ရန်ကုန်တိုင်း မြောက်ဥက္ကလာမြို့နယ် ရွှေပေါက်ကန်စက်မှုဇုန် ကနောင်မင်းသားကြီးလမ်းမှာ ဖွင့်လှစ်ထားတဲ့ Princess Power Garment (သမီးတော်စွမ်းအား)အထည်ချုပ်စက်ရုံမှာ နေ့စားသမားအဖြစ် အလုပ်သမား ၈၀ နီးပါးကို တရက် ( နံနက် ၈ နာရီမှ ညနေ ၆ ခွဲထိ) ၄၀၀၀ ကျပ်နှုန်းဖြင့်သာ ခိုင်းစေနေပြီး အထည်စံချိန်မရပါက တနင်္ဂနွေနေ့ကို အခမဲ့ဆင်းပေးနေရလို့ အလုပ်သမားတွေက ပြောဆိုပါတယ်။
မြန်မာနိုင်ငံသားပိုင်ဖြစ်ပြီး စက်ရုံတွင်းအလုပ်သမားအင်အား ၉၀၀ ကျော်နဲ့လည်ပတ်နေတာဖြစ်ပြီး ကိုရီးယားနဲ့ ဥရောပနိုင်ငံတွေကို SPAO, Laura စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်တင်ပို့တာဖြစ်တယ်လို့ ဆိုပါတယ်။
"များသောအားဖြင့်နေ့စားသမားတွေက ၃ လကနေ ၆ လအတွင်းရှိတဲ့အလုပ်သမားတွေပါ လူမှုဖူလုံရေးခံစားခွင့်လည်း မရရှိသလို ခွင့်ရက်တွေလဲမရပါဘူး စက်ရုံတွင်းထဲမှာကလေးလုပ်သားတွေလည်းရှိတယ် ချိုးဖောက်နေတာတွေ ဖိနှိပ်နေတာတွေလည်း ရှိပါတယ်" လို့ အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။
စက်ရုံတွင်းမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိသလို အလုပ်သမားအခွင့်အရေးနစ်နာဆုံးရှုံးမှုတွေရှိနေတယ်လို့ ယင်းစက်ရုံက အလုပ်သမားတွေကပြောပါတယ်။
လုပ်သက် ၃ လကျော်တဲ့ နေ့စားသမားတွေအနေနဲ့ အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်အပ်ပေးရန် နဲ့ အနည်းဆုံးအခကြေးငွေဖြစ်တဲ့ ဒေးကြေးကို ၄၈၀၀ ကျပ် တိုးမြှင့်ပေးရန် ခံစားခွင့်များကို အခြားအလုပ်သမားများနည်းတူပေးရန် အချိန်ပိုလုပ်ခတွေကို ပြန်လည်တွက်ချက်ပေးဖို့နဲ့ ဉပဒေပါ အလုပ်သမားအခွင့်အရေးတွေ ရရှိရန် တောင်းဆိုနေကြတာဖြစ်ပါတယ်။
MyanmarLabourNews