိုပါတယ်။

"တခုပေါ့နော် သူတို့ ဆက်လက်ပြီးတော့ အော်ဒါရတယ် အခြေအနေကောင်းလို့ လည်ပတ်တယ်ဆိုရင် အဲ့ဒီလည်ပတ်တဲ့အပေါ်မှာပဲ လစာပေးနည်းစနစ်ကို ယခင်ကပေးနည်း အတိုင်းပဲပေးစေချင်တယ် ဟိုဟာဖြတ် ဒီဟာဖြတ် မဖြစ်စေချင်ဘူး လုပ်ငန်းမကောင်းလို့ ဖြတ်တာလို့ ပြောလာရင်တော့ ပေးသင့်ပေးထိုက်တာကတော့ ပေးရမှာပဲ လုံးလုံးမပေးနိုင်တော့ဘူးလား မပေးနိုင်တော့တဲ့အခြေအနေရောက်သွားရင် ပွင့်ပွင့်လင်းလင်းပြော ဥပဒေအတိုင်း ဆောင်ရွက်လို့ရတယ် အခုက ကိုယ့်ဘက်ကလည်းမပေးနိုင်ဘူး သူများကျတော့ ခိုင်းချင်တယ် အဲ့လိုပုံစံမျိုးလုပ်မယ်ဆိုရင်တော့ လက်သင့်ခံပေးလို့တော့မရဘူး"လို့ အလုပ်သမားက ပြောဆိုပါတယ်။

 

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026